Saturday 22 November 2008

Sat Nav နဲ့ မိန်းမ


ဒီလောက် တိုးတက်နေတဲ့ ခေတ်ကြီးမှာ GPS Satellite Navigator (Sat Nav) ကို ကိုယ် တော်တော်နဲ့ မသုံးဖြစ်ဘူး။ သူများတွေ ဘယ်လောက်ညွှန်းညွှန်း ကိုယ်က ခေါင်းမာမာပဲ။ မာဆို တခြား အားကိုးစရာကလည်း ရှိသကိုး။

ဒီနိုင်ငံကို ရောက်ရောက်ချင်း သိပ်သဘောကျခဲ့တာက စနစ်တကျပြီး ပြည့်စုံတဲ့ မြေပုံတွေပဲ။ ကားလမ်း၊ ရထားလမ်း၊ မြစ်ချောင်းအင်းအိုင်၊ တူးမြောင်း၊ လည်ပတ်စရာ အထင်ကရနေရာ အကုန်နီးပါး ရှာတွေ့နိုင်တာကိုး။ မြေပုံကြည့်တတ်၊ ကြိုက်တတ်လို့ကတော့ မြို့တွင်းမြို့ပြင် ခရီးတို ခရီးရှည် သွားရတာ လွယ်မှလွယ်။ ဘယ်သူ့မှ အားကိုးစရာ၊ ဘာမှ ကြောက်စရာ မလို။ လမ်းမှာ လမ်းညွှန်ဆိုင်းဘုတ်တွေကလည်း ကောင်းတော့ ညွှန်းတဲ့အတိုင်းသာ သွား၊ ရောက်တာပဲ။

ဒီလိုနဲ့ မြေပုံရူး ကိုယ်က လမ်းလျှောက်လျှောက်၊ ကားမောင်းမောင်း မြို့သေးသေးကြီးကြီး ဘယ်သွားသွား မြေပုံကိုပဲ သုံးလေ့ရှိပါတယ်။ ကိုယ်သွားချင်တာ၊ ကိုယ်လုပ်ချင်တာကို မြေပုံပေါ်မှာ ရှာတွေ့တိုင်း ဘယ်လို ကျေနပ်မှန်း မသိဘူး။ ကိုယ် သွားရမယ့်လမ်းကို ကြိုသိနေရတာကို ကြိုက်တာ၊ ကိုယ့်ရဲ့ ထိန်းချုပ်မှု ရှိနေတာ (being in control) ကို ကြိုက်တာလည်း ပါမှာပေါ့လေ။ စာအုပ်မြေပုံကို သုံးရင်သုံး၊ မဟုတ်ရင် ခရီးအစနဲ့အဆုံး လိပ်စာနဲ့ အင်တာနက်ပေါ်က ရှာပြီး ပုံနှိပ်ထားတဲ့ မြေပုံ (route planner)ကို သုံးတာပဲ။

ကိုယ့်သူငယ်ချင်းတချို့ကတော့ မြို့ကြီးတွေ သွားတဲ့အခါ မြေပုံစာအုပ် တကိုင်ကိုင်ဆို တောသူတွေမှန်း လူသိလို့ ရှက်သတဲ့။ ကမ္ဘာလှည့် ခရီးသည်လည်း ဖြစ်နိုင်တာပဲကိုများ။ ကြံဖန်ပြီး သည်းတက်နေသေးတယ်။ ကိုယ်ကတော့ မြေပုံကိုင်ပြီး လမ်းပျောက်သလိုလိုလေး လုပ်လိုက်ရင် ကူညီမယ့်သူတွေ အလိုလို ရတာမို့ ပျော်တောင် ပျော်သေး။

မြေပုံ သုံးတာ အကန့်အသတ်တော့ ရှိတယ်။ တစ်ယောက်တည်း သွားတဲ့ ခရီးတွေမှာ ကားမောင်းနေတုံး ကြည့်လို့ မလွယ်ဘူး။ ကားတိုက်ပြီး ကိစ္စချောသွားနိုင်တယ်။ ဒါတော့ Sat Nav က သာတာ အမှန်ပဲ။ သူက တတွတ်တွတ်နဲ့ ပြောနေတာကိုး။ ကြိုလည်းပြော၊ ရောက်ခါနီးလည်းပြော၊ speed cameras ရှိတဲ့ နေရာဆိုလည်း ပြော၊ လမ်းမှားသွားလည်း ပြော၊ ရောက်မယ့် အချိန်လည်း ပြနဲ့ ကောင်းတော့ ကောင်းသား။ ဒါပေမယ့် သုံးခါစ အသားမကျလို့ အသံကို နားမထောင်ပဲ Sat Nav screen ပေါ်က မြေပုံကိုပဲ ပြူးပြူးကြီး ကြည့်နေရင်တော့ လမ်းတွေမှား၊ မီးနီတွေဖြတ်နဲ့ တော်တော် ဒုက္ခရောက်တတ်တယ်။

Sat Nav က မြေပုံထက် ဈေးလည်းကြီး၊ ကရိကထလည်း ပိုတော့ များတယ်။ Battery charging သွင်းရတယ်။ နောက်ဆုံးပေါ် မြေပုံတွေကို upgrade လုပ်ရတယ်။ သေသေချာချာ သိမ်းရတယ်။ ကားထဲမှာ မေ့ထားခဲ့လို့များကတော့ Sat Nav လည်း ဆုံး၊ ကားလည်း ဆုံး (သူခိုးက မှန်ခွဲပြီး ယူလို့ပါ) ။ အဆင်မသင့်လို့ ကားမောင်းနေတုံး hang သွားရင် လမ်းခွတ်လပ်မှာ လမ်းပျောက်ပြီး ဒုက္ခနဲ့ လှလှ တွေ့တတ်သေး။ ဒါက ဖြစ်ခဲပါတယ်။ ခြုံကြည့်ရင် ကောင်းကွက်က ဆိုးကွက်ထက် သာတယ် ဆိုရမှာပေါ့။

ကိုယ်က စပ်စုတော့ မိန်းမတွေထက် sense of directions ပိုကောင်းတဲ့ ယောက်ျားတွေ Sat Nav မသုံးကြဘူးလား နည်းနည်းပါးပါး စနည်းနာကြည့်မိတယ်။ သူတို့က တစ်နေရာ တစ်ခါ သွားဖူးရင် မှတ်မိကြတာ များပြီး သူများ ပြောတဲ့ လမ်းညွှန်ဆိုလည်း ချက်ချင်း သိတတ်ကြလို့လေ။ အဲလိုတော့လည်း မဟုတ်ပြန်ဘူး။ မိန်းမတွေ အ၀တ်အစား၊ ဖိနပ်၊ ပိုက်ဆံအိတ် ကြိုက်သလို အမျိုးသားများက ခေတ်ပေါ်ပစ္စည်း gadgets လေးတွေ ကြိုက်တတ်တဲ့ သဘာဝ ရှိတော့ သူတို့လည်း Sat Nav သုံးတာပါပဲ။

ဒါပေမယ့် တချို့သော ယောက်ျားတွေကတော့ Sat Nav ကို တပ်ထားပေမယ့် စက်က ညွှန်တဲ့အတိုင်း သွားချင်မှ သွားတာ။ သူတို့ သိတဲ့လမ်းက ပိုကောင်း သို့မဟုတ် ပိုရှင်း သို့မဟုတ် ပိုတိုပါသတဲ့ ဆိုပြီး မောင်းချင်သလို မောင်းလေရော။ Sat Nav မှာ “take the next exit” တို့ “make a U-turn at next junction” တို့ အော်နေရတာပဲ။ အော်လည်း အော်အော်၊ Sat Nav အသံ လူကြားတာပဲ ရှိတယ်။ သူတို့က တော်တော့်ကို နေနိုင်ကြတာ။ ဂရုမစိုက်တဲ့အပြင် “ပစ်ထားလိုက်။ နောက်တော့လည်း ကိုယ်မောင်းတဲ့လမ်း သူ လိုက်ပြောင်းတွက်ရမှာပဲ” တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ Sat Nav ခမျာ သူ့စကား နားမထောင်တာ ကြာလာတော့ အားမတန် မာန်လျှော့ပြီး လမ်းခရီးကို ပြန်တွက် (re-calculating route) လုပ်လိုက်ရတာနဲ့ပဲ ဇာတ်သိမ်းသွားရှာရော။ မှတ်သားရပါဘိခြင်း။

ကိုယ် တွေးနေတာ။ ယောက်ျားတွေက Sat Nav ကို မိန်းမတွေလို သဘောထားတာလား။ မိန်းမတွေကို Sat Nav လို သဘောထားတာလား။ မိန်းမနဲ့ Sat Nav တူနေတဲ့ ယေဘူယျသဘောတွေ ရှိနေလို့လား။ အင်း.....တစ်ခုခုတော့ တစ်ခုခုပဲ။