စိတ်ရောဂါကို ကုတဲ့နေရာမှာ တခြားရောဂါတွေ ကုသလိုပဲ ပြင်ပလူနာ၊ အတွင်းလူနာ ဆိုတာ ရှိပါတယ်။ စိတ်ရောဂါ အထူးကုဆီ သွားလိုက်တာနဲ့ “အရူး” လို့ သတ်မှတ်ခံရပြီး “အရူးထောင်”မှာ တစ်သက်တာ သော့ခတ်ထားခံရတော့မယ်လို့ လူများစုက မသိသား ဆိုးရွားစွာ ထင်တတ်ကြပါတယ်။ (ဒီအသုံးအနှုန်းတွေကို ကျွန်မ အလွန် စက်ဆုပ်ပါတယ်။ ဒါဟာ ဝေဒနာ ခံစားနေရတဲ့ လူနာတွေနဲ့ ဆက်စပ်သုံးစွဲစရာ ဝေါဟာရတွေ မဟုတ်ပါဘူး) အနာနဲ့ဆေး တွေ့နိုင်ရေးမှာ အဟန့်အတား ဖြစ်တဲ့ ဒီအယူအဆမှားကို ဒီနိုင်ငံမှာတောင် တိုက်ဖျက်နေရတုံးပါ။ ကုသင့်တာကု၊ ပျောက်သင့်တာပျောက်၊ ပုံမှန်ဘ၀ ပြန်ရောက်နိုင်ကြဖို့က အဓိက မဟုတ်လား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူကေက အခြေခံ အဆောက်အဦနဲ့ လုပ်ထုံးလုပ်နည်းလေးတွေအကြောင်း ပြောပြချင်ပါတယ်။ ဟိုးအစကနေ ပြောမှ ဇာတ်ရည်လည်မယ် ထင်တယ်။
လူတစ်ယောက်ဟာ တစ်နေရာမှာ နေထိုင်ပြီ ဆိုတာနဲ့ သူနေတဲ့ ရပ်ကွက်ရဲ့ အထွေထွေ ဆရာဝန် ဆေးခန်း (General Practitioner's Surgery) တစ်ခုခုမှာ သွားပြီး မှတ်ပုံတင် ရပါတယ်။ (US မှာတော့ Family Medicine Clinic လို့ ခေါ်မယ် ထင်တယ်) ဒီလို လူနာတစ်ယောက် မှတ်ပုံတင်တဲ့အခါ အစိုးရက GP ကို သတ်မှတ်ထားတဲ့ ငွေပမာဏတစ်ခု ချပေးပါတယ်။ ဒါကို လိုသလို သုံးပေါ့။ မှတ်ပုံတင်ပြီးရင် ဆေးစစ်ဖို့ ဆေးခန်းက သူနာပြုနဲ့ တွေ့ရပါတယ်။ လိုအပ်တဲ့ အခြေခံ ကျန်းမာရေးစစ်တမ်းနဲ့ သွေး၊ ဆီး နမူနာ ယူပြီး စစ်ဆေးတာပါပဲ။ နောက် ဆရာဝန်နဲ့ တွေ့ဖို့ ရက်ချိန်း ယူရတယ်။ ရောဂါ မရှိတဲ့၊ သာမန် လူနာသစ်ဆို တွေ့ချိန် ဆယ်မိနစ်လောက်ပဲ ရပါတယ်။ ဆရာဝန်က ပုံမှန် စစ်ဆေးပြီး Baseline data ယူလိုက်တဲ့ သဘောပေါ့။ ဒါဆို National Health Service မှာ နာမည်ပေါက်သွားပြီ။ ဆေးကုလို့ ရသွားပြီ ဆိုပါတော့။ မကြာခင်မှာ အိမ်ကို NHS registration number ပါတဲ့ NHS card စာတိုက်ကနေ ရောက်လာမယ်။
ယူကေမှာ GP တွေဟာ ပဏာမ ကျန်းမာရေး ကဏ္ဍ (Primary Care) ရဲ့ မဏ္ဍိုင်တွေ ဖြစ်ပါတယ်။ အခရာ အဓိက ရှေ့တန်းလုပ်သားတွေပေါ့။ အစိုးရက အားပေးပါတယ်။ အလုပ်လည်း သိပ်များတယ်။ လူနာတွေ တန်းစီကြည့်ရတာပဲ။ စာရင်းဇယား စနစ်ကောင်းတော့ ဆယ်မိနစ်ဟာ တော်ရုံကိစ္စအတွက် လုံလောက်ပါတယ်။ GP တွေကို အစိုးရက နှစ်စဉ် targets တွေ ချပေးထားတယ်။ ဆီးချိုရောဂါရှင် ဘယ်နှစ်ယောက်ကို ကျောက်ကပ် ပျက်စီးမှု စစ်ပြီး ဖြစ်ရမယ်၊ သားအိမ်ခေါင်း ကင်ဆာရောဂါ စစ်ဆေးခြင်း (cervical smear) ဘယ်လောက် ယူထားရမယ် စသဖြင့်။ အစိုးရက ပြည်သူ့ကျန်းမာရေး ပညာရှင်တွေ အပါအ၀င် ဆေးပညာရှင်တွေနဲ့ တိုင်ပင်ပြီး ကျန်းမာရေး ရည်ရွယ်ချက် လုပ်ငန်းစဉ်တွေကို ပုံမှန် ချမှတ်၊ အသစ်ပြောင်းလေ့ ရှိပါတယ်။ ပြီးရင်လည်း ဘယ်လောက် ထိရောက်လဲ တိုင်းတာပါတယ်။ ပြည်သူ့ဘဏ္ဍာကို သုံးတာမို့ ဖြေရှင်းရ၊ အကြောင်းပြရတာပေါ့။ လုပ်ချင်သလို လုပ်ခွင့် မရှိဘူး။ ပြည်သူက တင်မြှောက်ထားပြီး ပြည်သူ့အတွက် တာဝန်ယူ စောင့်ရှောက်တဲ့ အစိုးရကိုး။
လူနာတစ်ယောက် နေမကောင်းဘူးဆိုရင် GP ဆီပဲ သွားရပါတယ်။ အရေးပေါ် နာကျင်မှု၊ ထိခိုက်မှုနဲ့ သွေးထွက်သံယိုက လွဲရင်ပေါ့။ GP surgery တွေက မနက် ရှစ်နာရီကနေ ညနေ ခြောက်နာရီထိ ဖွင့်ပါတယ်။ ခုနောက်ပိုင်း တချို့ ဆေးခန်းတွေက အလုပ်လုပ်သူတွေ အဆင်ပြေအောင် ည ရှစ်နာရီလောက်ထိ ဖွင့်ပေးတဲ့ရက် ရှိပါတယ်။ စနေနေ့ဝက်လည်း ဖွင့်ပေးလာကြတယ်။ ကိုယ်ကိုယ်တိုင် ဆရာဝန် ဖြစ်နေလည်း ကိုယ့်ဖာသာကိုယ် ဆေးလက်မှတ်ရေး ကုလို့ မရပါဘူး။ ရေးမယ်ဆိုရင်တော့ ရပါတယ်။ ဒါပေမယ့် Pharmacy ရောက်တဲ့အခါ Pharmacist ရဲ့ ယဉ်ကျေးစွာ စစ်ကြောခြင်းကို ခံရတာပါပဲ။ သူက မေးခွင့် ရှိတယ်လေ။ ဆေး (အထူးသဖြင့် ပဋိဇီဝဆေး antibiotics) တွေကို အရမ်းကာရော လျှောက်သုံးနေရင် ဆေးယဉ်တာ၊ ဆေးမတိုးတာတွေ ဖြစ်လာနိုင်ပြီး အပ်နဲ့ထွင်ရမှာကို ပေါက်ဆိန်နဲ့ ပေါက်ရတဲ့ အဖြစ်မျိုး ရောက်သွားမှာပေါ့။ “ငါ ဆရာဝန်ပဲ။ လာလျှာရှည် မနေနဲ့” လို့ ဟောက်လိုက်လို့ကတော့ ပြဿနာ တက်ပြီသာမှတ်။ သူ့တာဝန် သူလုပ်တာကို သွားနှောက်ယှက်တာကိုး။ Zero tolerance policy နဲ့ တွေ့သွားမယ် (၀န်ထမ်းများအပေါ် နှုတ်အားဖြင့် ရိုင်းပျခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းကို သည်းမခံပါဘူး။ သက်ဆိုင်ရာဌာနက တာဝန်ယူ စောင့်ရှောက်ပါတယ်)
GP က သူ ကုနိုင်တာ သူ ကုတယ်။ မနိုင်ဘူး ထင်တာတွေ၊ အထူးကုရဲ့ ကျွမ်းကျင်မှု လိုတာတွေကို ဒုတိယအဆင့် (Secondary Care) ကို လွှဲပါတယ်။ ဆေးရုံက ဘာသာရပ်ဆိုင်ရာ အထူးကုများဆီကိုပေါ့။ ဥပမာ လူကြီးရောဂါ အထူးကု၊ ကလေးအထူးကု၊ အမျိုးသမီးရောဂါ အထူးကု၊ စိတ်ရောဂါ အထူးကု စသဖြင့်။ ဒီအထူးကုတွေကမှ နောက်ထပ် အထူးအထူးကု (super-specialist) တွေဆီ လိုအပ်ရင် ထပ်လွှတ်ပါတယ်။ ဒါက တတိယအဆင့် (Tertiary Care) ပါ။ ဥပမာ အိပ်စက်ခြင်းဆိုင်ရာ ရောဂါများ အထူးကုဌာန (Sleep and related disorders clinic)
ဒုတိယအဆင့်မှာ GP referral ရပြီးရင် ဆေးရုံထိုင် အထူးကုများက ဒီလူနာကို ပြင်ပလူနာစာရင်းမှာ ဘယ်လောက်စောစော ကြည့်ရမလဲ ဆုံးဖြတ် ထည့်သွင်းပါတယ်။ အရေးကြီးရင် ကြီးသလို စောစောခေါ်ကြည့်ရတာပေါ့။ စိတ်ရောဂါ အထူးကု ဆေးရုံကတော့ ပြင်ပလူနာသစ်တစ်ယောက်ကို တစ်နာရီ အချိန်ပေးပါတယ်။ အစအဆုံး မေးမြန်းစစ်ဆေးရလို့ပါ။ (ပုံမှန် စားပွဲ+ကုလားထိုင်နဲ့ပဲ ထိုင်ပြီး မေးတာပါ။ Sigmund Freud လို၊ Basic Instinct 2 ထဲကလို လူနာက ကုလားထိုင်ရှည်ကြီးမှာ လဲလျောင်းပြီး တွေးမိတွေးရာတွေ ပြောတာကို ဆရာဝန်က သရုပ်ခွဲတာမျိုး မဟုတ်ပါဘူး) ဒီ appointment ကို လူနာက အကြောင်းမကြားပဲ ပျက်ကွက်ခဲ့ရင် တချို့ team တွေက တခါတည်း discharge လုပ်ပါတယ်။ အလုပ်များတဲ့ team မှာ တခြားလူနာ တစ်ယောက် ရနိုင်တဲ့ အခွင့်အရေးကို လာဖြုန်းလို့ပါ။ ပိုက်ဆံ မပေးရတဲ့ စနစ်မှာ ဒါလေးတွေ ရှိပါတယ်။ အချိန်ကို တန်ဖိုး မထားတတ်တာပေါ့။ အလကား ရနေတာကိုး။ တချို့ team ကတော့ ဒုတိယအကြိမ် outpatient appointment ထပ်ပေးပါတယ်။ ခု နောက်ပိုင်းတော့ ဒါမျိုး ရှားလာပါပြီ။ စောင့်ဆိုင်းနေရတဲ့ လူနာတွေ ရှိတော့ Waiting list ကို မြန်မြန် ဖြိုဖို့ လိုသေးတယ်လေ။
ဒီနေရာမှာ team တွေကြား လူနာကို ဘယ်လို ခွဲလဲ ဆိုတာ ပြောပြချင်သေးတယ်။ အတိုင်ပင်ခံ ဆရာဝန်ကြီး (Consultant) တစ်ယောက်ဟာ ပျမ်းမျှ လူဦးရေ ၁၅၀၀၀-၂၀၀၀၀ ကို တာဝန်ယူရပါတယ်။ (လူနာဦးရေ မဟုတ်ဘူးနော်) လောလောဆယ်စနစ်မှာ ဒါကို GP ပေါ် မူတည်ပြီး ခွဲပါတယ်။ Consultant တစ်ယောက်ဟာ ဒီနယ် သို့မဟုတ် မြို့အပိုင်းက GP surgeries ဘယ်နှစ်ခုက လာသမျှ လွှဲစာ(referrals) တွေကို တာဝန်ယူမယ် ဆိုတာမျိုးပေါ့။ သူ့လက်အောက်မှာ သင်ယူဆဲ တပည့် ဆရာဝန် အငယ် (junior trainee doctor) တစ်ယောက် ပုံမှန် ရှိတတ်ပါတယ်။ အောက်ခြေသိမ်း လုပ်ရတဲ့ သာဝကလေးပေါ့။ ပိုကြီးတဲ့ team တွေကတော့ အတွေ့အကြုံရှိ အလတ်တန်းစား အလုပ်မျှဝေသူ ဆရာဝန် (service-providing middle grade doctor) တစ်ယောက်ပါ ရှိပါတယ်။ ဒါက သူ့ဆုံးဖြတ်ချက် သူ ချနိုင်တဲ့ ၀ါရင့်တွေ များပါတယ်။ Consultant အတွေ့အကြုံ ရင့်ရင်ရင့်သလို သူ့ဆီမှာ လာဆည်းပူးတဲ့ အဆင့်မြင့်တပည့် (higher grade trainee) တစ်နည်းအားဖြင့် consultant ဖြစ်ဖို့ သင်ယူနေသူ တစ်ယောက်လည်း အလှည့်ကျ ရှိတတ်ပါသေးတယ်။ ဒီလို team တစ်ခုကို အထောက်အကူပြုတဲ့ community teams (standard/ crisis resolution), hosptial-based multi-disciplinary teams တွေ ရှိပါတယ်။ Psychiatric nurses (ward-based/ community-based), Occupational Therapist, Physiotherapist, Social Worker တွေ ပါတာပေါ့။ ကိုယ့်တာဝန် ကိုယ် ခွဲလုပ်ကြရပါတယ်။
လူနာတိုင်းကို outpatient အနေနဲ့ လက်ခံပြီး ကြာရှည်ဆွဲ ကြည့်တာ မဟုတ်ပါဘူး။ တချို့က GP ပဲ ကောင်းကောင်း ဆက်ကြည့်လို့ ရနိုင်တဲ့ ရိုးရိုးရှင်းရှင်း စိတ်ဓာတ်ကျရောဂါ (uncomplicated depression) လိုမျိုးဆိုရင် လူနာနဲ့ GP ကို လိုအပ်တာလေး ရှင်းပြညွှန်ကြားပေးပြီး outpatient list ကနေ discharge လုပ်ပါတယ်။ ဒီလို မဟုတ်တဲ့ ခက်ခဲနေတဲ့၊ တိုးတက်မှု မရှိတဲ့ ရောဂါ ဆိုရင်တော့ အချိန်အပိုင်းအခြားနဲ့ ပြန်ခေါ်ကြည့်ပါတယ်။ တစ်ပတ်၊ နှစ်ပတ်ကနေ ခြောက်လထိ ခြားပြီး ရက်ချိန်းပေးပါတယ်။ ဆေးပေးရင် ဆေးကို တုံ့ပြန်မှု ဘယ်လို ရှိလဲ၊ ဆေးမပေးသေးရင်လည်း မပေးပဲ နေရင် ဘာဖြစ်မလဲ သိရအောင် စောင့်ကြည့်ခြင်း monitoring ပေါ့။ လိုအပ်ရင် crisis resolution team, home treatment team တွေရဲ့ ပံ့ပိုးမှု ရယူနိုင်ပါတယ်။ သူတို့က လူနာကို အိမ်အရောက် သွားကြည့်စောင့်ရှောက်တယ်ပေါ့။ လူနာက ဆေးသောက်စရာလည်း မလိုတော့ဘူး၊ ကောင်းလည်း ကောင်းလာပြီဆိုရင်တော့ GP ဆီကို discharge လုပ်တာပါပဲ။ နောက်လိုမှ ပြန်လွှဲ re-refer လုပ်ပေါ့။ Intake ရှိသလို output ရှိမှ team တစ်ခု ထိထိရောက်ရောက် လည်ပတ်နိုင်မှာကိုး။
လူနာတစ်ယောက်ကို ဘယ်နှစ်ကြိမ်ပဲ ကြည့်ကြည့် လူနာနဲ့ တွေ့တိုင်း GP ဆီကို စာရေးအကြောင်းကြားရပါတယ်။ လူနာရဲ့ မူလပိုင်ရှင် ဆရာဝန်က GP ကိုး။ သူ့လူနာကို ဘာလုပ်လိုက်လဲ သူ့ကို ပြောရမယ်။ ဒါမှ သူက ဆေးစာ ဆက်ရေးပေးမှာပါ။ နောက်ပိုင်း အမျိုးသား ကျန်းမာရေးစနစ် တစ်ခုလုံး all computerised လုပ်ဖြစ်ရင်တော့ ဒီလိုစာတွေ ပို့ဖို့ လိုချင်မှ လိုတော့မယ်။ အချက်အလက်အသစ်တွေကို computer network system မှာ အသိပေးလိုက်၊ ရှာကြည့်လိုက်ရုံပဲကိုး။ ဒါကို National Health Service ကြီးတစ်ခုလုံးမှာ လုပ်ဖို့က အတော် မလွယ်တဲ့ ကိစ္စပါ။ NHS ဟာ ကမ္ဘာပေါ်မှာ တရုတ်စစ်တပ်နဲ့ အိန္ဒိယ မီးရထားဌာန ပြီးရင် တတိယ အကြီးဆုံး အဖွဲ့အစည်း ဖြစ်နေလို့ပါပဲ။ Computer ကို အားကိုးရတာ ကောင်းသလို၊ တစ်ခုခု မှားသွားရင် (hack အလုပ်ခံရရင်၊ data file တွေ ပျောက်သွားရင်) confidentiality လူနာအကြောင်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားနိုင်တဲ့ ပြဿနာ ရှိပါတယ်။ ထားပါတော့။
Hospital specialist နဲ့ GP ကြား communication ကောင်းကြပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး ပြောရရင်တော့ မှတ်တမ်းမှတ်ရာ စာရွက်စာတမ်းတွေက အတော် များပါတယ်။ ဆေးရုံမှာ သိမ်းထားတဲ့ လူနာမှတ်တမ်း ဖိုင်တွဲကြီးထဲမှာ အသေးစိတ် မှတ်တမ်းတင်ရတယ်။ နောက်နောင် လိုအပ်ရင် medico-legal document အဖြစ် သုံးမှာ ဖြစ်လို့ အရေးကြီးတဲ့ အချက်တွေကို အဓိက ဂရုစိုက်ရတာပေါ့။ လူနာတစ်ယောက်ကို ကြည့်ပြီးတိုင်း dictaphone လို့ ခေါ်တဲ့ ကက်ဆက်အသေးလေးထဲမှာ ကိုယ် ရေးချင်တာကို အသံသွင်းပေးရတယ်။ ဒါကို medical secretary က စာပြန်ရိုက်ပါတယ်။ လူနာသစ်ဆိုရင် ဒီလို စာတစ်စောင်ဟာ ပျမ်းမျှခြင်းအားဖြင့် A4 size paper သုံးမျက်နှာ ရှည်လျားတယ်။ (တခြားဘာသာရပ် ဆရာဝန်တွေရဲ့ စာတွေထက် အနည်းဆုံး နှစ်ဆ ပိုရှည်တယ် ဆိုပါတော့) စိတ်ဆရာဝန်များ လျှာရှည်တယ်လို့ ဆိုကြတာ ဒါတွေကြောင့် ပါပါတယ်။ သို့သော် စိတ်ရောဂါမှာ အဓိက investigation က သွေးဖောက်၊ ဓာတ်မှန်ရိုက်ခြင်း မဟုတ်ပဲ လူနာနဲ့ စကားပြောခြင်း၊ စောင့်ကြည့်ခြင်းကို အခြေခံတာမို့ ဒီလို တရှည်တဝေး ရေးရခြင်း ဖြစ်ပါတယ်။
ဆက်လက် ရေးသားပါမယ်။ ကြာကောင်း ကြာနိုင်ပါတယ်။ သည်းခံကြပါ။