Tuesday 9 December 2008

စိတ်ရောဂါ ဝေဒနာရှင်များကို ဥပဒေဖြင့် ကာကွယ်ခြင်း


ဆေးပညာလောကမှာ ကျင့်သုံးတဲ့ သမားကျင့်ဝတ်ဝိနည်း (Medical Ethics) တွေဟာ အနောက်တိုင်း တွေးခေါ် ဒဿနပညာကို အခြေခံပြီး၊ လူနာဖက်က ရပ်တည်ပါတယ်။

အဓိက သမားကျင့်ဝတ်ဝိနည်း လေးသွယ် (Four Principles of Medical Ethics) ကတော့
၁။ လူနာ၏ ကောင်းကျိုးကို ရှေးရှုခြင်း (Beneficence/ Do good)
၂။ လူနာ၏ ဆိုးကျိုးကို ရှောင်ကြဉ်ခြင်း (Non-maleficence/ Do no harm)
၃။ လူနာရဲ့ အချုပ်အချာပိုင်မှု တစ်နည်းအားဖြင့် သူ့ဘ၀အတွက် သူဆုံးဖြတ်နိုင်မှုကို လေးစားရခြင်း (Respect for autonomy)
၎။ လူနာတွေအပေါ် မျှတရခြင်း (Justice) တို့ ဖြစ်ပါတယ်။

တစ်ခါတရံ ဒီလေးခု အချင်းချင်း ထိပ်တိုက်တွေ့တဲ့အခါမျိုးမှာတော့ လူနာရဲ့ အချုပ်အချာပိုင်မှုကို လေးစားရခြင်း (Respect for autonomy) က ရှေ့တန်းတင်ခံရတာ များပါတယ်။ ဆရာဝန်က ဘယ်လောက် ကောင်းတယ်ထင်ထင် လူနာမှာ စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိလို့ကတော့ လူနာရဲ့ ရွေးချယ်မှုကသာ အတည်ဖြစ်ပါတယ်။ ရောဂါ ရှည်ညောင်းစေမယ့် ဆေးမျိုး၊ ကုထုံးမျိုးကို ဆရာဝန်က လူနာရဲ့ ကောင်းကျိုးကို ရှေးရှုပြီး ညွှန်းပေမယ့် လူနာက အကြောင်းကြောင်းကြောင့် (ဥပမာ ကင်ဆာဆေး chemotherapy ဆိုရင် ဆေးကြောင့်ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံစားနိုင် မခံစားချင်လို့) ငြင်းဆန်တာမျိုးပေါ့။ သေသေချာချာ (အကျိုးအပြစ် စေ့ငအောင်) ရှင်းပြဆွေးနွေးပြီးသားတော့ ဖြစ်ရပါမယ်။

လူနာရဲ့ ရွေးချယ်မှုနဲ့ ဆန့်ကျင်ပြီး ကုသခွင့် ရှိတာ စိတ်ရောဂါ ဝေဒနာသည်တွေကို ကုသတဲ့နေရာမှာပါ။ သဘောကတော့ စိတ်ရောဂါကြောင့် ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်း မရှိတဲ့ အချိန်ကာလ တစ်ခုအတွင်း (တစ်နည်းအားဖြင့် ရောဂါဖောက်နေခိုက်) ဆရာဝန်က လူနာကိုယ်စား ဆုံးဖြတ်ပြီး ကုသင့်တာကို ကုပေးတဲ့သဘောပါ။ ဒါပေမယ့် လုပ်ချင်တိုင်း အရမ်းကာရော လုပ်လို့ မရပါဘူး။ ဖြစ်ရိုးဖြစ်စဉ်နဲ့ မူကွဲနေတဲ့ လုပ်ရပ်မှာ လူနာရော၊ ဆရာဝန်ပါ vulnerable (အကာအကွယ်မဲ့၊ မလုံမခြုံ) ဖြစ်တတ်ပါတယ်။

စိတ်ရောဂါဝေဒနာရှင်တွေဟာ ယေဘုယျအားဖြင့် လူ့အသိုင်းအ၀ိုင်းရဲ့ ပယ်ခြင်း ကြဉ်ခြင်းကို ခံရပြီးသား ဖြစ်ပါတယ်။ မြေနိမ့်ရာ လှံစိုက်တာမျိုး မဖြစ်ရအောင် စိတ်ရောဂါ ဝေဒနာရှင်များကို ကာကွယ်တဲ့ ဥပဒေတွေ ရှိပါတယ်။ နိုင်ငံတိုင်းမှာတော့ မဟုတ်ပါဘူး။ ယူကေမှာဆိုရင် စကော့တလန်မှာ တစ်မျိုး၊ အင်္ဂလန်နဲ့ ဝေလနယ်မှာ တစ်မျိုး၊ မြောက်ပိုင်း အိုင်ယာလန်မှာ တစ်မျိုး နည်းနည်းစီ ကွဲပါတယ်။ ကျွန်မသိတဲ့ အင်္ဂလန်နဲ့ ဝေလနယ်က လုပ်ထုံးလုပ်နည်းကို နည်းနည်း ပြောပြချင်ပါတယ်။

Mental Health Act ရှိတဲ့အတွက် စိတ်ရောဂါ ခံစားနေရတဲ့ လူတစ်ယောက်ကို သူ့ဆန္ဒကို ဆန့်ကျင်ပြီး ဥပဒေအရ ဆေးရုံတင် ဆေးကုနိုင်တဲ့ အခွင့်အရေး ဆရာဝန်မှာ ရှိသလို၊ လူနာမှာလည်း ဒီကိစ္စအပေါ် စိန်ခေါ်အယူခံနိုင်ခွင့်ကို သူ့အခွင့်အရေးအနေနဲ့ အလိုအလျောက် ရပါတယ်။ ဥပဒေသာ မရှိခဲ့ရင် ဒီလို လုပ်ပိုင်ခွင့် ရှိတာကို လူနာတွေ သိချင်မှ သိ၊ ရချင်မှ ရမှာပေါ့။ တခြားလမ်းကြောင်းကနေ အယူခံတော့လည်း အချိန် ပိုကြာရင် ကြာမယ်။ ဒါမှမဟုတ် ဆေးရုံပေါ် မူတည်လို့၊ လူနာ မျက်နှာ ရှိ၊မရှိပေါ် မူတည်လို့ တုံ့ပြန်ရလဒ်ချင်း မတူတာမျိုးလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။

လူတစ်ယောက်ဟာ စိတ်ပူရလောက်အောင် စိတ်ဖောက်ပြန်လာရင် အများအားဖြင့် အဲဒီလူရဲ့ မိသားစုက မိသားစု ဆရာဝန် (General Practioner-GP) ကို အကြောင်းကြားတတ်ပါတယ်။ မိသားစုဆရာဝန်က ပဏာမ သွားကြည့်ပြီး ဒီလူဟာ တခြားရောဂါ မဟုတ်ပဲ စိတ်ရောဂါကြောင့် ဒီလို ဖြစ်နေတယ်၊ တကယ်လည်း နောက်တစ်ဆင့် စစ်ဆေးဖို့ လိုအပ်နေပြီလို့ ထင်ရင် Mental Health Act assessment လို့ခေါ်တဲ့ အထူးစစ်ဆေးမှုအတွက် တာဝန်ကျ လူမှုဝန်ထမ်း အရာရှိ (Approved Social Worker - ASW) ကို အကြောင်းကြားပါတယ်။ များသောအားဖြင့် ဒီလိုစစ်ဆေးမှုဟာ ဒီလူ(လူနာ)ရဲ့ အိမ်မှာ ဖြစ်တတ်ပါတယ်။ လူနာက အရမ်းကြီး သောင်းကျန်းမနေဘူး၊ သူ့မိသားစုကလည်း စစ်ဆေးမယ့်အဖွဲ့ မလာမချင်း လူနာကို စောင့်ရှောက်ပေးဖို့ လိုလားစိတ်ချတယ် ဆိုရင်ပေါ့။

အဲဒီလို မဟုတ်ပဲ လူနာက ရောဂါကြောင့် အနားက မိသားစုဝင်တွေကို ရန်ပြုခြိမ်းခြောက်နေမယ် ဆိုရင်တော့ မိသားစုဆရာဝန် သို့မဟုတ် မိသားစုကိုယ်တိုင်က ရဲကို အကြောင်းကြားပါတယ်။ ရဲက “လုံခြုံစိတ်ချရရာ နေရာ” (ဥပမာ ဆေးရုံ အရေးပေါ်ဌာန သို့မဟုတ် များသောအားဖြင့် ရဲစခန်း) ကို ခေါ်သွားရပါတယ်။ ရဲစခန်းရောက်ပြီးတဲ့အခါ တာဝန်ကျ လူမှုဝန်ထမ်း အရာရှိ (ASW) ကို ခေါ်ပါတယ်။ ဒီလို မဟုတ်ပဲ လမ်းပေါ်မှာ လျှောက်ရမ်း သို့မဟုတ် အန္တရာယ် မရှောင် လျှောက်သွားနေလို့ ရဲကဖမ်းလာတဲ့လူ ဆိုရင်လည်း မှုခင်းဆရာဝန်က အရင် စစ်ဆေးပြီး စိတ်ရောဂါကြောင့် ဖြစ်နိုင်တယ်-လို့ ထင်ရင် အထက်ကလိုပဲ ASW ကို ချက်ချင်း ခေါ်ရပါတယ်။

လူနာက တစ်ယောက်တည်း နေပြီး ဘယ်သူ့ကိုမှ အတွေ့မခံ (ဥပမာ လူတွေက သူ့ကို လုပ်ကြံဖို့ နောက်ယောင်ခံနေတယ်-လို့ ရောဂါကြောင့် ယုံကြည်နေ)တာမျိုးဆိုရင် လူနာရဲ့အိမ်ကို ခွင့်ပြုချက် မပါပဲ ၀င်ဖို့ ၀ရမ်း လိုပါတယ်။ ဒီဝရမ်းရဖို့ကို ASW က တာဝန်ကျ တရားသူကြီး (Magistrate) ကို ဆက်သွယ်ပါတယ်။

ASW က Mental Health Act assessment လို့ခေါ်တဲ့ အထူးစစ်ဆေးမှုကို စီစဉ်တဲ့အခါ တစ်ဆေးရုံစီက လာတဲ့ လွတ်လပ်သော ဆရာဝန်နှစ်ဦး (two independent doctors) ကို ရှာရပါတယ်။ အကြောင်းကတော့ ပင်းထားတာ မဟုတ်တဲ့၊ မျှတတဲ့ သဘောထားအမြင်ကို လိုချင်လို့ပါပဲ။ ဒီဆရာဝန်နှစ်ယောက်မှာ အနည်းဆုံးတစ်ယောက်က အတွေ့အကြုံရှိ စိတ်ရောဂါကု ဆရာဝန် ဖြစ်ပါတယ်။ ကျန်တစ်ယောက်ကတော့ ဒီလို အထူးစစ်ဆေးမှုတွေအတွက် လေ့ကျင့်ပေးထားတဲ့ အတွေ့အကြုံရှိ (General Practioner-GP) ဖြစ်တာ များပါတယ်။ တစ်ခါတလေတော့ အတွေ့အကြုံရှိ စိတ်ရောဂါကု ဆရာဝန် နှစ်ယောက် ဖြစ်တတ်ပါတယ်။ တစ်ဆေးရုံတည်းက မဖြစ်ရပါဘူး။

သုံးယောက်ဆုံရင် လူနာနဲ့ တွေ့ဆုံစစ်ဆေးမှု လုပ်ပါတယ်။ ရဲစခန်းမှာ ဆိုရင်တောင် လူနာကို ချုပ်နှောင်မထားပါဘူး။ Interview အခန်းထဲ ခေါ်၊ မိတ်ဆက်၊ လက်ဆွဲနှုတ်ဆက်ပြီး အေးအေးဆေးဆေး မေးမြန်းတာပါပဲ။ လူနာကလည်း များသောအားဖြင့် ကောင်းကောင်းမွန်မွန် တုံ့ပြန်တတ်ပါတယ်။ လူနာက သောင်းကျန်းနိုင်တဲ့ သာဓက ရှိရင်တော့ ရဲသားများ အခန်းဝမှာ လိုရမယ်ရ ခေါ်ထားရပါတယ်။ သိပ်သောင်းကျန်းနေရင်တော့ cell အပြင်နဲ့အတွင်း တိုတိုနဲ့ လိုရင်း အမေးအဖြေပေါ့။ ဒီလို စစ်ဆေးမှုမှာ တာဝန်ရှိသူအားလုံး ယဉ်ကျေးကြပါတယ်။

ယေဘုယျအားဖြင့် ASW ဟာ လူနာကို ကိုယ်စားပြုပြီး သူ့ရဲ့တာဝန်တစ်ခုက လူနာအတွက် အကောင်းဆုံး ဖြစ်ဖို့၊ လူနာရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ လူနာမိသားစုနဲ့ ဆက်သွယ်ပြီး သူတို့ သဘော၊ သောကတွေကို တိုက်ရိုက် နားထောင်တဲ့သူလည်း ဖြစ်ပါတယ်။ လူနာရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ဆေးရုံတင်ရတဲ့ကိစ္စ မလိုအပ်ပဲ မဖြစ်ရလေအောင် ကြိုးစားတတ်ပါတယ်။ လူနာကို နားဝင်အောင် အရှင်းအပြော ကျွမ်းကျင်ညက်ညောကြပါတယ်။ ဆရာဝန်နှစ်ယောက်နဲ့လည်း ကျိုးကြောင်းခိုင်လုံရင် သဘောထား ကွဲလွဲနိုင်ပါတယ်။ (ဒါက ဖြစ်တော့ ဖြစ်ခဲပါတယ်။)

စစ်ဆေးမေးမြန်းပြီးလို့ လူနာက စိတ်ရောဂါကြောင့် မဟုတ်ပဲ အရက် သို့မဟုတ် မူးယစ်ဆေးဝါးကြောင့် ခဏ ကြောင်နေတတ်တာမျိုးဆိုရင် စိတ်ရောဂါဆေးရုံကို မတင်ပါဘူး။ စိတ်ရောဂါ ရှိတယ်လို့ သိပြီးသား လူနာဟောင်း သို့မဟုတ် စိတ်ရောဂါရှိတယ်လို့ တော်တော်လေး သေချာနေတဲ့ လူနာသစ် ဆိုရင်တော့ ဆေးရုံမှာ ကုသင့်သလား၊ နေအိမ်ထိ အရောက် လာကြည့်ပံ့ပိုးမယ့် Home Treatment/ Crisis Resolution Teams တွေနဲ့ ကုသင့်သလား ဆုံးဖြတ်ရပါတယ်။ မလိုအပ်ပဲ ဆေးရုံမတင်ပါဘူး။ ရှေးပုံစံ နှစ်ရှည်လများ လှောင်ထားတဲ့ Mental Asylums/ Institutions (မြန်မာပြည်မှာတော့ အရူးထောင်လို့ ခေါ်ကြတယ် ထင်ပါရဲ့) တွေ မရှိတော့တာ ကြာလှပါပြီ။ ရောဂါဖောက်တုံး ဆေးရုံတက်ကု၊ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန် မိသားစုနဲ့ နေနိုင်ပါတယ်။ အဲဒီလို နေနိုင်အောင် ထိထိရောက်ရောက် ပံ့ပိုးနိုင်တဲ့ ဆေးရုံပြင်ပ ကုသရေးအဖွဲ့တွေ (Home Treatment/ Crisis Resolution Teams) လည်း ရှိတာကိုး။

ဆေးရုံတက်ကုမှ ဖြစ်မယ် ဆိုရင်တော့ လူနာကို အသိပေးရပါတယ်။ သူက သဘောတူရင် ဒါဟာ “မိမိဆန္ဒအလျောက် ဆေးရုံတက်ခြင်း (voluntary admission)” ဖြစ်ပါတယ်။ လူနာက သူ့မှာ ဘာရောဂါမှ မရှိဘူး၊ ဆေးရုံတက်စရာ ဆေးသောက်စရာလည်း မလိုဘူးလို့ ယုံကြည်ပြီး ငြင်းဆန်ရင်တော့ ဥပဒေ သုံးရမလား စဉ်းစားရတော့တယ်။

လူနာဟာ သူ့ရဲ့ ခုလက်ရှိ စိတ်ရောဂါ တစ်မျိုးမျိုး ခံစားနေရတဲ့ လက္ခဏာ ရှိပြီး၊ အဲဒီ လက္ခဏာတွေက
(၁) သူကိုယ်တိုင်ရဲ့ လုံခြုံမှု
(၂) သူကိုယ်တိုင်ရဲ့ ကျန်းမာရေး
(၃) အများသူငါ လူတကာရဲ့ ကောင်းကျိုး လုံခြုံမှု- ထဲက တစ်ခုခု သို့မဟုတ် တစ်ခုထက် ပိုတဲ့ အချက်တွေကို ခြိမ်းခြောက်နေသလား ဆန်းစစ်ရပါတယ်။

ဥပမာ
(၁) စိတ်ဓာတ်ကျရောဂါ အလွန်အမင်း ဆိုးနေသူတစ်ဦးက သတ်သေဖို့ ကြိုးစားတာမျိုး
(၂) စိတ်ကစဉ့်ကလျားရောဂါသည်တစ်ယောက်က သူ သောက်နေကျ စိတ်ရောဂါဆေးတွေကို သူများက အဆိပ်ခတ်ပါတယ်လို့ ယုံပြီး ဆေးမသောက်တော့လို့ ရောဂါဆိုးလာပြီး လုံးဝ မစားမသောက် မအိပ်ပဲ စိုးရိမ်စရာ ဖြစ်လာတာမျိုး
(၃) စိတ်ကြွရောဂါ ဖောက်နေသူတစ်ယောက်ဟာ သူ့ကိုယ်သူ ဂျိမ်းစဘွန်းကဲ့သို့ အထူးသူလျှိုလို့ ယုံကြည်တဲ့အပြင် နောက်က ရန်သူ လိုက်လာတယ် ဆိုပြီး ကားကို ရမ်းကားစွာ မောင်းတာမျိုးပေါ့။

အထက်မှာ ဖော်ပြခဲ့တဲ့ သုံးချက်ထဲက အနည်းဆုံး တစ်ချက်နဲ့ ညီရင် ဥပဒေကို သုံး၊ လူနာရဲ့ဆန္ဒကို ဆန့်ကျင်ပြီး စိတ်ရောဂါကုဆေးရုံကို တင်လို့ ရပါတယ်။ ဒါကို compulsory/ formal admission လို့ ခေါ်ပါတယ်။ ဒါကလည်း အချိန်ကာလ အကန့်အသတ်နဲ့ပါ။ ပုဒ်မပေါ် မူတည်လို့ စစ်ဆေးဖို့ပဲဆိုရင် အကြာဆုံး (၂၈)ရက်၊ ဆေးပါကုဖို့ဆိုရင် အကြာဆုံး (၆)လ အထိပါပဲ။ လိုအပ်ရင်တော့ ထပ်တိုးနိုင်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ထောက်ခံမယ့် အကြောင်းအရာ ခိုင်ခိုင်လုံလုံ (အထက်က သုံးချက်ထဲက အနည်းဆုံး တစ်ခု) တော့ ရှိရတာပေါ့။ လူနာကို ဒီလို ဆုံးဖြတ်တဲ့အကြောင်း သိအောင် ချက်ချင်း ရှင်းပြရပါတယ်။

ဒါဟာ လူနာအတွက် လမ်းဆုံး မဟုတ်ပါဘူး။ မကျေနပ်ရင် အယူခံ ၀င်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ဒါကိုလည်း ASW က တစ်ခါတည်း အသိပေးပါတယ်။ အဲဒီအတွက် ရှေ့နေလည်း ငှားပေးပါတယ်။ ဒီအမှုတွေကို သူ့အချိန် ကန့်သတ်ချက်အတွင်းမှာ ကြားနာရပါတယ်။ နာကြားတဲ့ ခုံအဖွဲ့(Mental Health Review Tribunal) မှာ ဥပဒေ ကျွမ်းကျင်သူ တစ်ဦး၊ စိတ်ရောဂါ အထူးကု တစ်ဦး နဲ့ အရပ်သား တစ်ဦး ပေါင်းသုံးဦး ပါဝင်ပါတယ်။ ဒီအဖွဲ့ကို အယူခံချက်ဆိုင်ရာ ဗဟိုဌာနက စီစဉ်စေလွှတ်တာ ဖြစ်ပြီး၊ တခြားအရပ်ဒေသက လာတာ ဖြစ်ပါတယ်။ လွတ်လပ်မျှတစေတဲ့ သဘောပါပဲ။

ဒီအဖွဲ့က လူနာကို လက်ရှိကုနေတဲ့ စိတ်ရောဂါပါရဂူ၊ လူနာရဲ့ လက်ရှိ သူနာပြုထဲက တစ်ဦး နဲ့ လူမှုဝန်ထမ်းအရာရှိ စုစုပေါင်း သုံးဦးရဲ့ အစီရင်ခံစာ သုံးစောင်ကို ဖတ်ပါတယ်။ လူနာနဲ့လည်း တွေ့ဆုံ စကားပြောပါတယ်။ ပြီးမှ အစီရင်ခံစာတင်တဲ့ အထက်ပါ သုံးဦး၊ လူနာ၊ သူ့ရဲ့ ရှေ့နေတို့နဲ့ မျက်နှာစုံညီ ခုံရုံးထိုင်ပါတယ်။ ဆေးရုံမှာ လာလုပ်တဲ့ ခုံရုံးပေမယ့် ဥပဒေအရ လိုအပ်ချက်တွေအတိုင်း စစ်မေးတာပါ။ ဒီခုံအဖွဲ့က လူနာကို သူ့ဆန္ဒ ဆန့်ကျင်ပြီး ဆေးရုံတင်ထားတာဟာ ဥပဒေနဲ့ မညီဘူးလို့ တွေ့ရှိရင် နဂိုပုဒ်မ ပျက်ပျယ်ပြီး လူနာလည်း သူ့သဘော သူဆောင်ခွင့် ရပါတယ်။ ဆေးရုံက ဆင်းနိုင်တယ်ပေါ့။ ကိုက်ညီရင်တော့ ဆေးကုဖို့ လိုသလောက် ဆေးရုံမှာ ဆက်နေရပါတယ်။

ဆေးရုံပေါ်မှာ ဆေးကုလိုက်လို့ လူနာက သက်သာလာပြီး ဆရာဝန်နဲ့ ပြောဆိုဆွေးနွေးနိုင်တဲ့ အခြေအနေကို ပြန်ရောက်ပြီ ဆိုရင်တော့ လူနာနဲ့ ဆရာဝန် ပွင့်ပွင့်လင်းလင်း ရှေ့ကုထုံးကို ဆွေးနွေးနိုင်ပါပြီ။ လူနာရဲ့ အချုပ်အချာပိုင်မှုကို လေးစားရခြင်း (Respect for autonomy) ပြန်တည်သွားပြီပေါ့။ လူနာကလည်း သူ့ကောင်းကျိုးအတွက်မှန်း လက်ခံလာလို့ အသာတကြည်ပဲ ဆေးရုံမှာ ဆက်နေဖို့ သဘောတူတတ်ပါတယ်။ ဒါဆို ဥပဒေ သုံးပြီး ဆေးရုံတင်ထားတဲ့ ကိစ္စကို သူ့ကို ကုနေတဲ့ စိတ်ရောဂါပါရဂူကြီးက ပယ်ဖျက်ပေးနိုင်ပါတယ်။ “မိမိဆန္ဒအလျောက် ဆေးရုံတက်ခြင်း (voluntary admission)” ပြန်ဖြစ်သွားတာပေါ့။

ဒီလောက်ဆို သာမန်လူထုရဲ့ ကြဉ်ခြင်း၊ ပယ်ခြင်းကို မသိမသာရော၊ သိသိသာသာပါ ခံရတဲ့ စိတ်ရောဂါ ဝေဒနာရှင်တွေကို ဥပဒေကပေးတဲ့ အကာအကွယ်အကြောင်း တစ်စေ့တစ်စောင်းလေး စုံသလောက် ဖြစ်သွားပါပြီ။ အရမ်းကြီး ရှုပ်ထွေးမသွားဘူးလို့တော့ မျှော်လင့်ပါတယ်။ ဟုတ်၊ မဟုတ်တော့ ရေးသွားမယ့် comments တွေကနေ ကောက်ချက် ဆွဲယူရမှာပဲ။ တခြားနိုင်ငံတွေကနဲ့ မျက်မြင် အတွေ့အကြုံတွေ ရှိရင်လည်း ကြားသိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

Friday 5 December 2008

ဘူးသီးတံဆိပ်နဲ့တံမြက်စည်း


ကိုယ် ငယ်ငယ်က မေမေက ရန်ကုန်မြို့ပြင် ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်ပြီး အပိုဝင်ငွေ ရှာပါတယ်။ အစိုးရအလုပ်က ပြီးတာနဲ့ အိမ် ကမန်းကတန်း ပြန်၊ ကော်ဖီနဲ့ မုန့်လေးစားပြီး ဆေးခန်း ပြေးရရှာတာပဲ။ ခုခေတ်လို ပေါ်လီကလင်းနစ်ကြီးတွေလည်း မဟုတ်ပါဘူး။ ဆေးခန်း ပိစိကွေးလေးပါ။ သူ့လူနာ ပရိသတ်ကတော့ မေမေမှ မေမေ။ သိပ်အားကိုး ချစ်ခင်ကြတာ။ တနင်္ဂနွေနေ့ အစားထိုင် ဆရာဝန်တွေနဲ့တွေ့ရင် တချို့က ကြိတ်မှိတ်ပြီး ပြန်သွားကြတယ်။ ခန်းဆီးကြားက ချောင်းကြည့်ပြီး၊ သူတို့ ဆရာမကြီး မဟုတ်လို့ မပြဘူး-တဲ့။

မေမေက လူနာတွေကို သေသေချာချာ ကြည့်တယ်။ ပြောစရာရှိရင် ပြောတယ်။ မလိုပဲ ဆေးမထိုး၊ ဆေးမသွင်းဘူး။ ဆွဲမကုဘူး။ ဆေးဖိုးကို မတရား မယူဘူး။ သီလရှင်၊ ဘုန်းကြီးဆို ဒါနပြု အလကား ကုပေးတယ်။ စေတနာကောင်းတော့ မေမေက ဆေးလိုက်ပါတယ်။ သူကုရင် လူနာတွေ ခဏနဲ့ သက်သာတာပဲ။ အဲ.....စိတ်တိုရင်တော့ နည်းနည်း အော်တတ်တယ်။ ဒါကလည်း ခု ပြန်တွေးကြည့်တော့ သူ့ခမျာ ပင်ပန်းရှာတယ်လေ။ သူတို့ခေတ်က သမ္မာအာဇီဝနည်းနဲ့ပဲ ငွေရှာတတ်ကြတာကိုး။ ထားတော့။

မေမေက အလုပ်လုပ်တာ စည်းစနစ် သိပ်ကျပြီး လာဘ်မြင်တယ်။ သူများက သူ့လို မဟုတ်တော့ သူ မချင့်မရဲ ဖြစ်တယ် နေမှာပေါ့လေ။ အလုပ်များတဲ့ ဆေးခန်းမှာ မေမေ အော်တာ၊ဆူတာ အခံရဆုံးကတော့ သူ့ ဆေးခန်းအကူလေးတွေပဲ။ အများစုက မေမေ့ စံနဲ့ မျှော်လင့်ချက်ကို မလိုက်နိုင်ကြလို့ ခဏခဏ လူပြောင်းရတယ်။ ဒီလိုနဲ့ ကိုတင်အောင်ဆိုတဲ့ သွက်သွက်လက်လက် ဥာဏ်ကောင်းကောင်း ရွှေတောင်သား ဆေးခန်းအကူလေး ရောက်လာတဲ့ အထိပေါ့။

ကိုတင်အောင်က မေမေ့လိုပဲ စနစ်ကျပြီး လာဘ်မြင်တော့ ဆရာတပည့် အဆင်ပြေနေလေရော။ သူက ကိုယ်တို့ တစ်ပတ်တစ်ခါ သွားနေကျ ဈေးကြီးနားမှာလည်း နေတော့ သောကြာနေ့ညဆို မေမေက ဆေးခန်းကအပြန် ကားပေါ်မှာ ဈေးစာရင်း ပေးတတ်တယ်။ ပါးစပ်နဲ့ ပြောတာကို ကိုတင်အောင်က သူ့စာအုပ်ကလေးမှာ ရေးလို့ပေါ့။ နောက်နေ့ မေမေ ဈေးသွားရင် သူက မှာထားတာတချို့ ၀ယ်ထားပေးနှင့်တော့ ကိုယ်တို့ ဈေးရောက်နောက်ကျလည်း ကိစ္စ မရှိဘူးလေ။ ဟုတ်နေတာပဲ။

မေမေ့ဆေးခန်း သိမ်းချိန်ဆို ဖေဖေနဲ့ ကိုယ်က မြို့ထဲ အနော်ရထာလမ်းပေါ် ကားဂိတ်ကို သွားကြိုပါတယ်။ ဆေးခန်းရှိရာ ဆင်ခြေဖုံးရပ်ကွက်က ညဖက်ဆိုရင် အမူးသမားတွေ များပြီး ကိုယ်ပိုင်ကားတွေကို ရန်ရှာလို့ အဲဒီထိ သွားမကြိုဖြစ်တော့တာ။ မေမေ့ကိုကျ အမူးသမားတွေက သူတို့ရပ်ကွက်မှာ နှစ်ပေါင်းများစွာ ဆေးကုပေးနေတဲ့ ဆရာမကြီးဆိုပြီး ရိုသေကြတယ်။ အမူးပါးတွေ။

ကိုယ်က မေမေ့ကို ကြိုပြီး ပြန်လာရင် လမ်းမှာ ကိုတင်အောင်နဲ့ ရုပ်ရှင်ဖွက်တမ်း ကစားတာပဲ။ ခုခေတ်ကလေးတွေတော့ ဒီကစားနည်းကို နားလည်ချင်မှ လည်မယ်။ Charade နဲ့တော့လည်း မတူဘူး။ အမူအရာနဲ့ သဲလွန်စ ပေးတာ မပါလို့။ ရုပ်ရှင်ဇာတ်ကားနာမည်ကို အက္ခရာတွေချည်း အရင် ပြောပြီးမှ ဖြေတဲ့သူက တစ်လုံးချင်း မှန်းရတာ။ အဲဒီတုံးက ကိုယ်က မြန်မာရုပ်ရှင်ကားနာမည်တွေကို ခေတ်ဟောင်းကားမကျန် အရမ်း သိတော့ ကိုယ် နိုင်တာ များတာပေါ့။ ကိုတင်အောင်ခမျာ ဆေးခန်းမှာ တစ်ညနေလုံး ပြာယာခတ်အောင် မေမေ့စိတ်ကြိုက် အလုပ်တွေ ဇယ်ဆက်သလို လုပ်ခဲ့ရလို့ အရမ်းကို ပင်ပန်းပေမယ့် ကိုယ့်ကိုလည်း ကြောက်ရတော့ အိပ်ငိုက်ငိုက်နဲ့ ရုပ်ရှင်ဖွက်ရ၊ ဖြေရပေါ့လေ။ မဟုတ်ရင် ဂျီကျခံရမှာကိုး။ ကိုယ် ငယ်ငယ်က ဆိုးပုံများ။

ဒါနဲ့ သောကြာတစ်ညမှာ မေမေက ဆေးခန်းအပြန်လမ်းမှာ ထုံးစံအတိုင်း ဈေးမှာပါတယ်။ ကိုတင်အောင်ကလည်း ထုံးစံအတိုင်း မှတ်သားလို့ပေါ့။ နောက်တစ်နေ့ ဈေးမှာ တွေ့တော့ ကိုတင်အောင်က ပြူးတူးပြာတာနဲ့။ “ကျန်တာအားလုံး ရတယ် ဆရာမကြီး။ ဘူးသီးတံဆိပ်နဲ့ တံမြက်စည်းတော့ ရှာမတွေ့ဘူး” တဲ့။

မေမေကလည်း ဒီလောက် သွက်တဲ့ သူ့တပည့်ကျော် ဒီတစ်ခါတော့ ရှော်လှချည်လားပေါ့။ “မင်း ဒါလေးတောင် ရအောင် မရှာနိုင်ဘူးလား” လို့ မေးတော့ ကိုတင်အောင်က “တခြားတံဆိပ်နဲ့ တံမြက်စည်းတွေ ကျွန်တော် တွေ့တယ် ဆရာမကြီး။ ဘူးသီးတံဆိပ်နဲ့ပဲ ရှာမရတာ” လို့ ပြာပြာသလဲ ရှင်းပြပါတယ်။ မေမေက ဟက်ဟက်ပက်ပက် ရယ်ပါလေရော။

“ငါပြောတာ ဘူးသီးစိတ် တစ်စိတ်နဲ့ တံမြက်စည်း ဟဲ့” “ဘူးသီးတံဆိပ်နဲ့ တံမြက်စည်း မဟုတ်ဘူး” ဆိုမှ ဆရာတပည့် နှစ်ယောက်သား အားရပါးရ ရယ်ကြရပါသတဲ့။

မြန်မာစကားရဲ့ သံတူကြောင်းကွဲတွေများ တစ်ခါတစ်ခါ ဒီလို နှောက်တတ်တယ်ဆိုတာ ကိုယ်တို့ မိသားစုအသိုင်းအ၀ိုင်းမှာတော့ “ဘူးသီးတံဆိပ်နဲ့ တံမြက်စည်း” အကြောင်း ပြောပြောပြီး ရယ်ဖြစ်ကြတာ ခုချိန်ထိပါပဲ။

Wednesday 3 December 2008

Adult ADHD


စာဖတ်သူ ဘိုဘို အမေးရှိလာလို့ ကိုယ်တိုင် မတွေ့ဖူး၊ မကုဖူး(သေး)တဲ့ ရောဂါအကြောင်း ရှာဖွေဖတ်ရှုပြီး ပို့စ်တင်လိုက်ပါတယ်။ အများအတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


လူကြီးတွေမှာ ဖြစ်တဲ့ အာရုံမစိုက်နိုင်တဲ့ ရောဂါ (Adult Attention-Deficit Hyperactivity Disorder) ဟာ ကလေးတွေမှာ ဖြစ်တဲ့ ADHD ရောဂါလက္ခဏာတွေနဲ့ တော်တော်တူပါတယ်။ ဒေါက်တာ ဇင်သူ ရေးပြီးသားမို့ Public Health in Myanmar site က သူ့စာကိုပဲ ဒီမှာ ညွှန်းလိုက်ပါတယ်။

အတိုချုပ် နည်းနည်း ပြန်ကောက်ရရင်တော့ အဓိက လက္ခဏာတွေမှာ

(၁)အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention)
(၂)ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity)
(၃)လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်ခြင်း (Impulsivity)
တို့ ပါဝင်ပါတယ်။

ကလေးတွေမှာ ဒီရောဂါကို ရောဂါအနေနဲ့ သတိပြု ရှာဖွေ၊ လက်ခံကုသနှုန်း မြင့်မားပေမယ့် လူကြီးတွေမှာတော့ ဒီလို မဖြစ်သေးပါဘူး။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ရောဂါလက္ခဏာတွေ လျော့ပါးလာတယ် ဆိုသော်ငြား၊ သူတို့အားလုံး လူငယ်လူလတ်ပိုင်း ရောက်တာနဲ့ ဒီရောဂါ လုံးဝ အရှင်းပျောက်သွားတယ် ဆိုတဲ့ သာဓက မရှိပါဘူး။ ဆိုလိုတာက ရောဂါလက္ခဏာတချို့ ကျန်နေနိုင်ပြီး လူနာရဲ့ နေ့စဉ် လူမှုဘ၀၊ အလုပ်အကိုင် စတာတွေမှာ အနှောက်အယှက်ပေး၊ ထိခိုက်စေနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထုတ်ဝေခဲ့တဲ့ ပေါင်းချုပ်သုတေသန (Meta-analysis) စာတမ်းတစ်စောင်အရ ADHD ရောဂါရှင် ကလေးတွေကို အသက် (၂၅)နှစ်မှာ ပြန်စစ်ဆေးကြည့်တဲ့အခါ ၁၅% ခန့်ဟာ ရောဂါလက္ခဏာအားလုံး ရှိနေသေးပြီး ၆၅% ကတော့ ရောဂါလက္ခဏာတချို့ ရှိနေပါသေးသတဲ့။

ADHD ရောဂါရှင် လူကြီးတွေမှာ ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity) ဟာ ကလေးဘ၀က ခန္ဓာကိုယ် လှုပ်ရွနေတာမျိုးထက် မိမိဖာသာ ခံစားရတဲ့ စိတ်ထဲက ဂနာမငြိမ်တာမျိုး၊ စိတ်ကို လျှော့ဖို့ရာ ခက်ခဲတာမျိုး၊ ငြိမ်ငြိမ်လေး နေရရင် စိတ်ညစ်လာတာမျိုး ဖြစ်ပါသတဲ့။

အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention) ဆိုရင်လည်း အသေးစိတ်လေးတွေကို အာရုံစိုက်မရတာမျိုး၊ စာတစ်ကြောင်းတစ်ပုဒ်ကို အခါခါ ပြန်ဖတ်နေရတာမျိုး၊ လုပ်စရာ ကိစ္စ ဆုံစရာ ချိန်းဆိုချက်တွေကို မေ့တတ်တာမျိုး၊ ပစ္စည်းတွေ ခဏခဏ ပျောက်၊ စကားပြောလက်စ အစပျောက်သွားတတ်တာမျိုး တို့ ဖြစ်တတ်ပါတယ်။ အတွေးတွေကလည်း ဟိုရောက်ဒီရောက် အမြဲပဲ ယောက်ယက်ခတ်လို့။ ဘာကိစ္စပဲ ဖြစ်ဖြစ် ပြီးအောင် မလုပ်နိုင်၊ ပြဿနာဆိုလည်း မဖြေရှင်းနိုင်၊ အချိန်နဲ့လည်း မပြီးဆိုတော့ အလုပ်မှာ ဘယ်အဆင်ပြေပါ့မလဲ။ စိတ်ကလည်း ကျသွားလိုက်၊ တက်ကြွနိုးကြားလိုက်နဲ့ တစ်ခါတလေဆို ဒေါသပေါက်ကွဲတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။ ဒီလို ဖြစ်တော့ လူတွေ (မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူ) နဲ့ ဆက်ဆံရေးပါ ထိခိုက်လာတာပေါ့။

လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်တဲ့ (Impulsivity) အကျင့်ကြောင့် လူအများနဲ့တွဲပြီး လုပ်ရတဲ့ အလုပ်တွေမှာ ပြဿနာ ပေါ်နိုင်ပါတယ်။ ကျားမ ဆက်ဆံရေး Relationship ကိုလည်း မစဉ်းမစား စိတ်ထဲပေါ်ရာ ခုတွေ့ခုတွဲ ခုပြတ် လုပ်တတ်ပါတယ်။ ဘယ်အရာကိုမှ အလေးအနက် မစဉ်းစားပဲ ပေါ့ပေါ့ဆဆ ကမျောသောပါး ဆုံးဖြတ်ချက်မျိုး ချတတ်ပါတယ်။

ဒါမျိုး တို့လည်း ဖြစ်တာပဲ၊ ဒါကို ရောဂါလို့ သတ်မှတ်ရမှာလား-လို့ မေးစရာ ရှိပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေကို ကျွန်မတို့၊ စာဖတ်သူတို့လည်း ရံဖန်ရံခါ ကြုံတတ် ဖြစ်တတ်တာပါပဲ။ ရောဂါရှင်တွေမှာတော့ ဒီလက္ခဏာတွေဟာ နေ့စဉ်တွေ့ကြုံနေရတာ ဖြစ်ပြီး၊ သူတို့ကိုယ်တိုင်လည်း စိတ်ညစ်ရ၊ သူတို့ ပတ်ဝန်းကျင်ကလူတွေလည်း စိတ်ညစ်ရနဲ့ သူတို့ရဲ့ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်တွေကိုပါ ထိခိုက်လောက်တဲ့အထိ ဖြစ်တာပါ။ အတိုင်းအတာအားဖြင့် အများကြီး ပိုဆိုးတာပေါ့။

Adult ADHD ဟာ မသိလို့ မကုမိတာ များပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ပြင်ပလူနာဌာနမှာ လာပြတုံး ပေါ်ချင်မှလည်း ပေါ်ပါမယ်။ ဆရာဝန်က ဒီရောဂါနဲ့ ထိတွေ့မှု နည်းရင်လည်း သံသယထားမှု (high index of suspicion) မရှိတော့ လွတ်သွားတတ်ပါတယ်။ ရောဂါရဲ့ သဘောကိုက လက္ခဏာတွေဟာ ကလေးအသက် (၇)နှစ် မတိုင်မီကတည်းက ပေါ်တာမို့ ငယ်ငယ်ကတည်းက တစ်သက်လုံး ဒီလိုပဲ ဆိုပြီး သူ့သဘာဝပဲလေ-လို့ သတ်မှတ်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒီလို မသိလိုက်၊ မကုမိလိုက်တဲ့အခါ သို့မဟုတ် တခြားရောဂါ (ဥပမာ စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ပူပန် ဂနာမငြိမ်တဲ့ ရောဂါ၊ လူရည်လူသွေး မူကွဲ ပုံမမှန်တဲ့ ရောဂါ စသည်) အဖြစ် ကုမိတဲ့အခါ လူနာမှာ ပျောက်ကင်းသက်သာခြင်း မရှိတဲ့အပြင် ပိုလို့တောင် စိတ်ပင်ပန်းရပါသေးတယ်။ ဆေးကုပေမယ့် မပျောက်ဘူး ဆိုပြီး စိတ်ပိုညစ်တာပေါ့။ အဲဒီလိုနဲ့ပဲ တချို့သော ရောဂါသည်တွေဟာ အရက်၊ မူးယစ်ဆေး စသည်တို့ကို သုံးစွဲလာတယ်။ ဆေးမှန်မှန်ကန်ကန်နဲ့ မကုရတော့ သူတို့ရဲ့ အပြုအမူတွေကလည်း ပိုဆိုးလာပြီး လူမှုအသိုင်းအ၀ိုင်းနဲ့ ပဋိပက္ခတွေ ပိုဖြစ်လာတတ်ကြပါတယ်။

လောလောလတ်လတ် ထွက်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆယ်နိုင်ငံ ပါဝင်ခဲ့တဲ့ သုတေသန တွေ့ရှိချက်အရ သုတေသန ပြုခဲ့တဲ့ လူဦးရေပေါင်းရဲ့ ၃.၅% ဟာ Adult ADHD ရောဂါလက္ခဏာတွေ ရှိတယ်လို့ တွေ့ရပါတယ်။ သူတို့တွေဟာ ရောဂါမရှိသူတွေနဲ့စာရင် တစ်နှစ် ပျမ်းမျှခြင်း အလုပ်မှ ပျက်ကွက်ရက် (၂၂)ရက် ပိုတယ်လို့လည်း တွေ့ရပါသတဲ့။ ကုန်ထုတ်စွမ်းအား လျော့ကျစေတဲ့ အဓိကအကြောင်းတစ်ရပ်အဖြစ် အလုပ်ရှင်တွေ၊ အစိုးရတွေ သတိထားသင့်ကြောင်း၊ ဒီရောဂါကို ရှာဖွေဖော်ထုတ် ဆေးကုသသင့်ကြောင်း သုတေသနစာတမ်းရှင်များက တိုက်တွန်းထားပါတယ်။

ဆေးပညာပိုင်းအရ ပြောရရင်တော့ ခုနောက်ပိုင်း အထွေထွေ စိတ်ရောဂါကု ဆရာဝန်များ (General Adult Psychiatrists) ကို Adult ADHD အကြောင်း ပိုသတိပေး ဆွေးနွေးလာကြပါတယ်။ ငယ်ငယ်တုံးက ကလေးစိတ်ရောဂါကု ဆရာဝန်တွေရဲ့ ကြီးကြပ်မှုနဲ့ လှုံ့ဆော်ဆေး (stimulants) တွေ သောက်ခဲ့ရတဲ့ ကလေးတွေ လူငယ်လူလတ်ပိုင်း ရောက်လာတဲ့အခါ ဆေး ဆက်သောက်ရဖို့ အလားအလာ များပါတယ်။ အဲသလို ငယ်ငယ်က ရောဂါ ရှာမရခဲ့တဲ့ ရောဂါရှင်တွေဟာ အသက်ကြီးမှ အထက်ပါ ရောဂါလက္ခဏာတွေနဲ့ စိတ်ရောဂါအထူးကုတွေဆီ ပထမဆုံးအကြိမ် ရောက်လာတတ်ပါတယ်။ ဒီအချိန်မှာ ရောဂါရှာတွေ့ (diagnosis ရ) သွားရင် ဆေးကုနိုင်ပြီပေါ့။

ဆေးတွေက ဦးနှောက်ထဲက မညီမျှတဲ့ ဓာတုပစ္စည်းတွေကို ညှိနှိုင်းပေးပါတယ်။ စွဲတတ်တဲ့ သဘာဝရှိလို့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီးမှ စီစဉ်တာ ကောင်းပါတယ်။ ဆေးအပြင် brief structured psychotherapy (ဥပမာ- Cognitive Behaviour Therapy) ဟာလည်း ထိရောက်တယ်လို့ တချို့ သုတေသနပြုချက်တွေက ဆိုပါတယ်။ အပြုအမူပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ပြောင်းလဲသင့်တာတွေကို အမူအကျင့်နဲ့ဆိုင်တဲ့ စမ်းသပ်ချက်တွေ လုပ်ခိုင်းပြီး ကုသတာပါ။ နောက်ထပ် လေ့လာမှု၊ သုတေသနတွေ လုပ်ဖို့တော့ တော်တော် လိုအပ်ပါသေးတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။


Reference
  1. Asherson, P., Craddock, B., Taylor, E. (2007) 'Adult attention-deficit hyperactivity disorder: recognition and treatment in General Adult Psychiatry' , British Journal of Psychiatry, 190; 4-5.
  2. De Graaf, R. et al (2008) 'Prevalence and effects of Adult attention-deficit/ hyperactivity disorder (ADHD) on the performance of workers: results from the WHO World Mental Health Survey Initiative, Occupational and Environmental Medicine;65:835-842.