Tuesday 9 June 2009

စိတ်ရောဂါကို ကုသခြင်း (၂)


ပြင်ပလူနာဌာနမှာ ကြည့်ရင်းနဲ့မှ မသက်သာဘူး၊ ပိုဆိုးလာတယ် သို့တည်းမဟုတ် လာကတည်းက အရေးပေါ် အန္တရာယ် (risks) ရှိနိုင်တယ်ဆိုတဲ့ လူနာမျိုးကိုတော့ အတွင်းလူနာအနေနဲ့ ကုပါတယ်။ လူနာတစ်ယောက် ဆေးရုံတက်ရပြီဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အိမ်တိုင်ယာရောက် လိုက်ကြည့်ပေးတဲ့ Home Treatment Teams တွေ ရှိနေတဲ့ ခေတ်မှာ ဆေးရုံတင်ရပြီဆိုတာက အိမ်မှာ ကုလို့ မရလောက်တဲ့ အခြေအနေကို ရောက်လာလို့ပါပဲ။ စိတ်ဓာတ်ကျရောဂါ သိပ်ဆိုးလာပြီး မစားမသောက်နဲ့ ကျန်းမာရေးကို ထိခိုက်စိုးရိမ်လာရတာမျိုး၊ စိတ်ဓာတ်ကျရောဂါကြောင့်ပဲ မိမိကိုယ်ကို သတ်သေဖို့ အမျိုးမျိုး ကြိုးစားလာတာမျိုး၊ စိတ်ကစဉ့်ကလျားရောဂါ ဖောက်လာလို့ မိသားစုနဲ့ ပတ်ဝန်းကျင်အပေါ် မယုံသင်္ကာစိတ်တွေ များလာပြီး၊ အန္တရာယ် ပြုနိုင်တဲ့ အလားအလာ ရှိလာတာမျိုး စသဖြင့်ပေါ့။ ဒီလိုဆိုရင် အခြေအနေကို ထိန်းသိမ်းဖို့အတွက် ဆေးရုံတင် ကုတာသာ စိတ်အချရဆုံး ဖြစ်ပါတယ်။

လူတွေက စိတ်ရောဂါ အထူးကု ဆေးရုံလို့ ဆိုလိုက်တာနဲ့ တွန့်ကနဲ ဖြစ်သွားကြတာ များပါတယ်။ သမိုင်းကြောင်းအရ “အရူးထောင်” တွေမှာ တစ်သက်တာ သော့ခတ်ထားခံရတာကို စွဲမြင်နေကြတုံးပဲကိုး။ ခုခေတ်မှာတော့ စိတ်ရောဂါကု ဆေးရုံတွေဟာ တခြားဆေးရုံတွေလိုပဲ လူနာ ရောဂါ သည်းတုံး ခဏလာကုတဲ့ နေရာပဲ ဖြစ်ပါတယ်။ ရေရှည်နေစရာ mental asylums တွေ မဟုတ်တော့ပါဘူး။ ဆေးရုံက ဆင်းနိုင်လောက်အောင် သက်သာတာနဲ့ ဆေးရုံက discharge လုပ်ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်ပြန်ပြီး Home Treatment Team နဲ့ ပြင်ပလူနာဌာနတို့ရဲ့ စောင့်ရှောက်မှုနဲ့ ပုံမှန် ပြန်နေနိုင်ပြီ ဆိုပါစို့။ အလုပ်ရှိတဲ့လူလည်း အလုပ်ကို ပြန်ဝင်နိုင်တာပေါ့။

စိတ်ရောဂါ အထူးကု ဆေးရုံတွေဟာ အထွေထွေ ဆေးရုံတွေနဲ့ မလှမ်းမကမ်းမှာ ရှိတတ်ပါတယ်။ ဂိတ်တံခါးတွေ အလုံပိတ်မထားပါဘူး။ မှုခင်းစိတ်ရောဂါ အထူးကု လုံခြုံသော ဆေးရုံ (Forensic Psychiatry - Secure Unit) က လွဲရင်ပေါ့လေ။ အဲဒါကတော့ ပြစ်မှု ကျူးလွန်ထားတဲ့ စိတ်ဝေဒနာရှင်တွေမို့ လုံခြုံအောင် ထားရလို့ပါ။ အကျဉ်းထောင်တွေလိုပဲ စစ်ဆေးရေး အထပ်ထပ်နဲ့ပေါ့။ ကျန်တဲ့ စိတ်ရောဂါ အထူးကု ဆေးရုံတွေကတော့ ပုံမှန်ဆေးရုံတွေလိုပါပဲ။ တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီး ဧည့်ချိန်မှာ မိသားစု မိတ်ဆွေတွေ လာတွေ့နိုင်ပါတယ်။ ကလေးတွေတောင် လူနာလာကြည့်နိုင်တယ်ဆိုတော့ စိတ်မချစရာ မရှိလို့ဆိုတာ မှန်းလို့ ရမှာပေါ့။

လူနာတစ်ယောက် ဆေးရုံတက်ပြီဆိုတာနဲ့ တာဝန်ကျ ဆရာဝန်အငယ်နဲ့ သူနာပြုက စနစ်တကျ လက်ခံပါတယ်။ လူနာရဲ့ လတ်တလော ပြဿနာ၊ စိတ်အနေ၊ အန္တရာယ် ဖြစ်နိုင်ချေ စတာတွေကို သေချာစစ်ဆေး မှတ်တမ်းတင်ပါတယ်။ အခြေခံ ကျန်းမာရေး စစ်ဆေးခြင်း (basic physical examination) ကိုလည်း လုပ်ပါတယ်။ သွေးစစ်၊ ဆီးစစ်တာတွေပါ ပါတာပေါ့။ တချို့ တခြားရောဂါအခံကြောင့် စိတ်ရောဂါအနေနဲ့ လက္ခဏာ ပြတာမျိုး၊ မူးယစ်ဆေးဝါး သုံးထားတတ်တာမျိုးလည်း ဖြစ်တတ်လို့ပါ။ ဒါမျိုးကို စိတ်ရောဂါဆေးရုံမှာ တင်ထားပြီး ကုစရာမှ မလိုပဲ။

စိတ်ရောဂါဆေးရုံတွေမှာ များသောအားဖြင့် လူနာဆောင်တွေကို ရပ်ကွက်ဒေသအလိုက် ခွဲတာများပါတယ်။ ဒီမြို့ ဒီအပိုင်းက ဒီအဆောင်၊ ဟိုရွာစုက ဟိုအဆောင် စသဖြင့်ပေါ့လေ။ အသက် (၆၅) နှစ်အထက်တွေကို လူကြီးဆောင်သီးသန့် ပေးထားပါတယ်။ (၁၆) နှစ်အောက်တွေအတွက်က အထူးကုဆေးရုံ သတ်သတ် ရှိပါတယ်။ လူနာဆောင်တစ်ခုကို ပျမ်းမျှခြင်း လူနာ (၂၀) ထက် မပိုပါဘူး။ များသောအားဖြင့် တစ်ယောက်တစ်ခန်း ရပါတယ်။ အခန်းထဲမှာ မွေ့ရာကုတင်၊ ကုတင်ဘေးစားပွဲနဲ့ ကုလားထိုင်၊ အ၀တ်ဘီဒို၊ မျက်နှာသစ်ဘေစင်တို့ ပါတတ်ပါတယ်။ ရေချိုးခန်း အိမ်သာကတော့ မျှသုံးရပေမယ့် တစ်ဆောင်ကို လေးငါးခုတော့ ရှိပါတယ်။ ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်သည့်တိုင် သက်တောင့်သက်သာ နေလို့ ရတာပေါ့။ (အဆောင်ထဲမှာ အရမ်း သောင်းကျန်း အော်ဟစ်နေတဲ့ လူနာ မရှိဘူး ဆိုရင်ပေါ့လေ)

စိတ်ရောဂါ အထူးကု ဆေးရုံကို ရောက်သွားရင် လူနာတွေ လျှောက်သွားနေတာ တွေ့ရပါမယ်။ သူတို့က ကိုယ်ကာယအားဖြင့် ကျန်းမာနေတာကိုး။ ဒီလူနာတွေကို တစ်ပတ်မှာ တစ်ခါ စိတ်ရောဂါ အထူးကု အတိုင်ပင်ခံ ဆရာဝန်ကြီး (Consultant Psychiatrist) က ကြည့်ပါတယ်။ Clinical Review Meeting တစ်နည်းအားဖြင့် Ward Round ပေါ့။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ရောဂါတွေမှာလို တစ်နေ့တစ်ကြိမ် ဆရာဝန်က လာကြည့်နေတာမျိုး မဟုတ်ပါဘူး။ နေ့တိုင်းကြည့်နေရင် လူနာလည်း စိတ်ရှုပ်၊ ဆရာဝန်လည်း ပြောင်းလဲမှုကို သတိမပြုမိနဲ့ ဘယ်သူမှ အကျိုးမရှိပါဘူး။ စိတ်ရောဂါရဲ့ ပြောင်းလဲတိုးတက်မှုက ပုံမှန်အားဖြင့် နှေးလို့ပါ။ တစ်နေ့တစ်ခါ ဆေးတွေ ပြောင်းနေဖို့လည်း မလိုအပ်၊ မသင့်တော်ပါဘူး။

Ward Round ဆိုရာမှာ လူနာက ကုတင်ပေါ်မှာ နေပြီး ဆရာဝန် သူနာပြုများက တိုင်းခန်းလှည့်လည်သလို လျှောက်ကြည့်တာမျိုးလည်း မဟုတ်ပါဘူး။ လူနာနဲ့ လူနာရှင် (လူနာက သူ့မိသားစု သို့မဟုတ် မိတ်ဆွေကို သူ့ရောဂါ ကုသနေမှုမှာ ပါဝင်ပတ်သက်စေချင်တယ် ဆိုရင်ပေါ့လေ) ကို Ward Round လုပ်တဲ့ အခန်းထဲ ဖိတ်ပြီး ဆွေးနွေးတာပါ။ တစ်ခါမှ မကြုံဖူးသူအတွက်ကတော့ နည်းနည်း ရင်တုန်စရာပေါ့။ လူအများကြီး ရှိနေတတ်လို့ပါပဲ။ များဆို ဆရာဝန်ကိုက အနည်းဆုံး နှစ်ယောက်၊ သူနာပြု၊ Occupational Therapist, Social Worker, Community Psychiatric Nurse စသဖြင့် လူနာရဲ့ ကုထုံးမှာ ပါဝင်ပတ်သက်သူများ တက်ရောက်တာကိုး။ အကြောင်းစုံ ဆွေးနွေးဖလှယ်ကြတဲ့ နေရာပေါ့။ လူနာကိုလည်း ရှင်းပြပါတယ်။

သိပ်ဖောက်နေတဲ့ Intensive Treatment Unit (ITU) ထဲက လူနာဆိုရင်တော့ တစ်ပတ်တစ်ခါ Ward Round အပြင် တစ်နေ့တစ်ခါ ကြည့်ဖို့ပါ လိုအပ်ပါတယ်။ အနည်းဆုံး ဆရာဝန် အငယ်လေးက သွားစစ်ဆေးပြီး အကြီးတွေကို တင်ပြအကြံတောင်းရတယ်ပေါ့။ သူတို့က နေ့စဉ်နဲ့အမျှ ပြောင်းလဲတတ်လို့ပါ။

ဟုတ်တယ်၊ စိတ်ရောဂါကုဆေးရုံမှာလည်း အထူးကြပ်မတ်ကုသဆောင် (ITU) ရှိပါတယ်။ ဒါကတော့ သော့ခတ်ထားတဲ့ အဆောင်ပါ။ လူနာတွေကို သူတို့ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး သူတို့ဆန္ဒကို ဆန့်ကျင်ပြီး ဆေးကုတဲ့ ဒီလို အခြေအနေမျိုးမှာ ဥပဒေနဲ့အညီ ဆောင်ရွက်တာမို့ လူနာရော၊ ဆရာဝန်သူနာပြုများပါ အကာအကွယ် ရပါတယ်။ လုပ်ချင်တိုင်း လုပ်တာ မဟုတ်ပါဘူး။ ဒီအကြောင်းကို အရင်ပို့စ်တစ်ခုမှာ အသေးစိတ် ရှင်းပြဖူးပါတယ်။ (ဒီမှာ ဖတ်ကြည့်ပါ) လုပ်ထုံးလုပ်နည်းတွေကို အမြဲ ကြီးကြပ်စစ်ဆေးနေတဲ့ စိတ်ရောဂါနှင့် ပတ်သက်သော ဥပဒေဆိုင်ရာ အရာရှိတွေလည်း ရှိပါတယ်။ (ရှေ့နေ မဟုတ်ပါဘူး)

ဒီအထူးကြပ်မတ် ကုသဆောင် (ITU) တွေဟာ လူနာနည်းနည်းပဲ လက်ခံပြီး လူနာနဲ့ သူနာပြု အချိုးအဆ များပါတယ်။ လူနာဖောက်လာရင် ထိန်းနိုင်အောင်လို့ပါ။ လူနာတွေ ဖောက်လာရင် တော်ရုံလောက်ကတော့ နှုတ်အားဖြင့် ရှင်းပြသတိပေးတာနဲ့ လုံလောက်သွားတာပဲ။ သေသေချာချာ ရှင်းပြရင် လူနာကလည်း နားထောင်ပါတယ်။ သိပ်ကို လူမှန်း မသိအောင် ဆိုးနေရင်တော့ အရေးပေါ်ဆေး တိုက်တာပေါ့။ များသောအားဖြင့် ဒိုင်ရာဇီပင်မျိုးနွယ်ထဲက အသေးစားအပြင်းစားလေးကို သုံးပါတယ်။ ချက်ချင်းလိုလို စိတ်ငြိမ်သွားစေလို့ပါ။ ဒါပေမယ့် ဒါဟာ အရမ်းစွဲစေလို့ (ဒီမှာ ဖတ်ပါ) ယာယီနဲ့ အရေးပေါ်အတွက်ပဲ သုံးပါတယ်။ မရရင် စိတ်ဖောက်ပြန်မှု တုံ့ပြန်ဆေး (anti-psychotic) တစ်မျိုးကိုပါ ပေးပါတယ်။ လူနာကို ဆေးသောက်ဖို့ ဘယ်လိုမှ နားချလို့ မရရင်တော့ ထိုးဆေး သုံးပါတယ်။ သောက်ဆေးကို ဘယ်လိုမှ လက်မခံမှပါ။ လူနာတစ်ယောက်ကို ဆေးထိုးရမယ်ဆို သူနာပြု ငါးယောက်လောက် အရန်သင့် ရှိပါတယ်။ ချုပ်နှောင်ဖို့ မဟုတ်ပါဘူး။ လူနာ မရုန်းအောင် အသာထိန်းပေးဖို့ပါ။ ဆေးထိုးတာကို ဆရာဝန် လုပ်စရာ မလိုပါဘူး။ သူနာပြုများ ကောင်းကောင်း ကျွမ်းကျင်တဲ့ အလုပ် ဖြစ်ပါတယ်။

တချို့ဆေးရုံတွေမှာ တစ်ယောက်တည်း သီးသန့်ထားတဲ့ အခန်း (seclusion room) တွေ သုံးပါသေးတယ်။ ကျွန်မတော့ တစ်ခါမှ မကြုံခဲ့ပါ။ မြန်မာပြည်မှာတော့ တိုက်ပိတ်တယ်လို့ ခေါ်တယ် ထင်တယ်။ (ထောင်က အသုံးအနှုန်းလားတော့ မသိဘူး) စိတ်ရောဂါကုဆေးရုံမှာ အရမ်းကို သောင်းကျန်းနေတဲ့၊ သူ့ကိုယ်သူရော သူများကိုပါ အန္တရာယ် ပြုနိုင်တဲ့ လူနာမျိုးကို လူနာဆောင်ထဲမှာ ဒီတိုင်းထားလို့ မဖြစ်နိုင်တော့ရင် တိုက်ပိတ်တယ် ဆိုပါတော့။ လေးနာရီခြားတစ်ခါ ပြန်စစ်ရပါတယ်။ အခြေအနေ ကောင်းတာနဲ့ ရိုးရိုး လူနာဆောင်ထဲကို ပြန်လွှတ်ပေးတာပေါ့။

ဒီလိုနဲ့ ဆေးရုံမှာ နေတုံး လိုအပ်တဲ့ ဆေးအချိန်အဆ၊ အခက်အခဲ ဖြေရှင်းနည်း၊ လွတ်လပ်စွာ နေထိုင်နိုင်ရေး အထောက်အကူများ စသဖြင့်ကို သက်ဆိုင်ရာ ၀န်ထမ်းတွေက လူနာနဲ့ လာတွေ့ပြီး စနစ်တကျ ရှင်းပြပေးပါတယ်။ စိတ်ငြိမ်အောင် အသက်ရှူ လေ့ကျင့်နည်း၊ မိမိကိုယ်ကို ယုံကြည်စိတ် တိုးပွါးအောင် လေ့ကျင့်နည်း၊ ပန်းချီ/လက်မှုပညာဖြင့် စိတ်ဖြေဖျောက်နည်း စသဖြင့် လူနာရဲ့ လိုအပ်ချက်ပေါ် မူတည်တဲ့ အုပ်စုလိုက် လှုပ်ရှားမှုတွေလည်း ရှိပါတယ်။ ကာယကြံ့ခိုင်ရေးအတွက် အခြေခံ အားကစားရုံ basic gymnasium လည်း ရှိပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာတော့ ပိုတောင် ကောင်းပါသေးသတဲ့။

လူနာတစ်ယောက် တကယ်တမ်း ဆေးရုံက ဆင်းနိုင်လောက်အောင် ကောင်းဖို့ဆိုရင် ရက်သတ္တပတ် အတော်များများ ကြာတတ်ပါတယ်။ မလိုပဲနဲ့တော့ ဆေးရုံမှာ အကြာကြီး မထားပါဘူး။ ဆေးရုံမှာ တစ်ရက် ကုန်ကျစားရိတ်ဟာ (အခန်းခ၊ စားစရိတ်၊ ဆရာဝန်ခ၊ သူနာပြုခ၊ ဆေးဖိုး အလုံးစုံ ပေါင်းလိုက်ရင်) ပေါင် နှစ်ရာနဲ့သုံးရာကြား ရှိပါတယ်။ ဒါကို လူနာက ပေးစရာ မလိုပါဘူး။ ပြည်သူ့အခွန်နဲ့ လည်ပတ်တဲ့ အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှုစနစ်က ပေးပါတယ်။ အလကား ရတယ်ပဲ ဆိုပါစို့။ (အလုပ်လုပ်သူ လူတန်းစားကတော့ ကိုယ်ပေးထားတဲ့ အခွန်တွေရဲ့ အသီးအပွင့် ပြန်ခံစားရတဲ့ သဘောပေါ့လေ)

ဆေးရုံက မဆင်းခင် လူနာတစ်ယောက်ကို ခွင့်ပေးပြီး အိမ်ကို အစမ်း ပြန်ခိုင်းတတ်ပါတယ်။ စိတ်ချရအောင်လို့ပါ။ ပြဿနာ ရှိရင်လည်း ချက်ချင်း ဆေးရုံပေါ် ပြန်လာလို့ ရအောင်ပေါ့။ ဒါကို တစ်ပတ်နှစ်ပတ်အတွင်း တဖြည်းဖြည်း လုပ်ကြည့်လို့ အောင်မြင်ရင် ဆေးရုံက ဆင်းစေပါတယ်။ အိမ်ပြန်ရောက်သွားတဲ့ လူနာကို အိမ်ထိသွားကြည့်တဲ့ သူနာပြုက ဆက်ကူညီ စောင့်ရှောက်တယ်ပေါ့။ ဆရာဝန်ကလည်း ပြင်ပလူနာဌာနကို ခေါ်ပြီး ပုံမှန် ကြည့်ပါတယ်။ တစ်ခါကောင်း ဖြစ်တဲ့ စိတ်ရောဂါမျိုးဆိုရင် ကောင်းသွားပြီ ဆိုတာနဲ့ စိတ်ရောဂါ အထူးကု ဌာနရဲ့ လက်အောက်ကနေ လုံးလုံးလျားလျား discharge လုပ်ပါတယ်။ သူ့နဂို General Practitioner (GP) ဆီ ပြန်ရောက်သွားပြီး တစ်ပတ်လည် သွားတာပေါ့။ ရေရှည် စောင့်ကြည့်ရမယ့် လူနာတွေကိုတော့ caseload မှာ ဆက်ထားပါတယ်။ ပုံမှန် စောင့်ကြည့်ခြင်းရဲ့ အကျိုးက ရောဂါ ဖောက်တော့မယ့် ရှေးဦးလက္ခဏာတွေကို အစောဆုံး သိနိုင်တော့ စောစော ကုနိုင်၊ မြန်မြန် ပျောက်နိုင်တာပါပဲ။

ဒါလောက်ဆို စိတ်ရောဂါဆိုတာ တခြားရောဂါတွေလိုပဲ ကုလို့ ရတဲ့ရောဂါဆိုတာ သိသာလောက်ပြီလို့ ထင်ပါတယ်။ စိတ်ရှည်စွာ ဖတ်သွားတာ ကျေးဇူးတင်ပါတယ်။

ဖြည့်စွက်ချက်။ ။မြန်မာပြည်မှာတော့ စိတ်ရောဂါ ကုသရေးမှာ ဆရာဝန်ပဲ အဓိက မဏ္ဍိုင်အနေနဲ့ ရှိနေသေးတယ်လို့ နားလည်ပါတယ်။ တခြားဝိုင်းဝန်းသူ ကျန်းမာရေး ၀န်ထမ်းတွေ သိပ်မရှိသေးပါဘူး။ ဒါကို စိတ်ဓာတ်ကျစရာလို့ မမြင်ပါနဲ့။ လူနာရှင် (မိသားစုဝင်) တွေကို ကောင်းကောင်း ပညာပေးနိုင်ရင် သူတို့က ကျန်းမာရေးဝန်ထမ်းတွေလိုပဲ လူနာအပေါ် အကျိုးပြု စောင့်ရှောက်နိုင်တာမို့ အဖိုးတန်ပါတယ်။ လုပ်နေလက်စလေးတွေကိုပဲ ပိုစနစ်ကျအောင် ပြင်ပေးလိုက်ရင် လုပ်ရသလောက် ပိုအကျိုးရှိ အရာထင်ပြီး အလုပ်ဖြစ်မယ်လို့ မြင်ပါတယ်။ မှားကောင်းမှားမယ်။ သို့သော် ဒီအပေါ်မှာ ဆင့်ပွါးဆွေးနွေးဖို့နဲ့ လက်တွေ့ကျတဲ့ အကြံဥာဏ်များ ဝေမျှဖို့ ဖိတ်ခေါ်ပါတယ်။