Saturday 22 November 2008

Sat Nav နဲ့ မိန်းမ


ဒီလောက် တိုးတက်နေတဲ့ ခေတ်ကြီးမှာ GPS Satellite Navigator (Sat Nav) ကို ကိုယ် တော်တော်နဲ့ မသုံးဖြစ်ဘူး။ သူများတွေ ဘယ်လောက်ညွှန်းညွှန်း ကိုယ်က ခေါင်းမာမာပဲ။ မာဆို တခြား အားကိုးစရာကလည်း ရှိသကိုး။

ဒီနိုင်ငံကို ရောက်ရောက်ချင်း သိပ်သဘောကျခဲ့တာက စနစ်တကျပြီး ပြည့်စုံတဲ့ မြေပုံတွေပဲ။ ကားလမ်း၊ ရထားလမ်း၊ မြစ်ချောင်းအင်းအိုင်၊ တူးမြောင်း၊ လည်ပတ်စရာ အထင်ကရနေရာ အကုန်နီးပါး ရှာတွေ့နိုင်တာကိုး။ မြေပုံကြည့်တတ်၊ ကြိုက်တတ်လို့ကတော့ မြို့တွင်းမြို့ပြင် ခရီးတို ခရီးရှည် သွားရတာ လွယ်မှလွယ်။ ဘယ်သူ့မှ အားကိုးစရာ၊ ဘာမှ ကြောက်စရာ မလို။ လမ်းမှာ လမ်းညွှန်ဆိုင်းဘုတ်တွေကလည်း ကောင်းတော့ ညွှန်းတဲ့အတိုင်းသာ သွား၊ ရောက်တာပဲ။

ဒီလိုနဲ့ မြေပုံရူး ကိုယ်က လမ်းလျှောက်လျှောက်၊ ကားမောင်းမောင်း မြို့သေးသေးကြီးကြီး ဘယ်သွားသွား မြေပုံကိုပဲ သုံးလေ့ရှိပါတယ်။ ကိုယ်သွားချင်တာ၊ ကိုယ်လုပ်ချင်တာကို မြေပုံပေါ်မှာ ရှာတွေ့တိုင်း ဘယ်လို ကျေနပ်မှန်း မသိဘူး။ ကိုယ် သွားရမယ့်လမ်းကို ကြိုသိနေရတာကို ကြိုက်တာ၊ ကိုယ့်ရဲ့ ထိန်းချုပ်မှု ရှိနေတာ (being in control) ကို ကြိုက်တာလည်း ပါမှာပေါ့လေ။ စာအုပ်မြေပုံကို သုံးရင်သုံး၊ မဟုတ်ရင် ခရီးအစနဲ့အဆုံး လိပ်စာနဲ့ အင်တာနက်ပေါ်က ရှာပြီး ပုံနှိပ်ထားတဲ့ မြေပုံ (route planner)ကို သုံးတာပဲ။

ကိုယ့်သူငယ်ချင်းတချို့ကတော့ မြို့ကြီးတွေ သွားတဲ့အခါ မြေပုံစာအုပ် တကိုင်ကိုင်ဆို တောသူတွေမှန်း လူသိလို့ ရှက်သတဲ့။ ကမ္ဘာလှည့် ခရီးသည်လည်း ဖြစ်နိုင်တာပဲကိုများ။ ကြံဖန်ပြီး သည်းတက်နေသေးတယ်။ ကိုယ်ကတော့ မြေပုံကိုင်ပြီး လမ်းပျောက်သလိုလိုလေး လုပ်လိုက်ရင် ကူညီမယ့်သူတွေ အလိုလို ရတာမို့ ပျော်တောင် ပျော်သေး။

မြေပုံ သုံးတာ အကန့်အသတ်တော့ ရှိတယ်။ တစ်ယောက်တည်း သွားတဲ့ ခရီးတွေမှာ ကားမောင်းနေတုံး ကြည့်လို့ မလွယ်ဘူး။ ကားတိုက်ပြီး ကိစ္စချောသွားနိုင်တယ်။ ဒါတော့ Sat Nav က သာတာ အမှန်ပဲ။ သူက တတွတ်တွတ်နဲ့ ပြောနေတာကိုး။ ကြိုလည်းပြော၊ ရောက်ခါနီးလည်းပြော၊ speed cameras ရှိတဲ့ နေရာဆိုလည်း ပြော၊ လမ်းမှားသွားလည်း ပြော၊ ရောက်မယ့် အချိန်လည်း ပြနဲ့ ကောင်းတော့ ကောင်းသား။ ဒါပေမယ့် သုံးခါစ အသားမကျလို့ အသံကို နားမထောင်ပဲ Sat Nav screen ပေါ်က မြေပုံကိုပဲ ပြူးပြူးကြီး ကြည့်နေရင်တော့ လမ်းတွေမှား၊ မီးနီတွေဖြတ်နဲ့ တော်တော် ဒုက္ခရောက်တတ်တယ်။

Sat Nav က မြေပုံထက် ဈေးလည်းကြီး၊ ကရိကထလည်း ပိုတော့ များတယ်။ Battery charging သွင်းရတယ်။ နောက်ဆုံးပေါ် မြေပုံတွေကို upgrade လုပ်ရတယ်။ သေသေချာချာ သိမ်းရတယ်။ ကားထဲမှာ မေ့ထားခဲ့လို့များကတော့ Sat Nav လည်း ဆုံး၊ ကားလည်း ဆုံး (သူခိုးက မှန်ခွဲပြီး ယူလို့ပါ) ။ အဆင်မသင့်လို့ ကားမောင်းနေတုံး hang သွားရင် လမ်းခွတ်လပ်မှာ လမ်းပျောက်ပြီး ဒုက္ခနဲ့ လှလှ တွေ့တတ်သေး။ ဒါက ဖြစ်ခဲပါတယ်။ ခြုံကြည့်ရင် ကောင်းကွက်က ဆိုးကွက်ထက် သာတယ် ဆိုရမှာပေါ့။

ကိုယ်က စပ်စုတော့ မိန်းမတွေထက် sense of directions ပိုကောင်းတဲ့ ယောက်ျားတွေ Sat Nav မသုံးကြဘူးလား နည်းနည်းပါးပါး စနည်းနာကြည့်မိတယ်။ သူတို့က တစ်နေရာ တစ်ခါ သွားဖူးရင် မှတ်မိကြတာ များပြီး သူများ ပြောတဲ့ လမ်းညွှန်ဆိုလည်း ချက်ချင်း သိတတ်ကြလို့လေ။ အဲလိုတော့လည်း မဟုတ်ပြန်ဘူး။ မိန်းမတွေ အ၀တ်အစား၊ ဖိနပ်၊ ပိုက်ဆံအိတ် ကြိုက်သလို အမျိုးသားများက ခေတ်ပေါ်ပစ္စည်း gadgets လေးတွေ ကြိုက်တတ်တဲ့ သဘာဝ ရှိတော့ သူတို့လည်း Sat Nav သုံးတာပါပဲ။

ဒါပေမယ့် တချို့သော ယောက်ျားတွေကတော့ Sat Nav ကို တပ်ထားပေမယ့် စက်က ညွှန်တဲ့အတိုင်း သွားချင်မှ သွားတာ။ သူတို့ သိတဲ့လမ်းက ပိုကောင်း သို့မဟုတ် ပိုရှင်း သို့မဟုတ် ပိုတိုပါသတဲ့ ဆိုပြီး မောင်းချင်သလို မောင်းလေရော။ Sat Nav မှာ “take the next exit” တို့ “make a U-turn at next junction” တို့ အော်နေရတာပဲ။ အော်လည်း အော်အော်၊ Sat Nav အသံ လူကြားတာပဲ ရှိတယ်။ သူတို့က တော်တော့်ကို နေနိုင်ကြတာ။ ဂရုမစိုက်တဲ့အပြင် “ပစ်ထားလိုက်။ နောက်တော့လည်း ကိုယ်မောင်းတဲ့လမ်း သူ လိုက်ပြောင်းတွက်ရမှာပဲ” တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ Sat Nav ခမျာ သူ့စကား နားမထောင်တာ ကြာလာတော့ အားမတန် မာန်လျှော့ပြီး လမ်းခရီးကို ပြန်တွက် (re-calculating route) လုပ်လိုက်ရတာနဲ့ပဲ ဇာတ်သိမ်းသွားရှာရော။ မှတ်သားရပါဘိခြင်း။

ကိုယ် တွေးနေတာ။ ယောက်ျားတွေက Sat Nav ကို မိန်းမတွေလို သဘောထားတာလား။ မိန်းမတွေကို Sat Nav လို သဘောထားတာလား။ မိန်းမနဲ့ Sat Nav တူနေတဲ့ ယေဘူယျသဘောတွေ ရှိနေလို့လား။ အင်း.....တစ်ခုခုတော့ တစ်ခုခုပဲ။

18 comments:

  1. မနုသွဲ့ဆီ စာလာဖတ်ဖြစ်ပေမယ့် တခါမှ ကွန်မန့် မရေးဖူးဘူး။

    ဒီ Post ဖတ်ပြီး ပြုံးသွားတယ်။

    နန္ဒာလဲ ကားထဲမှာ Sat Nav သာရှိတာ ကိုယ်သိတဲ့ လမ်းတွေဆို Short Cut ကမောင်းတာပဲ။ Do not follow to Sat Nav!! :))

    UK မှာရှိတဲ့ စာရေးကောင်းသူ Female Blogger တယောက်အဖြစ် သိရတာ ဝမ်းသာ ဂုဏ်ယူမိပါတယ်။

    နန္ဒာ့ Blog မှာ လိုအပ်တာ ရှိရင်လဲ ပြုပြင်ပေးပါနော်။

    နန္ဒာက ခင်တတ်ပါတယ်။
    SMNTL

    ReplyDelete
  2. သူတို့ကို ဆရာလုပ်တယ်ထင်ရင် နည်းနည်းမှမကြိုက်။
    ဆရာ မလုပ်ရအောင်လဲ မနေ..

    ReplyDelete
  3. Ha ha.... I like your comparison Ma Nu Thwe. Nice point. BTW, I like your novels too.

    ReplyDelete
  4. ဟားဟား အဲဒါတော့ အမှန်ပဲ။ ကျွန်တော်လည်း ကိုယ်သိတဲ့ လမ်းဆို Navigator က ဘာအော်အော် ကိုယ့်ဘာကိုယ် မောင်းချင်သလို မောင်း၊ Navigator ထဲက သူကလည်း U-Turn လုပ်ဖို့ အော်နေတော့တာပဲ။ နောက်တော့ ပြန်တွက်ပြီး မှန်သွားမှ သူလည်း စိတ်အေးတော့တယ်။ ဒါနဲ့ မိန်းမတွေများသော အားဖြင့်က မြေပုံကြည့်ရင် ပြောင်းပြန် မကြည့်တတ်ဘူးတဲ့။ မြေပုံကို လှည့်ပြီး ကြည့်မှ (အခု ဦးတည်နေတာနဲ့ မြေပုံက ဦးတည်ရပ် တူမှ) ကြည့်တတ်တယ်တဲ့။ ကျွန်တော့် အမျိုးသမီးကတော့ မြေပုံဆို အတည့်ဖြစ်ဖြစ် ပြောင်းပြန်ဖြစ်ဖြစ် ကြည့်ကို မကြည့်တတ်တာ။ Navigator တွေ ပေါ်လာတာ အတော်တော့ အသုံးဝင်တယ်။ အမေရိကားမှာတုန်းက မြေပုံတွေ လမ်းညွှန်တွေ ကြည့်ပြီးမောင်းတာ လိုရာ ခရီးတော့ ရောက်ပါတယ်။ လမ်းဘေး ကားရပ်ရတာတွေ၊ Exit ကျော်သွားလို့ မိုင် ၂၀ လောက် ပိုမောင်းလိုက်ရတာတွေကလည်း ခဏခဏပဲ။ အခု ဒီမှာတော့ Navigator နဲ့ သွားနေတာ တည့်တည့်မတ်မတ်ပဲ။ ဘာမှ စိတ်ပူစရာ၊ ပြင်ဆင်စရာ မလိုဘူး။ ဟန်ကျနေတာပဲ။ ဟီးဟီး အစ်မပြောသလို ယောက်ျားတွေက မိန်းမနဲ့ Sat Nav ကို သဘောထားကတော့ ... ဟီးဟီး ပါပဲ။

    ReplyDelete
  5. ပွစိပွစိ ပြောတတ်တာချင်းတူမယ်ထင်တယ် မမ ။ ဟီးးး ဖေဖေသာဆို အဲဒီ Sat Nav ကို မင်းတိတ်တိတ်နေကွာလို့အော်မှာ :D

    ReplyDelete
  6. အမရေသူတို့ပြောတာတော့မခံချင်ပါဘူး။ sat nav နဲ့မိန်းမတွေကတိကျတဲ့နေရာမှာတူတယ်လေ ဟဲဟဲ

    ReplyDelete
  7. စဉ်းစားပြီးပြန်သွားသည်။
    သေချာတာ တစ်ခု ကတော့ TV ဖွင့်လို့ ကြည့်ကြမယ် ဆိုရင် remote control ကို သူ့ကို ပေးလိုက်ရတာပါဘဲ။

    ReplyDelete
  8. မနုသွဲ့ရေ...
    ဖတ်ပြီး..ပြုံးပြန်သွားတယ်...

    ReplyDelete
  9. အရင်ဆုံးဖတ်သွားပြီး သူများမန့်တာတွေစောင့်နေတာ...
    ဟိ.... မမွန်ပေါက်ကွဲနေသည်။ မမကေအိုအမ် မကျေနပ်ဖြစ်နေသည်

    ReplyDelete
  10. အချိန်ပေးပြီး ကိုယ့်ထင်မြင်ချက်တွေ ရေးသွား၊ လိုတာလေးတွေ ဖြည့်စွက်ပေးသွားသူ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။

    နန္ဒာက bulit-in sat nav system နဲ့ဆိုတော့ portable sat nav မှာ ရှိတဲ့ ဖြုတ်သိမ်းရတဲ့ ဒုက္ခငြိမ်းတာပေါ့။ အမလည်း Sat Nav အမြဲ မသုံးပါဘူး။ ပြောချင်တာလေး ရှိတော့ လိုရာ နည်းနည်း ဆွဲရေးရတာပေါ့။ ဒီလိုပဲ ဟဲဟဲ။

    မှန်လိုက်လေ သုနှင်းဆီရယ် ဟိ။

    ကြိုက်တယ် ဆိုလို့ ၀မ်းသာတယ် ဖူးရေ။

    ကိုAndy ရေ.....ကောင်းကွက်လေးတွေ ဖြည့်ရေးပေးတာ ကျေးဇူး။ မြေပုံ ပြောင်းပြန် မကြည့်တတ်ဘူးတဲ့။ မှန်လိုက်တာ ဒက်ထိပဲ ဟားဟား။ “ယောက်ျားတွေက မိန်းမနဲ့ Sat Nav ကို သဘောထားကတော့ ... ဟီးဟီး ပါပဲ” ဒီလို မတင်မကျလေး မလုပ်ပါနဲ့လေ။ အမှန်ကို ရဲရဲကြီးသာ ၀န်ခံလိုက်စမ်းပါး)

    သာမီး မေမိုး ပြောတာလည်း သဘောတူပါတယ်ကွယ် ဟိ။

    အစစ်ပဲ မီယာရေ့။ မနာလိုလို့ ကြုံသလို နှိပ်ကွပ်တာ ဖြစ်ရမယ်။

    မခင်ဦးမေ.....မကျေနပ်ခဲ့တာတွေ သွားရှင်းနေပြီလား မသိ။ သိပ်မစဉ်းစားပါနဲ့ အမရေ။

    ပြုံးပြုံးကြီး ပြန်သွားတဲ့ ပေါက်...နောက်လည်း လာလည်နော်။

    SDL က ဆိတ်ဆိတ်လေး နေနေတယ်။ သဘောထားအမှန်ကို သိလိုပါတယ်.....ဖွင့်ချလိုက်ပါး)

    ဒီပို့စ်ကို ရေးတာ Sat Nav နဲ့ မိန်းမ တူတဲ့ နေရာလေးတွေ၊ သူတို့အပေါ် ယောက်ျားတွေရဲ့ တုံ့ပြန်ပုံ အပြုအမူလေးတွေကို စာဖတ်သူများ မြင်မိ၊ မြင်တတ်သလောက် တွေးဖို့၊ ပြုံးဖို့ပါ။ ပေါ့ပေါ့ပါးပါး နဲ့ ပျော်ပျော်ပါးပါး ဖြစ်ဖို့ပဲ ရည်ရွယ်ပါတယ်။

    ညီမလေးတွေတော့ ချစ်သူ သို့မဟုတ် ချစ်သူလောင်းလျာ ကားမောင်းရင် သတိထား ကြည့်စရာကို သိသွားလောက်ပြီ ထင်ပါတယ်း) That would probabaly give you a hint on how you would be treated in the future :P

    ဘာပဲဖြစ်ဖြစ် နောက်နောင် ကားမောင်းတဲ့အခါ သို့မဟုတ် ဘေးကထိုင်လိုက်တဲ့အခါ ဒီဥပမာလေးကို သတိရပြီး ပြုံးမိတယ်ဆိုရင် အရမ်းကို ကျေနပ်မိမယ်။

    အားလုံး ပျော်ရွှင်ပါစေ။

    ခင်မင်လျက် - နုသွဲ့

    ReplyDelete
  11. တချို့Sat Nav ဆိုရင် မြစ်ထဲ ဆက်သွားပါတဲ့။ တချို့က မီးရထားလမ်း Train track ထဲအရောက်ပို့ပေး သွားတယ်။ တချို့က ပုလိပ်ရုံးထဲ ဖြတ်မောင်းဖို့ ပြောတာ ရှိသေး သြော်.. Sat Nav .. Sat Nav

    ReplyDelete
  12. I am worried if men think that way, because one sat nav never seems enough to them, always looking for newer version even though they already have an old tom tom.

    ReplyDelete
  13. ကျနော် ကတော့ မကြိုက်ဘူး။ ဒီကောင် တော်တော်ရူပ်တဲ့ကောင်ဗျ။ လမ်းကို မြန်မယ့်လမ်းကို ရွေးပေမယ့် တခါတလေ ကိုယ်သွားမယ့်နေရာက ၁၅ မိန်စ်လောက်ပဲမောင်းရတာ ဒီကောင်က free way က နေမောင်းခိုင်းတော့ အချိန်ပိုကြာတယ်လေဗျာ။ ကျနော်က ဂူဂယ်ကနေ လမ်းညွှန်ယူပြီး လစ်တယ်။

    ReplyDelete
  14. ဆောင်း တွေ့ဖူး၊ ကြားဖူးတဲ့ Sat Nav တွေက တကယ့်ဇော်တွေပဲ။ ပိုင်ရှင်ကို တော်တော် ဒုက္ခပေးကြတယ်ပေါ့နော်။ ဒါမျိုးလေးလည်း ရှိသေးတယ်တဲ့ ပရိသတ်ရေ.....

    Don't worry, Honey. If he upgrades his Sat Nav, you upgrade yours too. I mean your entire wardrobe ;P

    ကိုဟန်လင်းထွန်း ပြောတာမျိုး ကျွန်မလည်း ခဏခဏ ကြုံဖူးပါတယ်။ စက်ကို မတရား အားကိုးနေရတာလည်း သိပ်တော့ မကြိုက်လှဘူးရှင့်။ သူက သူသိသူတတ်ပဲ ထင်နေတာ၊ တစ်ခါတစ်ခါ တော်တော် လျှာရှည်တယ်း)

    ReplyDelete
  15. ဒီလို သဘောထားလို့ ရကောင်းလား။ လုပ်ကြည့်လေ။ ရမလားလို့။ ဟွန်း..

    ReplyDelete
  16. တို့ လဲ ခေါင်းမာမာဘဲ...။ အဲဒီ Sat Nav. ကို မကြိုက်တာမှ တော်တော်မကြိုက်တာပါ...။ အသံကြားရတာလဲ အရမ်း Irritate ဖြစ်တယ်။
    မတတ်သာရင်တော့ သုံးရတာပေါ့လေ...။ အဲဒီထဲမှာ ဘာလို့  မိန်မသံ ထောင့်တောင့်တောင့်ကြီး ထည့်ထားရသလဲ မသိပါဘူး.. အဲဒီအသံကို မကြိုက်ဖူး...။

    နုသွဲ့ ရေးထာတဲ့ နောက်ဆုံး စာပိုဒ်လေးကတော့ တော်တော်ကောင်းတယ်။ စဉ်းစားစရာပါဘဲ...
    အိမ်ပြန်ပြီး စဉ်းစားလိုက်ပါအုံးမယ်လေ...။

    ReplyDelete
  17. သာလိကာတစ်ကောင်သာ ရှိရင်တော့ “မှတ်ကရော...ချိုသင်း...ဂေါက်” (Sat Nav နဲ့ ကောက်ပေါက်လိုက်သံ)လို့များ အော်မလားပဲး)း)း)

    မသက်ဝေရေ.....ဆက်တွေးနေတာ။ Sat Nav က ယောက်ျားသံနဲ့ ဆိုရင်ကော မိန်းမတွေ ပိုသုံးမလား။ ပိုနားယောင်....အဲလေ....နားထောင်မလားလို့။ မပြောနိုင်ဘူးနော။ ရေထဲကျကျ၊ တောထဲရောက်ရောက် အပြောနောက် ပါကောင်းပါသွားနိုင်တယ်...ဟိဟိ။

    ReplyDelete
  18. လွမ်းစရာကောင်းတဲ့ အချိန်တွေ... ဆယ်စုနှစ်တခုနီးပါးတောင် ကြာခဲ့ပြီ...

    ReplyDelete

တွေးမိတာလေး ရေးသွားပါ။ ကျေးဇူးတင်ပါတယ်။