Thursday 23 April 2009

စိတ်ဆရာဝန်နှင့် တွေ့ဆုံခြင်း (၁)


“ David Smith ရှိပါသလား”

“ကျွန်တော်ပါပဲ”

“ဒါဆို ကျွန်မနောက်က လိုက်ခဲ့ပါ”

“ဟုတ်ကဲ့ ခင်ဗျ။ ဒါနဲ့ ကျွန်တော့် ဇနီးရော လိုက်လာလို့ ရမလား”

“လူနာ့ သဘောပါ။ ရှင် ခေါ်ချင်တယ်ဆို ခေါ်လာနိုင်ပါတယ်။ ကျွန်မအတွက်က ပြဿနာ မဟုတ်ပါဘူး။ ပံ့ပိုးသတင်း (collateral information) ရလို့ ပိုတောင် ကောင်းပါသေးတယ်”

“သြော် ဟုတ်ကဲ့။ ကျေးဇူးပဲ”

“ကဲ ထိုင်ကြပါ။ ကျွန်မကတော့ စိတ်ရောဂါ ဆရာဝန် သွဲ့ပါ။ တွေ့ရတာ ၀မ်းသာပါတယ် Mr. Smith”

“ကျွန်တော့်ကို David လို့ပဲ ခေါ်ပါ ခင်ဗျ။ တွေ့ရတာ ၀မ်းသာပါတယ်”

“ကျွန်မက Sharon ပါ။ တွေ့ရတာ ၀မ်းသာပါတယ်”

“ဟုတ်ကဲ့။ တွေ့ရတာ ၀မ်းသာပါတယ် Sharon”

“သိတဲ့အတိုင်းပဲ။ ရှင့်ရဲ့ အထွေထွေ ဆရာဝန် GP က လွှဲလို့ ကျွန်မတို့က ဒီနေ့ ပြင်ပလူနာဌာနမှာ appointment ကို ပေးတာပါ။ လူနာသစ် ဖြစ်လို့ တွေ့ဆုံမေးမြန်းခြင်း interview အတွက် အချိန် တစ်နာရီ ရပါတယ်။ ပထမ မိနစ်လေးဆယ်မှာ ကျွန်မက မေးခွန်းတွေ အများကြီး မေးမယ်။ မျှော်လင့်ပြီးသား ဖြစ်မယ် ထင်ပါရဲ့”

“ဆိုပါတော့”

“အချိန် အကန့်အသတ်ကြောင့်မို့ တချို့နေရာတွေမှာ ကျွန်မက စကား ဖြတ်ပြောကောင်း ပြောရမယ်။ ဒါကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျန်တဲ့ အချိန်ကတော့ ရှင်တို့ မေးချင်တာ မေးဖို့ရယ်၊ ကျွန်မရဲ့ ထင်မြင်ချက်နဲ့ ရှေ့ကုထုံးကို ဆွေးနွေးဖို့ရယ်ပေါ့။ ဒီမှာ ပြောတဲ့ စကားတွေကို မလိုအပ်တဲ့ ပြင်ပပုဂ္ဂိုလ်တွေဆီ ဖွင့်ဟခြင်း မပြုဘူးဆိုတာ ပြောပြချင်ပါတယ်။ ရှင့်ရဲ့ GP ဆီကိုတော့ အသေးစိတ် အကြောင်းကြားစာ ရေးပါမယ်။ ဒီစာရဲ့ မိတ္တူကို ရှင်လိုချင်တယ်၊ မလိုချင်ဘူး ဒီစာရွက်မှာ ရွေးချယ်ပြီး လက်မှတ်ထိုးပါ”

“ကျွန်တော် သိချင်ရင် ကျွန်တော့် GP ဆီ အချိန်မရွေး သွားမေးလို့ ရနေတာမို့ မိတ္တူ မလိုပါဘူးဗျာ”

“ကောင်းပြီလေ”

“ကဲ ဒီနေ့ ကျွန်မဆီကို လာတွေ့ရတဲ့ အကြောင်းရင်းလေး ပြောပါဦး”

“ကျွန်တော် စိတ်ဓာတ်ကျနေတယ်။ ကုန်းကောက်စရာ မရှိလောက်အောင် ကျတာ။ တစ်နေ့ တစ်နေ့ ခေါင်းပေါ်မှာ တိမ်တိုက်မဲကြီး အုံ့နေသလိုပဲ”

“တခြားရော ဘာတွေ ခံစားရသေးလဲ”

“တချိန်လုံး နုံးချိပြီး ဘာမှ မလုပ်ချင်ဘူး။ ဘာကိုမှလည်း စိတ်မ၀င်စားတော့ဘူး။ အစားတောင် မိန်းမက တိုက်တွန်းလို့သာ စားရတာ၊ ခံတွင်း မတွေ့လှဘူး။ ညညလည်း အိပ်လို့ မရဘူး”

“နောက်ထပ်ရော”

“သတိလည်း မကောင်းတော့ဘူးဗျ။ မေ့လွယ်နေတယ်။ စိတ်က အာရုံမစိုက်နိုင်ဘူး”

“ဒီလို ဖြစ်တာ ဘယ်လောက် ကြာပြီလဲ”

“ခြောက်လလောက် ရှိပြီ။ GP ပေးတဲ့ anti-depressant နဲ့လည်း မသက်သာပဲ ပိုဆိုးလာလို့ စိတ်ရောဂါ အထူးကုနဲ့ လာပြတာ”

“ရှင်က ဆေးမှန်မှန် သောက်ဖြစ်လို့လား”

“သောက်ပါတယ်”

“ဆေးပြင်းအားက ဘယ်လောက်တုံး”

“စကတည်းက အတိုင်းပဲ။ မတိုးထားဘူးဗျ”

“ဘာဆေးလဲဆိုတာ မှတ်မိလား”

“ဆေးနာမည် မမှတ်မိဘူး။ P နဲ့စတယ် ထင်တယ်”

“ထားပါတော့။ ဒီလိုဖြစ်နေတာ ခြောက်လ ကြာပြီဆိုရင် ဒီခြောက်လ မတိုင်ခင်မှာ ရှင့်ဘ၀ သို့မဟုတ် ပတ်ဝန်းကျင်မှာ ဘာများ အပြောင်းအလဲ ဖြစ်ခဲ့သလဲ”

“အလုပ်မှာ တာဝန်တွေ ပိုပိလာတယ်ဗျ။ သူများတွေ အလုပ်ပြုတ်တော့ သူတို့အလုပ်တွေ ကိုယ့်ပေါ် ရောက်လာတာပေါ့။ ကိုယ်ကလည်း တည်မြဲရေး ကြောက်နေရတော့ မညည်းရဲဘူး”

“အလုပ်မှာ ဆက်ဆံရေးကရော ဘယ်လို နေလဲ”

“ကျွန်တော် ခုတလော လူတွေကို ရှောင်သလို၊ စိတ်လည်း ဆတ်နေတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောတယ်”

“ဒေါသကြောင့် ကိုယ့်ကိုကိုယ် တစ်ခုခု ထိခိုက်အောင် လုပ်မိတာ ရှိလား၊ သူများကို နှုတ်အား၊ကိုယ်အားနဲ့ ရန်ပြုမိတာ ရှိလား”

“မရှိဘူးဗျ၊ ကျွန်တော်က ပင်ကိုယ်စိတ် နူးညံ့သူပါ”

“ လူတိုင်းကို မေးသင့်တဲ့ မေးခွန်းတွေ မေးနေကျမို့ ပုဂ္ဂိုလ်ရေးအနေနဲ့ မမြင်စေချင်ဘူး”

“နားလည်ပါတယ် ခင်ဗျ။ ဆရာမ တာဝန်ရှိသလို မေးချင်တာအားလုံး မေးပါ။ ကျွန်တော်က အမှန်အတိုင်း ဖြေပါမယ်။ ကျွန်တော့်အကျိုးအတွက်ပဲလေ”

“ကောင်းပါပြီ။ စိတ်ဓာတ် အရမ်းကျသူတွေဟာ တခါတရံ ထူးဆန်းတဲ့ အတွေ့အကြုံတွေ ရတတ်တယ်။ ရှင် ဒါမျိုး ကြုံဖူးသလား”

“မေးခွန်းကို မရှင်းလို့ ပြန်ပြောပြပေးပါဦး”

“ဘယ်သူမှ အနားမရှိပဲ အသံတွေ ကြားတာမျိုး၊ ကိုယ့်ကို သူများက စောင့်ကြည့်နေတယ်လို့ ထင်တာမျိုးပေါ့”

“မရှိသေးဘူးဗျ။ တော်ပါသေးရဲ့”

“အရင်က ဒီလို စိတ်ဓာတ်ကျဖူးလား”

“ကျဖူးတယ်။ ဒါပေမယ့် ဒီလောက် မကြာဘူး၊ မဆိုးဘူး။ ဆေးမသောက်ပဲ ပြန်ကောင်းသွားတယ်”

“သွေးသားရင်းချာထဲမှာ အလားတူ ဒါမှမဟုတ် စိတ်ရောဂါ တစ်မျိုးမျိုး ခံစားရသူ ရှိလား”

“အမေကတော့ စိတ်ကြွစိတ်ကျရောဂါနဲ့ ဆေးရုံတက်ရဖူးတယ်။ ကြာလှပါပြီ။ ခုတော့ Lithium သောက်ပြီး ကောင်းနေတာပဲ”

“အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး သုံးသလား”

“ဘီယာလေးတော့ နှစ်ပိုင့်လောက် ညတိုင်း သောက်ဖြစ်တယ်။ စိတ်ပြေလက်ပျောက်ပါ။ သောက်နေကျပဲဗျ။ ကျန်တာတော့ မလုပ်ပါဘူး”

“ဘယ်လောက် ကြာပြီလဲ။ အရင်ကထက် ပိုသောက်ဖြစ်သလား”

“ကျွန်တော် ဆယ့်ကိုးနှစ်သားကတည်းက သောက်တတ်တာ။ ပုံမှန်သောက်တာကတော့ ခု နောက်ပိုင်းမှပါ။ သုံးနှစ်လောက်တော့ ရှိပြီ။ စသောက်ကတည်းက ဒီလောက်ပါပဲ”

“တခြား အရက်တွေ၊ ၀ိုင်တွေရော”

“မသောက်ပါဘူး”

“ကားမောင်းလား”

“မောင်းပါတယ်”

“ယာဉ်စည်းကမ်းဆိုင်ရာ အရေးယူခံရတာ ရှိလား”

“မရှိပါဘူး”

“ရုံးရောက် ဂတ်ရောက် ဖြစ်ဖူးလား”

“မဖြစ်ဖူးပါဘူးဗျာ”

“ကဲ ကဲ ရှင့်ကို အနားပေးပြီး ရှင့်ဇနီးကို မေးလိုက်ဦးမယ်။ ပြီးရင် ရှင့်အလှည့် ပြန်ရောက်လာမယ်”

“ကျွန်တော် အခန်းပြင် ထွက်ပေးရမလား”

“မလိုပါဘူး။ ရှင်တို့ လင်မယားချင်း ကျေနပ်ရင် ကျွန်မအတွက်က ဘာမှ မထူးပါဘူး”

“ဒါဆို ကိုယ် ဆက်နေရင် ရတယ် မဟုတ်လား Sharon? ”

“ Of course, you can”

ဆက်လက် ရေးသားပါမည်...


11 comments:

  1. နုသွဲ့ရေ (မမနုသွဲ့လို့တောင် ရေးမိတော့မလို့)
    စိတ်ဝင်တစားစောင့်ဖတ်နေပါတယ်။

    ReplyDelete
  2. မနုသွဲ့ရေ..
    ကျနော့်ကိုယ် ကျနော်လဲ သံသယရှိတယ်..
    မနုသွဲ့ရော..နေမကောင်းဖြစ်တာ..သက်သာသွားပြီလား
    ဆန်ပြုပ်သောက်ရတုန်းလား..

    ReplyDelete
  3. စိတ်ဝင်စားစရာပါပဲ... နောက်တပိုင်းကို မြန်မြန်ရေးပါဗျို့...း)

    ReplyDelete
  4. စိတ်ဝင်စားစရာပဲ... ကိုယ့်ကိုမေးလာရင် ဘယ်လိုဖြေရမလဲ သိထားရတာပေါ့.. (နောက်တာပါ).. ဆက်ရေးပါဗျို့ :)

    ReplyDelete
  5. အဲ.. ပုံလေးလိုချင်ရင် ယူုလို့ရပါတယ်နော်.. save လုပ်သွားပါ မနုသွဲ့

    ReplyDelete
  6. ဒေါက်တာရေ..စိတ်ဝင်တစားစောင့်ဖတ်နေပါတယ်..ကိုယ်နဲ့တိုက်ဆိုင်တာတွေများ များနေမလားပဲ..:)

    ReplyDelete
  7. စိတ်ဝင်စားဖို့ကောင်းတယ်....ဖတ်ချင်ပါသေးတယ်....

    ReplyDelete
  8. အမရေ... စိတ်ကျတာရော တက်တာရော ဘေးနားမှာ တပုံကြီး။ ကြောက်တယ်။ ဆက်ပါဦး။

    ReplyDelete
  9. အခုတလော လူတော်တော်များများ ဒါမျိုး ဖြစ်နေသလိုပဲ။ စိတ်ကျတာ ချိုသင်းလဲ တခါတလေ ဖြစ်တယ်။ မမရေးတာ အံကိုက်ပဲ။ သိပ်လဲ စိတ်ဝင်စားတယ်။ စိတ်ကျရင် ကိုယ်ပျော်ရွှင်တဲ့ အလုပ်တခုခုနဲ့ occupy ဖြစ်အောင် ကြိုးစားနေရတယ်။ အကျိုးရှိလိုက်တာ မမ။ ဆက်ဖတ်မယ်နော်။ အချိန်ရရင် မြန်မြန်ရေးပါ။
    ကိုယ့်အိမ်ထောင်ဖက်ကိုပါ မေးတော့ ကိုယ်ဒီလိုဖြစ်နေချိန်မှာ သူဘယ်လို ခံစားနေရလဲ သိရတာပေါ့။ နို့မို့ဆို သူ့ခံစားချက်ကို သတိမမူတတ်ဘူး။

    ReplyDelete
  10. အားလုံးကို ကျေးဇူးပါ။ ဆက်ရေးဖို့ ကြိုးစားနေပါတယ်။ အချိန်နည်းနည်း ရှားနေလို့။

    ReplyDelete
  11. စိတ်ဝင်စားပါတယ်... ဆက်ရေးပါအစ်မ

    ကေကေ

    ReplyDelete

တွေးမိတာလေး ရေးသွားပါ။ ကျေးဇူးတင်ပါတယ်။