မြန်မာအစားအစာတော့ မဟုတ်ပါဘူး။ ခုရက်ပိုင်း အတော်အေးလာတော့ တံခါးတွေ ပြတင်းပေါက်တွေ အကြာကြီး ဖွင့်ထားပြီး ချက်စရာ မလိုတဲ့ အလွယ်နည်းလေးပါ။ အိမ်ထဲမှာ ဟင်းနံ့တွေ စွဲကျန်နေတာ မကြိုက်တဲ့ ကိုယ်လိုလူတွေအတွက် အသုံးဝင်မယ် ထင်လို့ ဝေမျှလိုက်ပါတယ်။
ကြက်ကို အကောင်လိုက် သို့မဟုတ် နှစ်သက်ရာ အပိုင်းတွေ သုံးနိုင်ပါတယ်။ အသေးစား ကြက်တစ်ကောင်ကို ပျားရည် စားပွဲဇွန်း ငါးဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း သုံးဇွန်း၊ နနွင်း (ဒါက မြန်မာမှု ပြုထားတာ။ ဘိုတွေကတော့ ငြုတ်ကောင်းမည်းအမှုန့် သုံးပါတယ်) လက်ဖက်ရည်ဇွန်း သုံးဇွန်းနဲ့ နယ်ပါ။ တစ်နာရီလောက် နှပ်ထားပါ။ မနှပ်နိုင်လည်း သိပ်ကိစ္စ မရှိပါဘူး။
Parsnip ကို မြန်မာလို ဘာခေါ်လဲတော့ မသိဘူး။ မုန်လာဥဖြူနဲ့ ဆင်ပေမယ့် ဆိမ့်ပြီး ချိုပါတယ်။ အခွံတွေကို သင်လိုက်ပြီး အရှည်လိုက် လှီးပါ။ မုန်လာဥနီနဲ့ အာလူးကို လေးထောင့်တုံး သေးသေးလေးတွေ တုံးပြီး ပျားရည်၊ ဆား၊ နနွင်းအရော လက်ကျန်လေး လူးပြီး ၀မ်းခေါင်းထဲကို သိပ်ထည့်ပါ။ ကြက်က ကြိုးနဲ့ တုတ်ထားတာမို့ ကင်လိုက်တဲ့အခါ ကွဲထွက်မလာပါဘူး။ အာလူးကိုတော့ အခွံသင် လေးစိတ်စိတ်ပြီး ဆယ်မိနစ်လောက် ပြုတ်၊ ရေသွန်၊ အိုးပေါ်ပြန်တင် သွေ့အောင် လုပ်ပြီးမှ အကင်ဗန်းထဲကို ထည့်ပါ။ မုန်လာဥနီကို ရှည်ရှည်လေးတွေ တုံး၊ Brussels sprout ခေါ်တဲ့ ဂေါ်ဖီထုပ် ပိစိကွေးလေးတွေကို လေးစိတ်ကွဲ ဓားရာပေးပြီး အိုးထဲမှာ အဆင်သင့် ပြင်ထားပါ။ ကြက်သား ကျက်ခါနီး မိနစ်နှစ်ဆယ်လောက်မှ ပြုတ်ရင် အတော်ပဲ။
Oven ကို ဆယ်မိနစ်လောက် ကြိုဖွင့်ပြီး ၂၀၀ ဒီဂရီ စင်တီဂရိတ်မှာ ထားပါ။ အသားကင်မယ့်ဗန်း ပူလာရင် ကြက်အကောင်လိုက်ကို အလယ်မှာ ထား၊ parsnip နဲ့ အာလူး အတုံးလေးတွေကို ဘေးမှာ ရံပြီး မိနစ်ကိုးဆယ် ကင်လိုက်ရင် ကောင်းကောင်း ကျက်ပြီ။ သေချာချင်ရင်တော့ သွေးကျန်မကျန် ဓားနဲ့ လှီးကြည့်ပေါ့။ အရေခွံတွေ အရမ်းတူးမသွားစေချင်ရင် အစပိုင်း မိနစ်လေးဆယ်လောက်မှာ kitchen foil နဲ့ အုပ်ထားပါ။ နောက်ပိုင်းမှ foil ကို ဖယ်လိုက်ရင် အရေခွံ ကျွတ်ကျွတ်လေး ရပါတယ်။ တချိန်တည်းမှာပဲ ဆီ စားပွဲဇွန်း နှစ်ဇွန်းလောက်ကို သုတ်ပေးပါ။ Oven ဖွင့်ကြည့်ချိန်မှာ အငွေ့တွေ လုံးထွက်လာတတ်လို့ smoke alarm မြည်မှာလည်း သတိထားလိုက်ပါဦး။
ကြက်သား ရတဲ့ အချိန်မှာ ဟင်းသီးဟင်းရွက်ပြုတ်နဲ့ ရော၊ အသားကင်ထဲက ထွက်လာတဲ့ အချိုရည်လေး ဆမ်းပြီး စားလိုက်ရင် အလုပ်လည်း သိပ်မရှုပ်၊ အိမ်လည်း သိပ်မနံစော်စေပဲ အာဟာရပြည့်၊ အရသာရှိတဲ့ ညစာတစ်ခွက် ဖြစ်ပါတယ်။ တစ်ယောက်တည်းသမားဆိုရင် လေးနပ်လောက်တော့ အသာလေးပဲ။ စနေ တနင်္ဂနွေမှာ ဟင်းတွေချည်း ချက်မနေရဘူးပေါ့။ မိသားစုသမားများအတွက်တော့ တစ်နပ်စာ ပျော်ပျော်ပါးပါး ၀၀လင်လင် စားလို့ ရပါတယ်။