Showing posts with label Health Information. Show all posts
Showing posts with label Health Information. Show all posts

Sunday, 20 December 2009

ECT သို့မဟုတ် ရှော့ခ်ရိုက် ကုသခြင်း

Electro Convulsive Therapy (ECT) လို့ ဆိုလိုက်တာနဲ့ လူတော်တော်များများ ကျောထဲ စိမ့်သွားတတ်ကြပါတယ်။ ရုပ်ရှင်တွေထဲမှာ ပုံဖော်တာက ကြောက်စရာကိုး။ တကယ်တမ်းလည်း အပြင်မှာ ဟိုးအရင်က အတော် ကြောက်စရာ ဖြစ်ခဲ့ပါတယ်။ ခေတ်မီ မေ့ဆေး၊ ကြွက်သား ဖြေလျော့ဆေးတွေ မသုံးနိုင်ခင်ကပေါ့။

ECT ကို လူတွေ ကြောက်တယ် ဆိုတာ အဆိုးတွေကိုပဲ ပုံကြီးချဲ့ပြတဲ့ မီဒီယာတွေ၊ သြဇာရှိသူတွေရဲ့ သက်ရောက်မှုတွေကြောင့်သာ ဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာတွေ့ရှိတဲ့ အန္တရာယ်ရှိမှုကြောင့် မဟုတ်ပါဘူး။ ဆိုလိုချင်တာက အရပ်ပြောနဲ့ပဲ ရမ်းကြောက်နေကြတာ ဖြစ်ပါတယ်။

ခုခေတ်မှာတော့ လူနာကို ရှော့ခ်ပေးချိန် မိနစ်ပိုင်းလေးအတွင်း မေ့ဆေး ပေးထားလို့ ရတယ်။ ရှော့ခ်ကြောင့် တက်တဲ့အခါ ကြွက်သားတွေ အရမ်း မလှုပ်ရှားရလေအောင် ဖြေဆေး ပေးထားတယ် ဆိုတော့ မလိုအပ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေ မရှိတော့ပါဘူး။ လူနာကလည်း ဟန်မပျက်လေး ပြန်နိုးလာ လက်ဖက်ရည် သောက်ပြီး နာရီဝက်လောက် နေရင် လူနာဆောင်ထဲ ပြန်နိုင်တာပဲ။

ECT သို့မဟုတ် လျှပ်စစ်ဓာတ်နဲ့ ရှော့ခ်ရိုက် ကုသခြင်းကို ၁၉၃၈ ခုနှစ်မှာ အီတာလျံလူမျိုး သုတေသန ပညာရှင် နှစ်ဦး ( Cerletti and Bini) က ခွေးတွေမှာ စမ်းသပ်ရင်း တွေ့ရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင် ၁၉၃၄ ခုနှစ်တုံးက ဟန်ဂေရီလူမျိုး စိတ်ရောဂါကု ဆရာဝန် Meduna က စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) နဲ့ အတက်ရောဂါ (Epilepsy) လက္ခဏာတွေ အတူတွဲ မဖြစ်တတ်တာကို ပထမ လေ့လာမိခဲ့တာ ဖြစ်ပါတယ်။ ဒါပေါ် မူတည်ပြီး အီတာလျံနှစ်ယောက်က လူတွေမှာ ဒီကုထုံးကို စသုံးကြည့်ရာကနေ တွင်ကျယ်လာခဲ့တာပါ။

ပထမတော့ ဒီကုထုံးကို စိတ်ကစဉ့်ကလျားရောဂါ ဝေဒနာရှင်တွေမှာပဲ အသုံးများခဲ့ပါတယ်။ မေ့ဆေးလည်း မသုံး၊ ကြွက်သား ဖြေလျော့ဆေးတွေလည်း မသုံးပဲ အစိမ်း ရှော့ခ်ရိုက်တာ ဆိုတော့ အတော်ပဲ ကြောက်စရာ ကောင်းခဲ့ပါတယ်။ လူအများ ကြောက်ခဲ့တာလည်း ဒါမျိုးကို နာမည်ကြီး ရုပ်ရှင် (One Flew Over the Cuckoo's Nest) မျိုးမှာ တွေ့ခဲ့ကြတာကိုး။ (A Beautiful Mind ဇာတ်ကားထဲမှာ သုံးတာကတော့ Insulin Shock / Insulin Coma Therapy ဖြစ်ပါတယ်။ တော်တော် ကြောက်စရာကောင်းပြီး သိပ္ပံနည်းမကျတဲ့ ကုထုံး ဖြစ်လို့ နောက်ပိုင်းမှာ ဆက်မသုံးတော့ပါဘူး)

ဒီလိုဆိုတော့ ECT ကရော သိပ္ပံနည်းနဲ့ အတိအကျ နားလည်ပြီးသား ကုထုံးလားလို့ မေးရင် မဟုတ်သေးပါဘူး။ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေအပေါ် သက်ရောက်မှု ရှိတယ် ဆိုတာ သိပေမယ့် ဘယ်လို mechanism of action နဲ့ အတိအကျ အလုပ်လုပ်တယ် ဆိုတာ အသေးစိတ် မသိကြသေးပါဘူး။ သို့သော် မေ့ဆေး၊ ကြွက်သားဖြေလျော့ဆေးတွေနဲ့ ဘေးထွက်ဆိုးကျိုး နည်းအောင် လုပ်လို့ ရလာတာရယ်၊ လက်တွေ့စမ်းသပ်ချက်တွေအရ ရောဂါလက္ခဏာတွေ သက်သာပြီး အကျိုးရှိမှန်း သေချာသိလာတာရယ်ကြောင့် ECT ကတော့ စိတ်ရောဂါကုထုံး တစ်ခုအနေနဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဆေးနဲ့ ကုလို့ မရမှ သုံးတဲ့နည်းပါ။ First-line treatment တော့ မဟုတ်ပါဘူး။

ECT ကို မူလက စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) မှာ သုံးပေမယ့် နောက်ပိုင်း စမ်းသပ်တွေ့ရှိချက်တွေအရ အဲဒီရောဂါမှာ မထိရောက်လှတာ သိလာလို့ မသုံးတော့ပါဘူး။ ခုခေတ်မှာတော့ ECT ကို အပြင်းထန်ဆုံး စိတ်ဓာတ်ကျရောဂါ (မစားမသောက်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးကိုပါ ခြိမ်းခြောက်ထိခိုက်လာတဲ့ သို့မဟုတ် သတ်သေဖို့ အလားအလာ သိပ်များနေတဲ့ အနေအထားမျိုး) မှာ အရေးပေါ် အနေနဲ့ သုံးပါတယ်။ မြန်မြန်နဲ့ အာနိသင် ရတတ်လို့ အသုံးတည့် အသက်ကယ်ရာ ရောက်ပါတယ်။ သုံးသင့်တဲ့ နေရာ ဆိုရမှာပေါ့။ အသက်ကြီးသူ လူနာတွေကျတော့ ဆေးတွေကို ပြင်းအားများများ တင်လိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးဒဏ် မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခါမှာ တခြားနည်းလည်း မရှိတော့တဲ့အတွက် ECT ကို အဆိုပြု အသုံးချတတ်ပါတယ်။ တချို့ကျတော့ ဆေးတွေ အမျိုးစုံကို ဂိတ်ဆုံးရောက်တဲ့ထိ တင်တာတောင် အကျိုး မခံစားရလို့ (တနည်းအားဖြင့် ဆေးမတိုးလို့) သုံးရတာ ရှိပါတယ်။

ဘာကြောင့်ပဲ သုံးမယ်လို့ ဆုံးဖြတ် ဆုံးဖြတ်၊ လူနာကို အရင် ရှင်းပြပြီး သူ သဘောတူမှ ပေးရတာပါ။ လူနာက မဆုံးဖြတ်နိုင်လောက်အောင် စိတ်ရောဂါ ဖိစီးနေရင်တော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဒုတိယ ထင်မြင်ချက်ပေး ဆရာဝန်ကြီး (second opinion doctor) ကို တိုင်ပင်ပြီးမှ ပေးပါတယ်။ အရမ်း လုပ်လို့ မရပါဘူး။

ရှော့ခ်ရိုက်တယ် ဆိုရာမှာ လျှပ်စစ်ဓာတ် ပြင်းအားအနည်းငယ်ကို ဦးခေါင်းရဲ့ ဂျိုစောင်းတစ်ဖက်တစ်ချက်ကနေ electrode နဲ့ စက္ကန့်ပိုင်းလေး ပေးတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ လူနာကို မေ့ဆေးဆရာဝန်က စစ်ဆေးပြီး မေ့ဆေးအတိုစားနဲ့ ကြွက်သားဖြေလျော့ဆေး ကြိုပေးထားပါတယ်။ တက်တဲ့အချိန်မှာ လူနာ ဘာမှ မသိဘူးပေါ့။ ကြွက်သားတွေလည်း မတရား တောင့်တင်းမကုန်တဲ့အတွက် ခြေလက်တွေ ကောက်ကွေး တက်ချက် ကျိုးပဲ့တာ မဖြစ်တော့ပါဘူး။ ဒါဟာ ခေတ်မီ ပြုပြင်ပြောင်းလဲထားတဲ့ modified ECT ပါပဲ။ အနောက်နိုင်ငံတွေမှာ လက်ရှိ သုံးနေဆဲ ဖြစ်ပါတယ်။ အသေအချာ ရွေးပြီး သုံးတာ ဖြစ်ပြီး လူနာလည်း အကျိုးကျေးဇူး ခံစားရပါတယ်။ စိတ်လည်း ချရပါတယ်။

ECT ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ မေ့ဆေးနဲ့ ပတ်သက်တဲ့ အန္တရာယ် (အခြားသော အသေးစား ခွဲစိတ်ခြင်းများမှာ အတိုင်း) ရှိတတ်တာရယ်၊ မှတ်ဥာဏ်ကို ထိခိုက်တာရယ် (ECT ရှော့ခ်ရိုက်ခါနီး အချိန်က အဖြစ်အပျက်တွေကို မမှတ်မိပေမယ့် ကျန်တဲ့ မှတ်ဥာဏ်က ဘာမှ မဖြစ်ပါဘူး) အဓိက ဖြစ်ပါတယ်။ ECT တစ်ခါ ပေးပြီးတိုင်း ခေါင်းကိုက် ခေါင်းမူးတတ်တာ၊ ကြွက်သားတွေ ကိုက်ခဲတတ်တာ၊ ပျို့အန်ချင်ပြီး အစားမစားနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။

ECT ကုထုံးကို ဘယ်လူနာမဆို ကုနိုင်တာ မဟုတ်ပါဘူး။ ဦးနှောက်တွင်း ဖိအားများနေတဲ့ (ဦးနှောက်အကြိတ် တစ်မျိုးမျိုး ရှိနေ) သူတွေ၊ မကြာသေးမီက နှလုံးရောဂါ ရထားသူတွေ၊ နှလုံး သွေးကြောမကြီး သို့မဟုတ် ဦးနှောက်တွင်း သွေးကြောဖောင်းနေတဲ့ ရောဂါ (cerebral / arotic aneurysms) ဒီကုထုံး မခံယူသင့်ပါဘူး။ ECT ကြောင့် သွေးဖိအား၊ ဦးနှောက်တွင်း ဖိအားတွေ ပိုများလာပြီး ရောဂါ ပိုဆိုး၊ အသက်အန္တရာယ် ရှိနိုင်လို့ပါ။

လူနာတစ်ယောက်ဟာ ECT နဲ့ ကုရပြီ ဆိုရင် တစ်ပတ်မှာ နှစ်ခါ ECT treatment ယူရပါတယ်။ နေ့တိုင်းကိစ္စ မဟုတ်ပါဘူး။ တတိယပတ်လောက် ရောက်လာရင် ရောဂါလက္ခဏာတွေ တော်တော်ပဲ သက်သာ ပျောက်ကင်းနေတတ်ပြီ။ စုစုပေါင်း ၆ ကြိမ်ကနေ ၈ ကြိမ် treatment ယူရတတ်ပါတယ်။ ECT ကြောင့် ရောဂါ သက်သာခြင်းဟာ အဖြစ်မြန် အပျက်မြန်လို့ အရေးပေါ် အခြေအနေမှာပဲ အသုံးတည့်ပါတယ်။ ရေရှည်ထိန်းတဲ့ ကုထုံးအဖြစ် အသုံးမ၀င်ပါဘူး။ ဒီ့အတွက် ပုံမှန် သောက်ဆေးနဲ့ ကုရပါတယ်။

ECT ကို အင်မတန် ကြောက်စရာကောင်းပြီး လူမဆန်တဲ့ ကုထုံးအဖြစ် ပုံဖော်ကြသူများ ရှိသလို ECT ကြောင့် ဘ၀တွေ ပုံမှန် ပြန်ရောက် ဘ၀တန်ဖိုးတွေ ပြန်ခံစားနိုင်တဲ့ လူနာတွေ၊ သူတို့ရဲ့ မိသားစုတွေလည်း တပုံတပင် ဖြစ်ပါတယ်။ ကျွန်မ အလုပ်လုပ်ခါစက လူနာတစ်ယောက်ကို consent ယူဖို့ ECT အကြောင်း ရှင်းပြတော့ သူက မင်းသာ ငါ့နေရာမှာဆို ဒီကုထုံးကို လက်ခံမလားတဲ့။ ကိုယ် ပြောတာ ကိုယ် ယုံကြည်တဲ့အတွက် 'of course I would' လို့ ဖြေခဲ့တာ သတိရမိတယ်။ ပြောချင်တာက တကယ် လိုအပ်သူတွေအတွက် ထိရောက်တဲ့ ကုထုံး ဖြစ်တယ် ဆိုတာပါပဲ။ တွေ့ဖူး သိဖူး ကြားဖူးတာ ရှိရင် အတွေ့အကြုံ ဝေမျှဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေးပြီး ချမ်းသာကြပါစေ။

(ပြည်သူ့ကျန်းမာရေး စုပေါင်းဘလော့ဂ်မှာ တင်ပြီးသား ဖြစ်ပါတယ်။ မဖတ်ဖြစ်လိုက်သူများ ဖတ်ရအောင် ပြန်တင်လိုက်ပါတယ်)

Wednesday, 3 December 2008

Adult ADHD


စာဖတ်သူ ဘိုဘို အမေးရှိလာလို့ ကိုယ်တိုင် မတွေ့ဖူး၊ မကုဖူး(သေး)တဲ့ ရောဂါအကြောင်း ရှာဖွေဖတ်ရှုပြီး ပို့စ်တင်လိုက်ပါတယ်။ အများအတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


လူကြီးတွေမှာ ဖြစ်တဲ့ အာရုံမစိုက်နိုင်တဲ့ ရောဂါ (Adult Attention-Deficit Hyperactivity Disorder) ဟာ ကလေးတွေမှာ ဖြစ်တဲ့ ADHD ရောဂါလက္ခဏာတွေနဲ့ တော်တော်တူပါတယ်။ ဒေါက်တာ ဇင်သူ ရေးပြီးသားမို့ Public Health in Myanmar site က သူ့စာကိုပဲ ဒီမှာ ညွှန်းလိုက်ပါတယ်။

အတိုချုပ် နည်းနည်း ပြန်ကောက်ရရင်တော့ အဓိက လက္ခဏာတွေမှာ

(၁)အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention)
(၂)ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity)
(၃)လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်ခြင်း (Impulsivity)
တို့ ပါဝင်ပါတယ်။

ကလေးတွေမှာ ဒီရောဂါကို ရောဂါအနေနဲ့ သတိပြု ရှာဖွေ၊ လက်ခံကုသနှုန်း မြင့်မားပေမယ့် လူကြီးတွေမှာတော့ ဒီလို မဖြစ်သေးပါဘူး။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ရောဂါလက္ခဏာတွေ လျော့ပါးလာတယ် ဆိုသော်ငြား၊ သူတို့အားလုံး လူငယ်လူလတ်ပိုင်း ရောက်တာနဲ့ ဒီရောဂါ လုံးဝ အရှင်းပျောက်သွားတယ် ဆိုတဲ့ သာဓက မရှိပါဘူး။ ဆိုလိုတာက ရောဂါလက္ခဏာတချို့ ကျန်နေနိုင်ပြီး လူနာရဲ့ နေ့စဉ် လူမှုဘ၀၊ အလုပ်အကိုင် စတာတွေမှာ အနှောက်အယှက်ပေး၊ ထိခိုက်စေနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထုတ်ဝေခဲ့တဲ့ ပေါင်းချုပ်သုတေသန (Meta-analysis) စာတမ်းတစ်စောင်အရ ADHD ရောဂါရှင် ကလေးတွေကို အသက် (၂၅)နှစ်မှာ ပြန်စစ်ဆေးကြည့်တဲ့အခါ ၁၅% ခန့်ဟာ ရောဂါလက္ခဏာအားလုံး ရှိနေသေးပြီး ၆၅% ကတော့ ရောဂါလက္ခဏာတချို့ ရှိနေပါသေးသတဲ့။

ADHD ရောဂါရှင် လူကြီးတွေမှာ ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity) ဟာ ကလေးဘ၀က ခန္ဓာကိုယ် လှုပ်ရွနေတာမျိုးထက် မိမိဖာသာ ခံစားရတဲ့ စိတ်ထဲက ဂနာမငြိမ်တာမျိုး၊ စိတ်ကို လျှော့ဖို့ရာ ခက်ခဲတာမျိုး၊ ငြိမ်ငြိမ်လေး နေရရင် စိတ်ညစ်လာတာမျိုး ဖြစ်ပါသတဲ့။

အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention) ဆိုရင်လည်း အသေးစိတ်လေးတွေကို အာရုံစိုက်မရတာမျိုး၊ စာတစ်ကြောင်းတစ်ပုဒ်ကို အခါခါ ပြန်ဖတ်နေရတာမျိုး၊ လုပ်စရာ ကိစ္စ ဆုံစရာ ချိန်းဆိုချက်တွေကို မေ့တတ်တာမျိုး၊ ပစ္စည်းတွေ ခဏခဏ ပျောက်၊ စကားပြောလက်စ အစပျောက်သွားတတ်တာမျိုး တို့ ဖြစ်တတ်ပါတယ်။ အတွေးတွေကလည်း ဟိုရောက်ဒီရောက် အမြဲပဲ ယောက်ယက်ခတ်လို့။ ဘာကိစ္စပဲ ဖြစ်ဖြစ် ပြီးအောင် မလုပ်နိုင်၊ ပြဿနာဆိုလည်း မဖြေရှင်းနိုင်၊ အချိန်နဲ့လည်း မပြီးဆိုတော့ အလုပ်မှာ ဘယ်အဆင်ပြေပါ့မလဲ။ စိတ်ကလည်း ကျသွားလိုက်၊ တက်ကြွနိုးကြားလိုက်နဲ့ တစ်ခါတလေဆို ဒေါသပေါက်ကွဲတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။ ဒီလို ဖြစ်တော့ လူတွေ (မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူ) နဲ့ ဆက်ဆံရေးပါ ထိခိုက်လာတာပေါ့။

လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်တဲ့ (Impulsivity) အကျင့်ကြောင့် လူအများနဲ့တွဲပြီး လုပ်ရတဲ့ အလုပ်တွေမှာ ပြဿနာ ပေါ်နိုင်ပါတယ်။ ကျားမ ဆက်ဆံရေး Relationship ကိုလည်း မစဉ်းမစား စိတ်ထဲပေါ်ရာ ခုတွေ့ခုတွဲ ခုပြတ် လုပ်တတ်ပါတယ်။ ဘယ်အရာကိုမှ အလေးအနက် မစဉ်းစားပဲ ပေါ့ပေါ့ဆဆ ကမျောသောပါး ဆုံးဖြတ်ချက်မျိုး ချတတ်ပါတယ်။

ဒါမျိုး တို့လည်း ဖြစ်တာပဲ၊ ဒါကို ရောဂါလို့ သတ်မှတ်ရမှာလား-လို့ မေးစရာ ရှိပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေကို ကျွန်မတို့၊ စာဖတ်သူတို့လည်း ရံဖန်ရံခါ ကြုံတတ် ဖြစ်တတ်တာပါပဲ။ ရောဂါရှင်တွေမှာတော့ ဒီလက္ခဏာတွေဟာ နေ့စဉ်တွေ့ကြုံနေရတာ ဖြစ်ပြီး၊ သူတို့ကိုယ်တိုင်လည်း စိတ်ညစ်ရ၊ သူတို့ ပတ်ဝန်းကျင်ကလူတွေလည်း စိတ်ညစ်ရနဲ့ သူတို့ရဲ့ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်တွေကိုပါ ထိခိုက်လောက်တဲ့အထိ ဖြစ်တာပါ။ အတိုင်းအတာအားဖြင့် အများကြီး ပိုဆိုးတာပေါ့။

Adult ADHD ဟာ မသိလို့ မကုမိတာ များပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ပြင်ပလူနာဌာနမှာ လာပြတုံး ပေါ်ချင်မှလည်း ပေါ်ပါမယ်။ ဆရာဝန်က ဒီရောဂါနဲ့ ထိတွေ့မှု နည်းရင်လည်း သံသယထားမှု (high index of suspicion) မရှိတော့ လွတ်သွားတတ်ပါတယ်။ ရောဂါရဲ့ သဘောကိုက လက္ခဏာတွေဟာ ကလေးအသက် (၇)နှစ် မတိုင်မီကတည်းက ပေါ်တာမို့ ငယ်ငယ်ကတည်းက တစ်သက်လုံး ဒီလိုပဲ ဆိုပြီး သူ့သဘာဝပဲလေ-လို့ သတ်မှတ်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒီလို မသိလိုက်၊ မကုမိလိုက်တဲ့အခါ သို့မဟုတ် တခြားရောဂါ (ဥပမာ စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ပူပန် ဂနာမငြိမ်တဲ့ ရောဂါ၊ လူရည်လူသွေး မူကွဲ ပုံမမှန်တဲ့ ရောဂါ စသည်) အဖြစ် ကုမိတဲ့အခါ လူနာမှာ ပျောက်ကင်းသက်သာခြင်း မရှိတဲ့အပြင် ပိုလို့တောင် စိတ်ပင်ပန်းရပါသေးတယ်။ ဆေးကုပေမယ့် မပျောက်ဘူး ဆိုပြီး စိတ်ပိုညစ်တာပေါ့။ အဲဒီလိုနဲ့ပဲ တချို့သော ရောဂါသည်တွေဟာ အရက်၊ မူးယစ်ဆေး စသည်တို့ကို သုံးစွဲလာတယ်။ ဆေးမှန်မှန်ကန်ကန်နဲ့ မကုရတော့ သူတို့ရဲ့ အပြုအမူတွေကလည်း ပိုဆိုးလာပြီး လူမှုအသိုင်းအ၀ိုင်းနဲ့ ပဋိပက္ခတွေ ပိုဖြစ်လာတတ်ကြပါတယ်။

လောလောလတ်လတ် ထွက်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆယ်နိုင်ငံ ပါဝင်ခဲ့တဲ့ သုတေသန တွေ့ရှိချက်အရ သုတေသန ပြုခဲ့တဲ့ လူဦးရေပေါင်းရဲ့ ၃.၅% ဟာ Adult ADHD ရောဂါလက္ခဏာတွေ ရှိတယ်လို့ တွေ့ရပါတယ်။ သူတို့တွေဟာ ရောဂါမရှိသူတွေနဲ့စာရင် တစ်နှစ် ပျမ်းမျှခြင်း အလုပ်မှ ပျက်ကွက်ရက် (၂၂)ရက် ပိုတယ်လို့လည်း တွေ့ရပါသတဲ့။ ကုန်ထုတ်စွမ်းအား လျော့ကျစေတဲ့ အဓိကအကြောင်းတစ်ရပ်အဖြစ် အလုပ်ရှင်တွေ၊ အစိုးရတွေ သတိထားသင့်ကြောင်း၊ ဒီရောဂါကို ရှာဖွေဖော်ထုတ် ဆေးကုသသင့်ကြောင်း သုတေသနစာတမ်းရှင်များက တိုက်တွန်းထားပါတယ်။

ဆေးပညာပိုင်းအရ ပြောရရင်တော့ ခုနောက်ပိုင်း အထွေထွေ စိတ်ရောဂါကု ဆရာဝန်များ (General Adult Psychiatrists) ကို Adult ADHD အကြောင်း ပိုသတိပေး ဆွေးနွေးလာကြပါတယ်။ ငယ်ငယ်တုံးက ကလေးစိတ်ရောဂါကု ဆရာဝန်တွေရဲ့ ကြီးကြပ်မှုနဲ့ လှုံ့ဆော်ဆေး (stimulants) တွေ သောက်ခဲ့ရတဲ့ ကလေးတွေ လူငယ်လူလတ်ပိုင်း ရောက်လာတဲ့အခါ ဆေး ဆက်သောက်ရဖို့ အလားအလာ များပါတယ်။ အဲသလို ငယ်ငယ်က ရောဂါ ရှာမရခဲ့တဲ့ ရောဂါရှင်တွေဟာ အသက်ကြီးမှ အထက်ပါ ရောဂါလက္ခဏာတွေနဲ့ စိတ်ရောဂါအထူးကုတွေဆီ ပထမဆုံးအကြိမ် ရောက်လာတတ်ပါတယ်။ ဒီအချိန်မှာ ရောဂါရှာတွေ့ (diagnosis ရ) သွားရင် ဆေးကုနိုင်ပြီပေါ့။

ဆေးတွေက ဦးနှောက်ထဲက မညီမျှတဲ့ ဓာတုပစ္စည်းတွေကို ညှိနှိုင်းပေးပါတယ်။ စွဲတတ်တဲ့ သဘာဝရှိလို့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီးမှ စီစဉ်တာ ကောင်းပါတယ်။ ဆေးအပြင် brief structured psychotherapy (ဥပမာ- Cognitive Behaviour Therapy) ဟာလည်း ထိရောက်တယ်လို့ တချို့ သုတေသနပြုချက်တွေက ဆိုပါတယ်။ အပြုအမူပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ပြောင်းလဲသင့်တာတွေကို အမူအကျင့်နဲ့ဆိုင်တဲ့ စမ်းသပ်ချက်တွေ လုပ်ခိုင်းပြီး ကုသတာပါ။ နောက်ထပ် လေ့လာမှု၊ သုတေသနတွေ လုပ်ဖို့တော့ တော်တော် လိုအပ်ပါသေးတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။


Reference
  1. Asherson, P., Craddock, B., Taylor, E. (2007) 'Adult attention-deficit hyperactivity disorder: recognition and treatment in General Adult Psychiatry' , British Journal of Psychiatry, 190; 4-5.
  2. De Graaf, R. et al (2008) 'Prevalence and effects of Adult attention-deficit/ hyperactivity disorder (ADHD) on the performance of workers: results from the WHO World Mental Health Survey Initiative, Occupational and Environmental Medicine;65:835-842.

Monday, 13 October 2008

Anorexia Nervosa

“အစားမစားနိုင်သော ရောဂါ (Anorexia Nervosa)” ဟာ စိတ်ကြောင့် ဖြစ်တဲ့ အစားမစားနိုင်ခြင်း ဖြစ်ပါတယ်။ စားရမဲ့ သောက်ရမဲ့မို့ မစားနိုင်တာ၊ ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် (ဥပမာ အစာအိမ်ရောဂါ) ကြောင့် မစားနိုင်တာမျိုး မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မကြာသေးခင်က Channel 4 အစီအစဉ်တစ်ခု ပြသွားခဲ့ပါတယ်။ အသက် ရှစ်နှစ်ပဲ ရှိသေးတဲ့ မိန်းကလေး တစ်ယောက်ကို အခြေခံပြီး ရိုက်ထားတာ သနားစရာလည်း ကောင်း၊ ကြောက်စရာလည်း ကောင်း၊ ကြည့်သင့်တဲ့ အစီအစဉ်မို့ လင့်ခ် ထည့်ပေးလိုက်ပါတယ်။

အရိုးတွေ ပေါ်အောင် ပိန်နေမှ လှတယ် ထင်တာကြောင့်လိုလို၊ ၀ပြီး အဆီပိတ် ရောဂါထူမှာ ကြောက်တာကြောင့်လိုလိုနဲ့ အစားတွေ ရှောင်တာက စတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပုံမှန် မဟုတ်တော့တဲ့ ကိုယ်အလေးချိန် လျှော့နည်းတွေ၊ အမူအကျင့်တွေကို ရောက်လာတာပါပဲ။ ကိုယ်အလေးချိန် လျော့အောင်လို့ လေ့ကျင့်ခန်းတွေကိုလည်း မတရား လုပ်တတ်ပါသေးတယ်။ သူများအမြင်မှာ ဘယ်လောက်ပဲ ပိန်ပိန် သူတို့စိတ် သူတို့အမြင်မှာတော့ ပုံပျက်ပန်းပျက် ၀တယ်လို့ပဲ ယုံကြည်နေတတ်လို့ ကိုယ်အလေးချိန် လျော့အောင် အစားမစား၊ လေ့ကျင့်ခန်း နင်းကန်လုပ်နဲ့ အတောမသတ်ပါဘူး။ ခန္ဓာကိုယ်ကလည်း အရိုးပြိုင်းပြိုင်း၊ အရောင်အသွေး ခန်းခြောက်၊ မျက်တွင်းငေါငေါနဲ့ ကြောက်စရာ ဖြစ်လာပါတယ်။

ဆယ်ကျော်သက်တွေကြား ဒီရောဂါ အဖြစ်များပြီး ယောက်ျားလေး မိန်းကလေး ဖြစ်နှုန်းက ၁း၁၀ ရှိပါတယ်။ သုံးပုံနှစ်ပုံမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ပြတတ်ပြီး သုံးပုံတစ်ပုံ သတ်သေနှုန်း ရှိလို့ ကြောက်စရာကောင်းတဲ့ ရောဂါ အမျိုးအစားမှာ ပါဝင်ပါတယ်။

ရောဂါ အမည်တပ်ဖို့အတွက် လက္ခဏာတွေ (Diagnostic criteria) ကတော့
  • အရပ်နှင့် နှိုင်းယှဉ် ကိုယ်အလေးချိန် (Body Mass Index = Body weight in Kilograms divided by Height in Meters squared) 17.5 ထက် လျော့နည်းခြင်း
  • မိမိဖာသာ ဖြစ်စေသော ကိုယ်အလေးချိန် လျော့ကျခြင်း (Self-induced weight loss) (ဥပမာ ၀စေသော အစာများကို မတရား ရှောင်ခြင်း၊ စားပြီး လက်ထိုးအန်ခြင်း၊ ၀မ်းနှုတ်ဆေးများ ပုံမှန် သုံးခြင်း၊ ကိုယ်လက် လေ့ကျင့်ခန်း တရားလွန် လုပ်ခြင်း၊ အစားမစားချင်အောင် ဆေး သောက်ခြင်း စသည်)
  • မိမိ ခန္ဓာကိုယ်ကို အလွန်အမင်း ၀နေသည်ဟု အမြင်မှား ယုံကြည်နေခြင်း (Body image distortion) ၀မည်ကို ထိတ်လန့်ကြောက်ရွံ့နေခြင်း၊ ကိုယ်အလေးချိန်တိုးမှုနှင့် ပတ်သက်၍ သတိ အပိုလွန်နေခြင်း
  • သွေးထဲရှိ ဟော်မုန်းဓာတ်များ ကမောက်ကမ ဖြစ်ကုန်ခြင်း ပြဿနာများ (Endocrine disorders) (ဥပမာ ရာသီသွေး ထိန်ငုပ်ခြင်း၊ လိင်မှုကိစ္စ စိတ်မပါတော့ခြင်း၊ အင်ဆူလင် ထုတ်မှု ပုံမမှန်တော့ခြင်း စသည်)
  • အရွယ် မရောက်သေးသော (ရာသီသွေး မပေါ်သေးသော) မိန်းကလေးများတွင် အရွယ်ရောက် နောက်ကျခြင်း (Delayed or arrested puberty)
များသောအားဖြင့်တော့ ဒီရောဂါ ဖြစ်လာသူတွေမှာ အိမ်တွင်း မိသားစု အနေအထား ပြဿနာ တစ်ခုခု ရှိတတ်ပါတယ်။ စည်းကမ်း အလွန် တင်းကြပ်ခြင်း သို့မဟုတ် လျော့လျဲလွန်းခြင်း၊ လူကြီးများက နေရာတကာ ၀င်ပါပြီး လုံးဝ လွတ်လပ်ခွင့် မပေးခြင်း၊ အချစ်လွန်ပြီး ကာဆီးကာဆီး လုပ်လွန်းခြင်း၊ ပြဿနာ ထိပ်တိုက်တွေ့မှုများကို မဖြေရှင်းပဲ ရှောင်ရှားခြင်း တို့နဲ့ ဆက်နွှယ်တတ်ပါတယ်။ တစ်ခါတလေတော့လည်း မိဘကိုယ်တိုင်က အစားအသောက်ကို သတိထားလွန်းတာကြောင့် ကလေးတွေက အကြောက်လွန်ပြီး ဟိုဟာမစားရဲ ဒီဟာမစားဝံ့ ရှောင်ကုန်တတ်ပါတယ်။

လူနာမှာ တွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့
  • ကြွက်သားများ သေးသိမ်လာခြင်း (ဥပမာ လက်မောင်းလက်ဖျံ)
  • အသားအရေ ခမ်းခြောက်ခြင်း
  • ဆံပင်နှင့် ခြေသည်းလက်သည်းများ ပြတ်လွယ် ကျိုးလွယ်ခြင်း
  • လက်ဆစ်များတွင် အသားမာ တက်ခြင်း (လက်ထိုးအန်တတ်သူများတွင် တွေ့ရသော ရုပ်လက္ခဏာ)
  • သွေးအားနည်းခြင်း
  • အသားနှင့် မျက်သားများ ၀ါလာခြင်း
  • ကလေး အမွှေးကဲ့သို့ မွှေးညှင်းနုများ ပေါက်လာခြင်း (အထူးသဖြင့် ကျောပြင်တွင်)
  • သွားကြွေသားများ ပါးလျားကုန်ခြင်း
  • လက်ဖျားခြေဖျားများ ပြာနှမ်းလာခြင်း
  • သွေးပေါင်ချိန် ကျခြင်း (ပုံမှန် မဟုတ်)
  • ကိုယ်အပူချိန်ကျခြင်း (ပုံမှန် မဟုတ်)
  • ရင်သားများ ရှုံ့တွသေးငယ်ကုန်ခြင်း
  • တံတွေးကြိတ်များ ယောင်ယမ်းခြင်း (အထူးသဖြင့် နားနောက် နှင့် မေးရိုးအောက်)
  • အူများ အလုပ်မလုပ်တော့ခြင်း (၀မ်းနှုတ်ဆေး အလွဲသုံးမှုကြောင့်)
  • လက်ထုံ ခြေထုံ ဖြစ်ခြင်း တို့ ဖြစ်ပါတယ်။
အတွေ့ရများတဲ့ စိတ်ပိုင်းဆိုင်ရာ ဘုံလက္ခဏာကတော့ ဒီရောဂါ ဖြစ်တဲ့ ကလေးတွေဟာ အစားထိန်းချုပ်ခြင်းကို သူတို့ဘ၀မှာ သူတို့ အစိုးရတဲ့ တစ်ခုတည်းသော ကိစ္စအနေနဲ့ အသုံးချတာပါ။ ကျန်တာအားလုံး သူတို့ မထိန်းချုပ်နိုင်တာကို အစားထိုးတဲ့ သဘောပေါ့။ ကုရခက်တာ ဒါကြောင့်ပါ။ စိတ်ကုထုံး (Psycho-therapy)ကို အတွေ့အကြုံရှိတဲ့ စိတ်ပညာရှင် (Clinical Psychologist) နဲ့ လပေါင်းများစွာ ကုရပါတယ်။

တစ်ချိန်တည်းမှာပဲ အစာ ပြန်စားနိုင်အောင်လည်း ကုရ၊ ကူရပါတယ်။ အတင်း ဒုတ်နဲ့ ရိုက်ပြီး ကျွေးလို့ မရပါဘူး။ စိတ်က မစားနိုင်လို့ အင်မတန် ခက်ခဲပင်ပန်းကြရှာပါတယ်။ ခန္ဓာကိုယ်ကလည်း မခံနိုင်လို့ မတိုင်းမဆ ကျွေးရင် အန္တရာယ် ဖြစ်တတ်ပါတယ်။ အစာအာဟာရ ပညာရှင် (Dietitian) နဲ့ သေချာတိုင်ပင် တွက်ချက်ပြီးမှ စနစ်တကျ ကျွေးရတာပါ။ ခန္ဓာကိုယ်တွင်း ဓာတ်ဆားအနေအထားကို အကြိမ်များစွာ သွေးဖောက် စစ်ဆေးရပါတယ်။ နှလုံးခုန်နှုန်းကို ထိခိုက်ပြီး သေစေတဲ့အထိ ဒုက္ခပေးနိုင်လို့ပါ။

ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့
  • သွားပိုးစားခြင်း
  • နှလုံးခုန် မမှန်ခြင်း၊ သွေးပေါင်ကျ မူးမော်မေ့မျောခြင်း၊ နှလုံး ရုတ်တရက် ရပ်သွားနိုင်ခြင်း
  • အူများ ပုံမှန် အလုပ်မလုပ်ပဲ နှေးကွေးလာခြင်း၊ ၀မ်းအလွန်အမင်း ချုပ်ခြင်း
  • ဟော်မုန်းများ ကယောက်ကယက် ဖြစ်ကုန်ပြီး ၄င်းတို့၏ လုပ်နေကျ အလုပ်များ မှားယွင်းကုန်ခြင်း (ဥပမာ သိုင်းရွိုက်ဟော်မုန်း နည်းခြင်း များခြင်း)
  • ကျောက်ကပ်တွင်း ကျောက်တည်ခြင်း
  • ကိုယ်ခန္ဓာ ကြီးထွားမှု တန့်သွားခြင်း
  • အရိုးပွ ဆတ် ကျိုးလွယ်ခြင်း
  • ကိုယ်ဝန် မရနိုင်ခြင်း၊ ရပါကလည်း ကလေး အာဟာရ ချို့တဲ့ကာ မွေးစ အလေးချိန် လျော့နည်းခြင်း
  • ဦးနှောက် ထုထည် လျော့ကျ သေးသိမ်လာခြင်း (အစား ပုံမှန် ပြန်စားရင် တဖြည်းဖြည်း ပြန်ကောင်းပါတယ်)
  • သွေးဆဲလ်များ လျော့နည်း၍ သွေးအားနည်း၊ ခုခံအားနည်း၊ သွေးမတိတ် ဖြစ်ခြင်း- အားလုံး ကြောက်စရာချည်းပါပဲ။
“အစားမစားနိုင်သော ရောဂါ (Anorexia Nervosa)” ဖြစ်နေတာ သေချာတယ်လို့ ရောဂါ အမည်တပ်ပြီးတဲ့နောက်မှာ သေသေချာချာ ကုရပါတယ်။ မိသားစုကလည်း စိတ်ရှည်လက်ရှည် ပါဝင်ဖို့ လိုပါတယ်။ ဘယ်သူ့ ဘယ်သူမှ အပြစ်တင်နေစရာ မဟုတ်ပါဘူး။ ပြဿနာရယ်လို့ သိပြီးတဲ့နောက် ဒါကို လက်ခံဖို့နဲ့ ရှေ့လျှောက် ဘာလုပ်မယ်ဆိုတာ ညီညီညွတ်ညွတ် သဘောတူဖို့၊ လက်တွေ့ လုပ်နိုင်တာတွေ စလုပ်ဖို့ လိုပါတယ်။ ကြာရှည် ကုရတဲ့ ရောဂါပါ။

မြန်မာနိုင်ငံမှာတုံးက ဒီရောဂါ ရှိတယ်လို့ မကြားဖူးခဲ့တာဟာ တကယ်ပဲ မရှိတာလား၊ ရှိလျက်နဲ့ မသိတာလား မပြောတတ်ပါဘူး။ စာဖတ်သူများရဲ့ အတွေ့အကြုံကို ကြားသိလိုပါတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။


Reference:
Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.

Saturday, 27 September 2008

သူငယ်ပြန်ရောဂါ-၂ (Dementia Syndrome-2)

သူငယ်ပြန်ရောဂါမှာ ယေဘူယျလက္ခဏာတွေအပြင် တခြားတွဲဖက်လက္ခဏာတွေ (co-existing symptoms) လည်း ဖြစ်တတ်ပါသေးတယ်။ စိတ်ဓာတ်ကျခြင်း (ဥပမာ တစ်ယောက်တည်း တွေတွေဝေေ၀ ငူငေါင်နေတာ၊ မျက်ရည်လွယ်လာတာ၊ အစားမစားတော့တာ စသည်) စိတ်ကနာမငြိမ်ဖြစ်ခြင်း (ဥပမာ ထိုင်မရ ထမရ ဟိုလျှောက်ဒီလျှောက် ယောက်ယက်ခတ်နေတာ၊ ညမအိပ်နိုင်တာ စသည်) လှုံ့ဆော်မှုမဲ့ အကြား၊ အမြင်အာရုံတွေ ရခြင်း (ဥပမာ တစ်ယောက်တည်း စကားတွေ ပြောနေတာ၊ တကယ်မရှိပဲ အိမ်ထဲမှာ သူစိမ်းတွေ မြင်နေတာ စသည်) တို့ပေါ့။

တချို့ကျတော့လည်း ရောဂါကြောင့် မေ့လျော့ပြီး အထားမှားတာကို ကိုယ့်ဖာသာကိုယ် မမှတ်မိတော့ သူများ ခိုးတယ် ထင်ပြီး မိသားစုဝင် သို့မဟုတ် တခြားလူတွေကို စွပ်စွဲတာမျိုး ဖြစ်တတ်ပါသေးတယ်။ ဆရာဝန်ကို ပြကြည့်သင့်ပါတယ်။ ဆေးနဲ့ ကုဖို့ လို၊မလို ဆုံးဖြတ်ရအောင်ပါ။ ဒါကို ရောဂါကြောင့် ဖြစ်တာပဲလို့ နားလည်ရင် မလိုအပ်တဲ့ ဒေါသ၊ စိတ်ပူပန်ခြင်းတွေ အထိုက်အလျောက် သက်သာပါလိမ့်မယ်။ ကိုယ့်ဖက်က တတ်နိုင်သလောက် ရှင်းအောင် ထားရင်၊ နေရင် အများအမြင်မှာလည်း သံသယ ကင်း၊ ကိုယ်လည်း စိတ်ပေါ့ပါးတာပေါ့။

ရောဂါမှန်း မသိခဲ့ရင် အထက်ပါ လက္ခဏာတွေဟာ လူနာအတွက်ရော၊ မိသားစုအတွက်ပါ ကြောက်စရာ ဖြစ်ပါတယ်။ အယူသည်းတဲ့ ယဉ်ကျေးမှု ရှိတဲ့အရပ်မှာဆိုရင် ဒါကို အပမှီတယ်၊ ပယောဂ၀င်တယ်လို့တောင် ပြောကောင်းပြောမယ် ထင်ပါတယ်။ အမှန်က ဦးနှောက်တွင်း ဓာတ်သဘာဝတွေ ဖောက်ပြန်လို့ ဖြစ်ရတာပါ။ သူငယ်ပြန်ရောဂါသက်သက်ကို ပျောက်အောင် မကုနိုင်သေးပေမယ့် ဒီလို တွဲဖက်လက္ခဏာတွေကိုတော့ ဆေးကုလို့ ရပါတယ်။ Symptomatic treatment ပေါ့။ ရလဒ်ကောင်းပါတယ်။

ဦးနှောက်တွင်း ရောဂါဇစ်မြစ်ပေါ် မူတည်လို့ သူငယ်ပြန်ရောဂါ အမျိုးမျိုး ရှိတဲ့အထဲမှာ အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ တစ်ခုတည်းပဲ သူ့ရောဂါ သက်သက်ကို ကုတဲ့ဆေး ရှိပါသေးတယ်။ နှစ်မျိုးရောတဲ့ သူငယ်ပြန်ရောဂါဆိုရင်လည်း အယ်လ်ဇိုင်းမားရောဂါဆေးတွေ သုံးကြည့်လို့ ရပါတယ်။ ထိရောက်မှုကတော့ အယ်လ်ဇိုင်းမားရောဂါသက်သက် ဖြစ်သူနဲ့စာရင် ကွာဟလျော့နည်းနိုင်ပါတယ်။ ကျန်တာကတော့ ဆိုင်ရာဆိုင်ရာကို ကုရပါတယ်။ လေဖြတ်ရောဂါကြောင့် ဖြစ်တဲ့ သူငယ်ပြန်ရောဂါဆိုရင် နောက်ထပ် လေမဖြတ်အောင် သွေးတိုး၊ ဆီးချိုကို သေချာကု၊ သွေးခဲကြောင့် ဖြစ်တဲ့ လေဖြတ်ရောဂါဆိုရင် သွေးကျဲဆေး ပေး၊ အရက်ကြောင့် ဖြစ်တဲ့ သူငယ်ပြန်ရောဂါဆိုရင် အရက်ကို ဖြတ် စသည်ဖြင့်ပေါ့။

လောလောဆယ် သုံးခွင့်လိုင်စင်ရထားတဲ့ အယ်လ်ဇိုင်းမားရောဂါဆေးတွေထဲမှာ Memantine ကတော့ ရောဂါလမ်းကြောင်းကို ပြောင်းလဲစေတဲ့ ဆေးမျိုး (Disease-modifying agent) လို့ ခေါ်ရင် ရပါတယ်။ တခြားဆေးတွေနဲ့ စာရင် ပေါ်တာ အရမ်းကြီး မကြာသေးလို့ ရေရှည်သုတေသနနဲ့ လက်တွေ့ကု ရလဒ်အဖြေတွေ နောက်ထပ် လိုပါသေးတယ်။ အရှင်းပျောက်စေတဲ့ဆေးတော့ မဟုတ်ပါဘူး။

ကျန်တဲ့ အယ်လ်ဇိုင်းမားရောဂါဆေး Choline Esterase Inhibitors (Donepezil, Galantamine, Rivastigmine) တွေဟာ ရောဂါလမ်းကြောင်းကို ပြောင်းလဲစေတဲ့ ဆေးမျိုး (Disease-modifying agents) မဟုတ်ကြပါဘူး။ ရောဂါလက္ခဏာကို ခဏထိန်းထားတဲ့ သဘောပဲ ရှိပါတယ်။ အကြမ်းအားဖြင့် လူနာသုံးယောက်မှာ နှစ်ယောက် ရလဒ်ကောင်း ရတတ်ပါတယ်။ ဒါကလည်း အချိန်အတိုင်းအတာ တစ်ခုအထိပါ။ ဆေးရဲ့အစွမ်းကို ရောဂါရှေ့တိုးနှုန်းက အနိုင်ယူသွားတဲ့ တစ်ချိန်မှာတော့ ဆေးမတိုးတော့ပါဘူး။ ဒါကို ဆရာဝန်က ဆေးစညွှန်းကတည်းက လူနာနဲ့ လူနာရှင်ကို ပွင့်ပွင့်လင်းလင်း ပြောထားရပါတယ်။ နောက်မှ စိတ်အနှောက်အယှက်ဖြစ်၊ နားလည်မှုလွဲ၊ မကျေနပ်တာတွေ မဖြစ်ရအောင်ပါပဲ။ ဒါကို လူနာနဲ့ လူနာရှင်အားလုံးက လိုလားလက်ခံပါတယ်။ ဒီလို သိရတာဟာ သူတို့ရဲ့ ဆေးအပေါ် ဆုံးဖြတ်ချက်အတွက်လည်း အထောက်အကူ ရတာပေါ့။

တွဲဖက်လက္ခဏာတွေ (co-existing symptoms) ကိုတော့ သက်ဆိုင်ရာဆေးတွေ { ဥပမာ စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေး (anti-depressants) စိတ်ငြိမ်ဆေး (anxiolytics) အမှန်နှင့် ကင်းကွာခြင်းကို တန်ပြန်ဆေး (anti-psychotics)}နဲ့ ကုနိုင်ပါတယ်။ ကုချင်တဲ့ လက္ခဏာ သတ်သတ်မှတ်မှတ် ထားပြီး သေသေချာချာ စောင့်ကြည့်ကုသနိုင်ပါတယ်။ မလိုအပ်ပဲ ဆေးတွေ အများကြီး ပေးထားတာမျိုး ရှောင်ရပါမယ်။

ဆေးမဟုတ်တဲ့ အခြားကုထုံးများလည်း ရှိပါတယ်။ လူနာကို လက်ရှိ အချိန်၊ ပတ်ဝန်းကျင်နဲ့ ပြန်ဆက်စပ်ပေးတဲ့ Reality Orientation Therapy, ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြော၊ ဓာတ်ပုံဟောင်းတွေ ပြန်ကြည့်ရင်း မှတ်ဥာဏ်ကို နှိုးဆွပေးတဲ့ Reminiscence Therapy, အမွှေးနံ့အမျိုးမျိုးကို သုံးပြီး စိတ်ရောကိုယ်ပါ တင်းကြပ်နေတာကို ဖြေလျှော့ပေးတဲ့ Aroma Therapy, စသည်တို့ကိုလည်း သုံးနိုင်ပါတယ်။ ဒါတွေ လုပ်တတ်တဲ့ သူနာပြုတို့ Occupational Therapist တို့တော့ လိုတာပေါ့။ ဒီကုထုံးတွေက သုတေသန အထောက်အထား အကြီးစား မရှိသေးပါဘူး။ အသေးစား လေ့လာချက်တွေမှာတော့ ရလဒ် ကောင်းကြပါတယ်။ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားလည်း မရှိပါဘူး။

သူငယ်ပြန်ရောဂါကို ကြိုတင်ကာကွယ်နည်းတော့ မတွေ့သေးပါဘူး။ ကျန်းမာရေးဆိုင်ရာ ယေဘူယျ ကောင်းချက်၊ဆိုးချက်တွေ အတိုင်းပဲလို့သာ ဆိုပါရစေ။ အရက်က ဦးနှောက်အတွက် အဆိပ်မို့ ရှောင်နိုင်ရင် ကောင်းပါတယ်။ အကိုက်အခဲပျောက်ဆေးတစ်မျိုး (NSAIDs) အမျိုးသမီး ဟော်မုန်း (Oestrogen) အပင်ထွက် ဆေးတစ်မျိုး (Gingko biloba) နဲ့ Vitamin E & C တို့ဟာ သူငယ်ပြန်ရောဂါ ဖြစ်နှုန်းနည်းစေတယ်လို့ ကနဦးတွေ့ရှိချက်တွေ ရှိထားပါတယ်။ သူတို့မှာလည်း ဘေးထွက်ဆိုးကျိုးတွေနဲ့ပါ။ သိပ္ပံနည်းကျ တိုက်ရိုက် ဖြစ်စေမှုကို အတည်မပြုရသေးလို့ လက်တည့်မစမ်းသင့်ပါဘူး

အိမ်သား မိသားစုဝင်အနေနဲ့ ဘာလုပ်ပေးနိုင်သလဲဆိုရင် မေ့တတ်တာလေးကို ခဏခဏ မဝေဖန်မိ၊ မပြင်မိဖို့ သတိထားပါ။ မဟုတ်ရင် လူနာ စိတ်ရင်လည်းတို ဒါမှမဟုတ် စိတ်ထိခိုက်၊ စိတ်ဓာတ်ကျစေနိုင်လို့ပါပဲ။ ကိုယ်ဆိုရင်ကော အဲလို တစ်ချိန်လုံး လိုက်ပြော၊ လိုက်ပြင်နေတာ ခံချင်မလား ကိုယ်ချင်းစာကြည့်ပေါ့။ စကားပြောရင်လည်း ရှင်းရှင်းလင်းလင်း တစ်ချိန်မှာ တစ်ခု ပြောပါ။ အများကြီး တစ်ပြိုင်နက် ပြောရင် လူနာအတွက် အင်မတန် ရှုပ်ထွေး၊ လိုက်မမီ၊ စိတ်ညစ်စရာ ဖြစ်စေပါတယ်။ လူနာက နေ့တွေရက်တွေ ရောထွေးမှားယွင်းတတ်ရင် အိမ်ရှေ့မှာ ဒီနေ့ ဘယ်ရက်ဘယ်နေ့ဆိုတာ ရေးထားတဲ့ သင်ပုန်း သို့မဟုတ် ပြက္ခဒိန် တစ်ခု ထားပေးလိုက်ပါ။ မေ့တတ်ရင် စာရင်းစာအုပ်ထား၊ စာရင်းရေးတဲ့ အကျင့်လေးနဲ့ ကူပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ လူနာရဲ့ ပတ်ဝန်းကျင်မှာ အသစ်တွေ သိပ်မလုပ်မပြောင်းမိပါစေနဲ့။ လုပ်နေကျ ကိစ္စ၊ နေနေကျ ပတ်ဝန်းကျင်က သူတို့အတွက် ယဉ်ပါးပြီးသား၊ အရင်ကတည်းက မှတ်မိပြီးသားမို့ အကောင်းဆုံးပါ။ သူတို့ လုပ်နိုင်တာလေးတွေ ဆက်လုပ်နေတာ လူနာရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ကောင်းပါတယ်။ မီးဖို သုံးတဲ့အခါမျိုးမှာတော့ အန္တရာယ် မဖြစ်အောင် စောင့်ကြည့်ပေးရမှာပေါ့။

သူငယ်ပြန်ရောဂါရှိသူ လူနာဟာ ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်စွမ်း နည်းလာတတ်လို့ မိသားစုက သတိပေး ပြုစုရပါမယ်။ မဟုတ်ရင် အစားအသောက် မမှန်လို့ အာဟာရချို့တဲ့တာ၊ ခန္ဓာကိုယ်တွင်း ရေခမ်းခြောက်တာတို့ ဖြစ်ရင် အန္တရာယ် ဖြစ်နိုင်လို့ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးလည်း ကျဆင်းလာတတ်ပါတယ်။ ချော့မော့ပြီး လိုတာလေး လုပ်ပေးရင်တော့ လက်ခံကြတာ များပါတယ်။ ပြုစုသူ စိတ်ရှည်ဖို့ လိုပါတယ်။

သူငယ်ပြန်ရောဂါဟာ ဆုံးဖြတ်ချင့်ချိန်မှု (judgement) ကို ထိခိုက်လို့ ကားမောင်းရင် အန္တရာယ် ဖြစ်နိုင်ပါတယ်။ ရောဂါ ဖြစ်တာနဲ့ ကားမောင်းရပ်ဖို့ မလိုပေမယ့် တစ်ချိန်ချိန်မှာတော့ ရပ်ရမှာပါပဲ။ ကားကိုယ်တိုင် မမောင်းကြတဲ့ မြန်မာနိုင်ငံမှာ ဒါဟာ ပြဿနာ သိပ်မဟုတ်လှပေမယ့်၊ အနောက်တိုင်းမှာတော့ လူနာရဲ့ ခြေထောက်ကို ရိုက်ချိုးသလိုမို့ တော်တော် ထိခိုက်ပါတယ်။ လူနာတွေ သိပ်ညည်းတဲ့ ရောဂါရဲ့ နေ့စဉ်ဘ၀အပေါ် သက်ရောက်မှုပါ။ လူနာ ကားဆက်မောင်း၊ မမောင်းကို ဆရာဝန်က မဆုံးဖြတ်ပါဘူး။ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် ကြီးကြပ်ရေးအဖွဲ့ကို လူနာ သို့မဟုတ် လူနာရှင်က ကိုယ့်တာဝန်ကိုယ် ယူပြီး အကြောင်းကြားရတာပါ။ ဆရာဝန်က သတိပေးလျက်နဲ့ ဒီလို အကြောင်းကြားဖို့ ဆက်တိုက် ပျက်ကွက်ရင်တော့ နောက်ဆုံး ဆရာဝန်ကပဲ အကြောင်းကြားရပါတယ်။ ကျန်တာကိုတော့ အဲဒီအဖွဲ့က စစ်ဆေးဆုံးဖြတ်ပါတယ်။

သူငယ်ပြန်ရောဂါ ရင့်လာတဲ့အခါ လူတွေကို မှတ်မိနိုင်တဲ့ အရည်အသွေးပါ ထိခိုက်လာပါတယ်။ မိသားစုဝင်တွေကိုတောင် မမှတ်မိတော့လို့ စိတ်ထိခိုက်ကြေကွဲကြတာ မကြာခဏ ကြုံရတတ်ပါတယ်။ တချို့ဆိုလည်း အိမ်ထောင်ဖက်ကို မမှတ်မိတော့လို့ ရိုက်ပုတ်တာမျိုး၊ အိမ်က မောင်းထုတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဆေးနဲ့ ထိန်းလို့ ရတတ်ပါတယ်။ ဆေးရဲ့ ဆိုးကျိုး side effects တွေနဲ့တော့ ချင့်ချိန်ရပါတယ်။

ရောဂါနှောင်းပိုင်းမှာ လူနာဟာ သူများအပေါ် မှီခိုမှု လုံးလုံးလျားလျား ဖြစ်နေပါပြီ။ စားတာ၊ သောက်တာ၊ သန့်စင်တာ၊ အ၀တ်လဲတာ၊ အိပ်ရာဝင် အိပ်ရာထ အားလုံး သူများက လုပ်ပေးရတဲ့ အဆင့်ပေါ့။ အိမ်သားတွေ မတတ်နိုင်တော့တာ များပါတယ်။ သူနာပြု ဘိုးဘွားရိပ်သာကို ပို့ရတဲ့ အခြေအနေပါ။ မိသားစုတော်တော်များများ စိတ်ထိခိုက်စွာ ဆုံးဖြတ်ချက် ချရတဲ့ အချိန်ပါပဲ။ အိမ်ထောင်ဖက် ရှိသေးတယ် ဆိုရင် တော်တော် သနားစရာကောင်းတဲ့ အခိုက်အတန့်ပါ။

သူငယ်ပြန်ရောဂါကို အထူးကုများ (Neurologists, Geriatricians, Old Age Psychiatrists) က ရောဂါရှာဖွေအတည်ပြုပေးနိုင်ပါတယ်။ လူနာကို ရောဂါအတည်ပြုခြင်း (Diagnosis) နဲ့ ရောဂါ ရှေ့အလားအလာအကြောင်း (Prognosis) ပြောမယ် မပြောဘူးဆိုတာ အမြင်ကွဲခဲ့ကြပါတယ်။ ရှေးဆန်တဲ့ ဆရာဝန်တစ်ချို့က လူနာကို ကာကွယ်လိုစိတ် (paternaltistic view) နဲ့ မပြောလိုကြပါဘူး။ ကုလို့လည်း မပျောက်တော့ လူနာ စိတ်ညစ်တာပဲ အဖတ်တင်မယ် ဘာညာပေါ့လေ။ ဒါပေမယ့် ဒီလို မပြောရင် လူနာကို ဒီရောဂါအတွက်ဆေး ဘယ်လို ပေးမလဲ။ တခြားအကြောင်းနဲ့ ညာပေးမလား။ ဒီိလို ဖုံးကွယ်ထိန်ချန်တာဟာ သမားဝိနည်းနဲ့ ညီရဲ့လား၊ လူနာအတွက် အကောင်းဆုံးအကျိုး (best interest) ဟုတ်ပါ့မလား ဆိုတဲ့ အမြင်တွေက နောက်ပိုင်းဆရာဝန် အများစုရဲ့ အတွေးနဲ့ ဆုံးဖြတ်ချက်ကို သက်ရောက်ပါတယ်။

လူနာတွေ အနေနဲ့ ရောဂါနုစဉ်မှာ ကြိုသိရင် ကြိုပြင်နိုင်တာတွေ ရှိတာပေါ့။ သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း (Decision-making capacity) မရှိတော့တဲ့ အဆင့်ကို ရောက်တဲ့အခါ ဘယ်သူကဖြင့် ငွေကြေးကိစ္စ တာဝန်ယူနိုင်တယ်၊ ဘယ်သူကဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် သူတို့ ကိုယ်စား ချနိုင်တယ် စသည်ဖြင့်ပေါ့။ ဘိုးဘွားရိပ်သာတွေ ဘာတွေလည်း ကြိုကြည့် အသိပေးထားကြပါတယ်။ များသောအားဖြင့်တော့ ဆရာဝန်က လူနာရဲ့ သဘောကို ပွင့်ပွင့်လင်းလင်း မေးပါတယ်။ သူ ဘယ်လောက် သိချင်သလဲ ဆိုတာပေါ် မူတည်ပြီး ပြောပြပါတယ်။ အများစုက အမှန်အတိုင်း သိချင်ကြလို့ အရှိအတိုင်း ပြောကြတာ များပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဒီစာကို ဖတ်တဲ့ စာဖတ်ပရိသတ်များရဲ့ သဘောထားကို သိလိုပါတယ်။ အမည်ဖွင့်ဆိုစရာမလိုပဲ ဆန္ဒထုတ်ဖော် vote နိုင်အောင် စီစဉ်ထားပါတယ်။ အချိန်လေး ပေးပြီး ဖြေပေးသွားမယ်ဆိုရင် ကျေးဇူးတင်ပါတယ်။ Comment မှာ ပွင့်ပွင့်လင်းလင်း ရေးချင်ရင်လည်း နှစ်မျိုးစလုံးသာ လုပ်သွားပါ။ ပါဝင်ဆွေးနွေးမှုကို ၀မ်းမြောက် ကြိုဆိုပါတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။

Thursday, 25 September 2008

သူငယ်ပြန်ရောဂါ-၁ (Dementia Syndrome-1)


Dementia Syndrome ကို online အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ရှာကြည့်တာ မတွေ့လို့ “သူငယ်ပြန်ရောဂါ”လို့ပဲ မြင်သာတဲ့ နာမည် ပေးလိုက်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ ကလေးလို ပြန်ဖြစ်သွားပြီး ကလေးကဲ့သို့ ပြုမူနေထိုင်တာမျိုးကို လူတော်တော်များများ မြင်ဖူးကြားဖူးကြလို့ပါပဲ။ တကယ်ဆို အဲဒီအပြုအမူမျိုးဟာ ရောဂါနှောင်းပိုင်းမှာမှ ဖြစ်တာပါ။ အစပိုင်းဆိုရင် ရောဂါလက္ခဏာတွေက မသိသာပဲ သာမန်အသက်ကြီးခြင်း (normal ageing) နဲ့ ရောထွေးနေတတ်ပါတယ်။

အမှန်တော့ သူငယ်ပြန်ရောဂါ (Dementia Syndrome) ဟာ အသက်ကြီးခြင်းရဲ့ မလွှဲမရှောင်သာ နောက်ဆက်တွဲကိစ္စတစ်ခု မဟုတ်ပဲ အတိုင်းအတာတစ်ခုအထိ ကုသနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အသက်ကြီးလို့ မေ့တတ်ခြင်းထက် ပိုမိုတဲ့ အထွေထွေ ဦးနှောက်စွမ်းရည် ကျဆင်းလာခြင်း (global impairment of cognitive functions) ပါ။ ဦးနှောက် တဖြည်းဖြည်း ပျက်စီးခြင်း (degenerative disease of the brain) ဖြစ်ပြီး၊ မပျောက်ကင်းနိုင်သလို တဖြည်းဖြည်းနဲ့လည်း ဆိုးလာတတ်ပါတယ်။ ဒါဆို ဘာလို့ ဆေးကုမလဲလို့ မေးရင် လူနာရဲ့ လက်ရှိ ဘ၀ အရည်အသွေးကို တတ်နိုင်သမျှ ထိန်းထားပေးဖို့-လို့ ဖြေရပါလိမ့်မယ်။

ယေဘူယျ လက္ခဏာတွေကတော့
  • ရေတိုမှတ်ဥာဏ် မကောင်းတော့ခြင်း (ဥပမာ ရှေးပဝေသဏီက အကြောင်းအရာတွေကို မှတ်မိပြီး ဒီနေ့မနက်စာ ဘာစားသလဲ မမှတ်မိတာမျိုး)
  • အချိန် နဲ့ ပတ်ဝန်းကျင်ကို သတိမရှိတော့ပဲ မှားယွင်းကုန်ခြင်း (ဥပမာ ညကြီးသန်းခေါင် အိပ်ရာက နိုးပြီး နေ့ညမှားကာ အပြင်ထွက်ဖို့ ပြင်ဆင်တာမျိုး)
  • လွယ်ကူသော ဆုံးဖြတ်ချက်များကိုပင် မချနိုင်တော့ခြင်း (ဥပမာ အ၀တ်အစား ရွေးချယ်ရာမှာတောင် ခက်ခဲလာပြီး သူများက ကူနေရတာမျိုး)
  • အမှန်းအဆ လွဲချော်မှားယွင်းမှုများလာခြင်း (ဥပမာ ကားလမ်းကူးရာမှာ မလွတ်နိုင်တာကို လွတ်မယ်လို့ ယုံကြည်ပြီး ကူးတာမျိုး)
  • စကားလုံး ရှာမရပဲ စကားစများ ပြတ်တောက်ကုန်ခြင်း (ဥပမာ ပြောချင်တာ သိလျက်နဲ့ လျှာဖျားမှာ ထစ်နေသလိုမျိုး ခဏခဏ ဖြစ်တာ ရှက်လာလို့ နောက်ဆုံး လူအများစကားဝိုင်းဆို ရှောင်လာတာမျိုး)
  • နေ့စဉ်လုပ်နေကျ လွယ်ကူနေကျ ကိစ္စများကို မလုပ်တတ်တော့ပဲ ခက်ခဲလာခြင်း (ဥပမာ ဟင်းချက်နေကျလူက ဟင်းချက်တဲ့ အဆင့်အထာတွေ လွဲချော်ကုန်တာမျိုး)
  • လူရည်လူသွေး နဲ့ အမူအကျင့် ပြောင်းလာခြင်း (ဥပမာ အရင်က သိပ်အေးဆေးတဲ့လူက ဒေါသကြီး ဆဲဆိုလာတာမျိုး)- တို့ ဖြစ်ပါတယ်။
ဒီလက္ခဏာတွေ အတော်များများ ခြောက်လထက် ပိုကြာကြာ ရှိပြီး၊ နေ့စဉ် ရပ်တည်လုပ်ကိုင်မှုတွေကို ထိခိုက်လာပြီ (ဆိုလိုတာက အရင်က အင်မတန် ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်သူတစ်ယောက်ဟာ ရောဂါကြောင့် သာမာန်ကိစ္စလေးတွေကိုတောင် ကိုယ့်ဖာသာကိုယ် မလုပ်နိုင်တော့တာပဲ သူများအပေါ် မှီခိုရမှု များလာတာ) ဆိုရင်တော့ သူငယ်ပြန်ရောဂါ (Dementia Syndrome) ခံစားနေရတယ်လို့ ပြောလို့ ရနေပါပြီ။

သူငယ်ပြန်ရောဂါ ဟုတ်၊ မဟုတ် အပ်ချမတ်ချ အဖြူအမည်း သိစေတဲ့ သွေးစစ်ခြင်း သို့မဟုတ် ဓာတ်မှန်ပုံရိပ်ရှာခြင်း မရှိသေးပါဘူး။ အသေချာဆုံးက လူနာသေဆုံးတဲ့အခါ ဦးနှောက်ကို ခွဲစိတ်ကြည့်မှပဲ သိနိုင်ပါတယ်။ လူနာ သက်ရှိထင်ရှားနေတုံး ရောဂါအမည် ရနိုင်ဖို့ကတော့ လူနာရှင်ကတဆင့် စုံစမ်းသိရတဲ့ ရောဂါလက္ခဏာတွေနဲ့ သူတို့ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းပေါ် အများကြီး တည်မှီပါတယ်။

ပိုသေချာအောင်လို့ တခြား ဖြစ်တတ်တဲ့ ရောဂါများကို ရှာဖွေစစ်ထုတ်ရပါတယ်။ ဥပမာအားဖြင့် ဦးနှောက်တွင်း သွေးခဲခြင်း၊ ဦးနှောက်တွင်း အရည် စုအောင်းခြင်း၊ ဗိုက်တာမင် ဘီ-၁၂ နဲ့ ဖိုးလစ်အက်စစ် လျော့နည်းခြင်း၊ သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းတို့မှာလည်း သူငယ်ပြန်ရောဂါ အစပိုင်းနဲ့ ဆင်တဲ့ လက္ခဏာတချို့ ပြတတ်လို့ပါပဲ။ ဒီလို ဖြစ်နှုန်း သိပ်နည်းပေမယ့် ဟုတ်ခဲ့ရင် ကုသပျောက်ကင်းနိုင်တာမို့ မဖြစ်မနေ စစ်ဆေးရပါတယ်။

လူနာတွေရော၊ လူနာရှင်တွေပါ အများဆုံး ပြောတဲ့ အစောပိုင်း ရောဂါလက္ခဏာကတော့ ပြောပြီးသားစကား၊ မေးပြီးသားမေးခွန်းကို ခဏခဏ ပြန်ပြော၊ ပြန်မေးတာပါပဲ။ တချို့ဆို မိနစ်ပိုင်းအတွင်း ထပ်ကာတလဲလဲ ပြောနေ၊မေးနေတတ်လို့ အိမ်ထောင်ဖက်ကို တော်တော် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ သူလည်း ကြာတော့ စိတ်တိုလာတာပေါ့လေ။

ရောဂါလက္ခဏာ အတော်များများကို ကာယကံရှင်ထက် မိသားစုအသိုင်းအ၀ိုင်းက ပိုသတိထားမိတာ များပါတယ်။ ဒီရောဂါရှိတယ်ထင်လို့ အထူးကုဆေးခန်းဆေးရုံကို လာပြတဲ့ လူနာတွေကို သူတို့ရဲ့ မိသားစုဝင်(တွေ)နဲ့ ကြည့်ရပါတယ်။ ကာယကံရှင်က ရောဂါလက္ခဏာကို ပြဿနာလို့ မမြင်တတ်လို့ပါ။ သနားဖို့ ကောင်းတာက ရောဂါမှန်း မသိလို့ မကုတော့ ဆေးသောက်ပြီး ခဏထိန်းထားနိုင်တဲ့ အခွင့်အရေး၊ ရောဂါဆိုးလာရင် ဘာတွေ ဖြစ်နိုင်တယ်ဆိုတာ ကြိုသိပြီး ပြင်ဆင်ထားနိုင်တဲ့ အခွင့်အရေး မရတော့ဘူးပေါ့။ အန္တရာယ်ဆိုတာ ဘယ်အချိန်မှာ ဘယ်လို ကျရောက်မယ်မှန်း မသိနိုင်တာ မှန်ပေမယ့် မှန်းလို့ရတာလေးတွေကို ကြိုပြင်ထားနိုင်တာကိုး။

အိမ်သားတွေခမျာလည်း တစ်ခါတစ်ခါ သူတို့ ခင်ပွန်း၊ ဇနီး၊ အဖေ၊ အမေ၊ ယောက္ခမ (လူနာ) အရှေ့မှာ သူတို့ (လူနာ) အကြောင်း အမှန်တွေ ပြောရတာ သိပ်တော့ မလွယ်လှဘူး။ လူနာက လျှော့ပေါ့မြင်ထား၊ ပြောထားတာတွေကို ဆန့်ကျင်ပြီး၊ ဆရာဝန်ကို အရှိအတိုင်း သတင်းပေးရတာကိုး။ ဆေးခန်းက အပြင်ထွက်တာနဲ့ ရန်ဖြစ်ဖို့၊ အဆူခံရဖို့ အကြောင်းရှိပါတယ်။ ဒီလို အခြေအနေကို ဆရာဝန်က ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုမှ မဟုတ်ရင် မိသားစုတွင်း စိတ်ကသိကအောက်တွေ ဖြစ်၊ စိတ်တွေဆိုးနဲ့ နောက်ဆုံးတော့ လူနာခမျာ ဂရုစိုက် ကူညီမယ့် အဓိက ကျောထောက်နောက်ခံ (မိသားစု) မရှိပဲ ဖြစ်သွားတတ်လို့ပါ။

ယေဘူယျ ရောဂါလက္ခဏာတွေ တူပေမယ့်၊ ရောဂါဇစ်မြစ်ပေါ် မူတည်လို့ သူငယ်ပြန်ရောဂါ အမျိုးမျိုး (Different types of Dementia) ရှိပါတယ်။
  • အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ (Dementia in Alzheimer's Disease)
  • ဦးနှောက်ထဲ သွေးအရောက်နည်းခြင်း နဲ့ လေဖြတ်ခြင်းကြောင့် ဖြစ်တဲ့ သူငယ်ပြန်ရောဂါ (Vascular Dementia)
  • အထက်ပါ နှစ်မျိုး ရောနေသော သူငယ်ပြန်ရောဂါ (Mixed Dementia)
  • “လျူဝီဘော်ဒီ” ခေါ် ဦးနှောက်ဆဲလ်တွင်း စွန့်ထုတ်ပစ္စည်းတစ်မျိုးကြောင့် ဖြစ်သော သူငယ်ပြန်ရောဂါ (Dementia with Lewy Bodies)
  • “ပါကင်ဆင်ရောဂါ” ခေါ် အကြောရောဂါတစ်မျိုးကို ကြာရှည်ခံစားရာမှ ဖြစ်လာသော သူငယ်ပြန်ရောဂါ (Dementia in Parkinson's Disease)
  • အခြား ရှားပါးသော သူငယ်ပြန်ရောဂါတစ်ချို့တို့ ဖြစ်ပါတယ်။
အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ (Dementia in Alzheimer's Disease) ကတော့ အတွေ့အများဆုံး သူငယ်ပြန်ရောဂါ ဖြစ်ပါတယ်။ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ သူငယ်ပြန်ရောဂါအားလုံးရဲ့ ၅၅-၇၀% ဟာ အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ ဖြစ်ပါတယ်။ အနောက်နိုင်ငံ သုတေသနပြုချက်များအရ အသက်(၆၅)နှစ်ကျော်သူတွေရဲ့ ၅%ဟာ ဒီရောဂါ ခံစားရဖို့ အလားအလာ အန္တရာယ် ရှိပြီး၊ အသက် ငါးနှစ်ကြီးလာတိုင်း ဒီအလားအလာက နှစ်ဆ တက်သွားတတ်ပါတယ်။ အသက် (၈၅) နှစ်ကျော်ပြီ ဆိုရင်တော့ ဒီရောဂါဖြစ်နိုင်ချေ ၄၀% ရှိနေပါပြီ။ လူငါးယောက်မှာ နှစ်ယောက် ဖြစ်တဲ့ သဘောပေါ့။ လက်ရှိကိန်းဂဏန်းများအရ ယူကေမှာ အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ (Dementia in Alzheimer's Disease) ဝေဒနာရှင်ပေါင်း ငါးသိန်း ရှိပြီး ကမ္ဘာတလွှားမှာ သန်းသုံးဆယ် ရှိတယ်လို့ ခန့်မှန်းပါတယ်။

ဆက်လက် ရေးသားပါမယ်.....

Reference:
1. World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO
2. Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.

Tuesday, 9 September 2008

စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia)


Schizophrenia ကို အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ စိတ်ကစဉ့်ကလျားရောဂါလို့ ပြန်ဆိုပါတယ်။ စိတ်ရောဂါလို့ ပြောလိုက်ရင် လူအများစု ပြေးမြင်တတ်တဲ့ typical mental illness ဖြစ်ပါတယ်။ နာမည်ကြားတာနဲ့ ကြောက်ကြ၊ တုန်လှုပ်ကြ ဖြစ်တတ်ပါတယ်။ ဆေးမကုပဲ ထားရင် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေနဲ့ ရေရှည် နောက်ဆက်တွဲ ပြဿနာတွေကလည်း ဆိုးတာကိုး။ သေသေချာချာ ဆေးကုရင်၊ မိသားစုရဲ့ ဖေးမမှုကောင်းရင်တော့ ရောဂါလက္ခဏာတွေရော၊ ရောဂါကြောင့်ဖြစ်တဲ့ လူနေမှုအဆင့်အတန်း ထိခိုက်လျော့ကျခြင်းကိုပါ ထိန်းချုပ် ကန့်သတ်နိုင်ပါတယ်။

ကမ္ဘာကျော်ရုပ်ရှင် A Beautiful Mind ရဲ့ အဓိက ဇာတ်ကောင် သင်္ချာပညာရှင် ပါမောက္ခ ဂျွန်နက်ရှ် Professor John Forbes Nash Jr. ဟာ အပြင်လောကမှာ အမှန်တကယ် ဒီရောဂါဝေဒနာရှင် ဖြစ်ပြီး၊ ၁၉၉၄ ခုနှစ် စီးပွါးရေးသိပ္ပံဗေဒဆိုင်ရာ နိုဘဲလ်ဆု ရခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဖော်ထားတဲ့ ဝေဒနာရှင်နဲ့ မိသားစုရဲ့ ခံစားချက်တွေဟာ ပီပြင်လှပါတယ်။ ကုထုံးတွေကတော့ တော်တော်လေး ပြောင်းလဲတိုးတက်ခဲ့ပါပြီ။

စိတ်ကစဉ့်ကလျားရောဂါရဲ့ အဓိက လက္ခဏာတွေကတော့
  • အတွေးစကို နှောက်ယှက်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (thought interference)
  • ပြင်ပမှ ထိန်းချုပ်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (delusions of passivity)
  • လှုံ့ဆော်မှုမဲ့ အကြားအာရုံများ လက္ခဏာစု (auditory hallucinations)
  • လုံးဝ မဖြစ်နိုင်သော၊ ယဉ်ကျေးမှု နောက်ခံများနှင့်ပင် ရှင်းမပြနိုင်သော ယုံမှားခြင်း လက္ခဏာစု (delusions which are absolutely impossible and culturally implausible)-တို့ပါပဲ။
ဒီလက္ခဏာတွေကို နေ့စဉ်လိုလို တစ်လဆက်တိုက် သို့မဟုတ် ဒီ့ထက်ကြာကြာ ခံစားနေရပြီဆိုရင်တော့ ဒီရောဂါလို့ သတ်မှတ်ဖို့ရာ ဖြစ်နိုင်ချေ တော်တော်များနေပါပြီ။ ဆေးခြောက်အပါအ၀င် မူးယစ်ဆေး ကြာရှည်သုံးစွဲတဲ့ ရာဇ၀င် ရှိရင် ပိုသေချာတာပေါ့။ ဒီကိစ္စနှစ်ခုက အကြောင်းအကျိုး ဆက်စပ်နေပါတယ်။

“အတွေးစကို နှောက်ယှက်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (thought interference)” မှာ ခေါင်းထဲမှာ ကိုယ့်အတွေးတွေကို ပဲ့တင်ထပ်သလို ထပ်ကာထပ်ကာ ကြားနေခြင်း (thought echo) ကိုယ့်အတွေးတွေကို သူများက ထုတ်ယူသလို ခံစားရခြင်း (thought withdrawal) ကိုယ့်ခေါင်းထဲကို သူများက အတွေးများ လာထည့်သည်ဟု ခံစားယုံကြည်ခြင်း (thought insertion) ကိုယ့်ကိုယ်ပိုင်အတွေးများကို သူများသိနေသည် (တစ်နည်းအားဖြင့် ကိုယ့်အတွေးများ လွှင့်ထုတ်ခံရသည်) ဟု ခံစားယုံကြည်ခြင်း (thought broadcasting) - တို့ ပါဝင်ပါတယ်။ ဒါတွေဟာ သာမန်သံသယမျိုး မဟုတ်ပါဘူး။ ဘယ်လိုမှ ရှင်းပြ၊ ထောက်ပြလို့ မရတဲ့ အကျောက်အကန် ယုံကြည်နေခြင်းမျိုး (unshakable mis-beliefs) ဖြစ်ပါတယ်။

“ပြင်ပမှ ထိန်းချုပ်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (delusions of passivity)” ကတော့ ကိုယ့်ခြေလက်ခန္ဓာ၊ အတွေးစိတ်၊ လှုပ်ရှားမှု၊ ခံစားမှုအာရုံတွေကို ပြင်ပပုဂ္ဂိုလ် သို့မဟုတ် စွမ်းအားတစ်ခုခုက ထိန်းချုပ်ထားတယ်-လို့ ယုံကြည်တာ ဖြစ်ပါတယ်။ မမြင်ရတဲ့ ဂြိုဟ်သားတွေက ဂြိုဟ်တုကနေတဆင့် ကိုယ့်စိတ်ကို ချယ်လှယ်နေကြတယ် ထင်တာမျိုးပေါ့။

လှုံ့ဆော်မှုမဲ့ အကြားအာရုံများ လက္ခဏာစု (auditory hallucinations)” ကတော့ ရှင်းပါတယ်။ အနားမှာ ဘယ်သူမှ၊ ဘာမှ မရှိပဲ အသံတွေကြားနေတာပါ။ အထူးသဖြင့်တော့ ကိုယ့်အကြောင်းကို နှစ်သံ သို့မဟုတ် ဒီ့ထက်ပိုတဲ့ အသံတွေက ပြောတာ ကြားနေရတာမျိုး၊ ကိုယ်လုပ်သမျှ တောက်လျှောက် ဝေဖန်သံ (ဘောလုံးပွဲ ဝေဖန်ချက်လိုမျိုး) ကြားနေရတာမျိုး ဖြစ်ပါတယ်။ နာကျင်မှုဝေဒနာ မဟုတ်ပေမယ့်၊ အင်မတန် ခံရဆိုးပြီး အနှောက်အယှက် ပေးပါတယ်။

“လုံးဝ မဖြစ်နိုင်သော၊ ယဉ်ကျေးမှု နောက်ခံများနှင့်ပင် ရှင်းမပြနိုင်သော ယုံမှားခြင်း လက္ခဏာစု (delusions which are absolutely impossible and culturally implausible)” မှာတော့ ကိုယ့်ကိုယ်ကို ကမ္ဘာ့အရေးပါဆုံး ပုဂ္ဂိုလ်လို့ ယုံမှားနေတာ၊ “ပွင့်”နေပြီလို့ ထင်တာမျိုး ပါဝင်ပါတယ်။ လုံးဝ ဖြစ်နိုင်ချေ မရှိပဲနဲ့ ဖြစ်မှ ပြောတာပါ။ ယဉ်ကျေးမှု သို့မဟုတ် ကိုးကွယ်ယုံကြည်မှု နောက်ခံကို ထည့်သွင်းစဉ်းစား လက်ခံပါတယ်။ ဒါတွေနဲ့တောင် မရှင်းနိုင်မှ ရောဂါလက္ခဏာ သတ်မှတ်တာပါ။

စိတ်ကစဉ့်ကလျားရောဂါမှာ အခြား လက္ခဏာများလည်း ရှိပါသေးတယ်။ ကိုယ့်ကို တိုက်ရိုက်ပြောနေသော အသံများ အပါအ၀င် လှုံ့ဆော်မှုမဲ့ အခြား အာရုံတွေ ဖြစ်တာ၊ အတွေးစိတ်ကို ဖြတ်တောက် နှောက်ယှက်သလို ခံစားရတာ၊ အပေါ်ကလောက် မဆိုးတဲ့ ယုံမှားခြင်းတွေ ဖြစ်တာ၊ လှုပ်ရှားမှု စကား ခံစားတုံ့ပြန်မှုတွေ သိသိသာသာ နည်းပါးလာတာ-တို့ပါပဲ။

စိတ်ကစဉ့်ကလျားရောဂါဟာ ကျားမဖြစ်နှုန်း အတူတူပါပဲ။ အသက်နှစ်ဆယ် ပတ်ဝန်းကျင်မှာ စတတ်ပါတယ်။ အမျိုးသားတွေမှာ စဖြစ်ချိန် နည်းနည်းစော (အသက်ငယ်) တတ်ပါတယ်။ ရောဂါ ဖြစ်ခါစမှာ တချို့က အထက်ပါ အဓိက လက္ခဏာတွေ မပြပဲ လူတွေနဲ့ မရောတော့ပဲ ခပ်ဖယ်ဖယ် လုပ်နေတာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို လျစ်လျူရှုလာတာ၊ အဆက်အစပ် မရှိတဲ့ စကားတွေကို ပြောတာတွေနဲ့လည်း အစပျိုးတတ်ပါတယ်။ ဒါကို နေ့စဉ်တွေ့မြင်နေကျ မိသားစုက စရိပ်မိတတ်ပါတယ်။

စောစောမကုပဲ ထားလိုက်ရင် ရောဂါလက္ခဏာတွေ ပိုပြင်းထန်တာရှည်တတ်တဲ့ပြင် ထပ်ဖြစ်တဲ့အခါတွေမှာလည်း ပိုပိုပြီးဆိုးလာတတ်လို့ သံသယရှိတာနဲ့ သက်ဆိုင်ရာ ပါရဂူနဲ့ ပြသပြီး ခေတ်မီဆေးဝါးများနဲ့ ကုရမှာ ဖြစ်ပါတယ်။ ပယောဂ မဟုတ်လို့ လမ်းလွဲလိုက်ပြီး ပိုဆိုးမှ ကုရတာမျိုးဆို လူနာခမျာ နစ်နာပါတယ်။ မိသားစုမှာလည်း ၀န်ပိုပိတာပေါ့။ နေမြန်မြန် ပြန်ကောင်းမှ အလုပ်ပြန်လုပ်နိုင်၊ မိသားစု ၀င်ငွေကို ကူရှာထည့်ဝင်နိုင်မှာ မဟုတ်လား။

ဒီရောဂါဝေဒနာရှင်တွေမှာ အကြမ်းအားဖြင့် ငါးပုံတစ်ပုံဟာ တစ်ခါပဲ ရောဂါလက္ခဏာ ပြတတ်ပြီး လုံးဝ ကောင်းသွားတတ်ပါတယ်။ နောက် ငါးပုံသုံးပုံက မဆိုးအောင် ဆေးနဲ့ထိန်းထားလို့ ရပါတယ်။ နောက်ဆုံး ငါးပုံတစ်ပုံကတော့ ဆေးကုတဲ့ကြားက တဖြည်းဖြည်း ဆိုးလာတတ်ပါတယ်။ စိတ်ရောဂါ မဟုတ်တဲ့ တခြားရောဂါတွေမှာလိုပဲပေါ့။ ရောဂါ ဖြစ်ခါစမှာ စိတ်ဓာတ်ကျဆင်းမှုနဲ့ သတ်သေမှုနှုန်း အမြင့်ဆုံးမို့ ရောဂါ စသိဆေးကုချိန်မှာ မိသားစု၊ မိတ်ဆွေအသိုင်းအ၀ိုင်းရဲ့ နားလည်မှု၊ ကရုဏာနဲ့ ဖေးမမှု အလိုအပ်ဆုံး ဖြစ်ပါတယ်။

ဒီရောဂါအတွက် ဆေးတွေက ဘေးထွက်အာနိသင်အနေနဲ့ ကြွက်သားတွေကို တောင့်တင်းစေတတ်ပါတယ်။ လမ်းသွားရင် လက်လွှဲတာ နည်းသွားပြီး အတောင့်လိုက် ရွေ့လျားနေတာမျိုးပေါ့။ တစ်ခါတလေတော့ ခြေလက်ဂနာမငြိမ် ဖြစ်တတ်သေးတယ်။ လူတိုင်းမှာ မဖြစ်ပေမယ့် ခေတ်ဟောင်းဆေး တော်တော်များများက ဒီဘေးထွက်အာနိသင် ဖြစ်စေလို့၊ ၁၉၉၀နောက်ပိုင်းမှာ ခေတ်သစ်ဆေးတွေ ပိုသုံးလာကြပါတယ်။ လူနာ မကြိုက်တဲ့၊ သည်းမခံနိုင်တဲ့ ဘေးထွက်အာနိသင်ဆိုရင် လူနာရဲ့ ဆေးအပေါ် စွဲမြဲအားထားမှု လျော့သွားမယ်။ ကြာရင် ဆေးမသောက်ပဲ နေမယ်။ ဒါဆို ရောဂါ ပြန်ဖောက်တော့မှာပေါ့။ ဒါ့ကြောင့် အစကတည်းက လူနာကို သေသေချာချာ ရှင်းပြပြီး သတိပေးထားတာ အကောင်းဆုံးပါ။ ရေရှည်အတွက် တွေးရ၊ တွက်ဆရပါမယ်။

လတ်တလောရောဂါဖောက်ခြင်း (acute episode) ပျောက်သွားပြီ ဆိုရင်တော့ ဝေဒနာရှင်ကို သူ့ကိုယ်သူ ယုံကြည်အားထားစိတ် ပြန်တက်လာအောင် သူ လုပ်နိုင်တဲ့၊ လုပ်နေကျ အလုပ်ကလေးတွေ ပြန်လုပ်စေရပါမယ်။ လုံးဝ စိတ်မချဖြစ်နေမယ့်အစား တဖြည်းဖြည်းချင်း ပုံမှန် နေ့စဉ်ကိစ္စလေးတွေကနေ ပြန်အစပျိုးပြီး အားပေးရပါမယ်။ မိသားစုနဲ့ လူမှုအသိုင်းအ၀ိုင်းရဲ့ လက်ခံမှုဟာ အများကြီး တာသွားစေနိုင်လို့ပါပဲ။

မေးချင်တာ၊ ဖြည့်စွက်ချင်တာ၊ ဝေမျှချင်တာလေးတွေ ရှိရင် ရေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။


Reference:
1. World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO
2. Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.

Friday, 29 August 2008

စိတ်ကြွစိတ်ကျရောဂါ (Bipolar Affective Disorder)

စိတ်ကြွစိတ်ကျရောဂါ (Bipolar Affective Disorder also known as Manic Depression) ဟာ နာမည်အတိုင်းပဲ စိတ်ကြွရောဂါ (Mania/ Hypomania) နဲ့ စိတ်ဓာတ်ကျရောဂါ (Depression) နှစ်မျိုးပေါင်းထားတာ ဖြစ်ပါတယ်။ ဝေဒနာရှင်ဟာ စိတ်ကြွရောဂါ နဲ့ စိတ်ဓာတ်ကျရောဂါ အနည်းဆုံး တစ်ကြိမ်စီ သို့မဟုတ် စိတ်ကြွရောဂါ အနည်းဆုံး နှစ်ကြိမ် ခံစားရဖူးတယ်ဆိုရင် စိတ်ကြွစိတ်ကျရောဂါ ခံစားနေရပြီလို့ သတ်မှတ်နိုင်ပါတယ်။

စာရေးဆရာမ Virginia Woolf, ရုပ်ရှင်သရုပ်ဆောင် Vivien Leigh, Carrie Fisher, Jean Claude Van Damme, Ben Stiller, တေးသံရှင် Connie Francis, Sting, ရုပ်ရှင် ဒါရိုက်တာ Francis Coppola တို့ဟာ စိတ်ကြွစိတ်ကျရောဂါရှင် ကမ္ဘာကျော်တစ်ချို့ ဖြစ်ပါတယ်။*

စိတ်ဓာတ်ကျရောဂါအကြောင်း ရေးပြီးပြီမို့ စိတ်ကြွရောဂါအကြောင်း ဆက်ပါရစေ။ စိတ်ကြွရောဂါ နှစ်မျိုး ရှိပါတယ်။ အရင့်စား (Mania) နဲ့ အနုစား (Hypomania) ပါ။ အရင့်စား (Mania) က နေ့စဉ်လူမှုဆက်ဆံရေး နဲ့ အလုပ်အကိုင်တွေကိုပါ ထိခိုက်လောက်အောင် ဖြစ်တတ်ပါတယ်။ အနုစား (Hypomania) ကတော့ သူ့လောက်လည်း မကြာ၊ သူ့လောက်လည်း မဆိုးပါဘူး။ စကားတွေ မတရားများလာတာ၊ အလုပ်တွေ မတရားလုပ်လာတာ၊ ခါတိုင်းထက် ပိုပြီး အကြောင်းမဲ့ အရမ်းပျော်နေတာ၊ စိတ်အတွေးတွေက လိုက်မမှီအောင် မြန်နေတာလောက်ပေါ့။ ဆေးမကုပဲ ထားရင်တော့ အနုစားကနေ အရင့်စား ပြောင်းသွားဖို့ အသေအချာပါပဲ။

စိတ်ကြွရောဂါအရင့်စား (Mania) ရဲ့ ရောဂါ လက္ခဏာတွေကတော့
  • စိတ်ပျော်မြောက်နေခြင်း သို့တည်းမဟုတ် စိတ်ဆတ်၊ အထိမခံ ဖြစ်နေခြင်း (Elevated mood or irritability)
  • အအိပ်အနေ သိသိသာသာ နည်းသွားသော်ငြား အားအင်များ အလိုလို ပြည့်သကဲ့သို့ ခံစားရခြင်း (Raised energy despite minimal or lack of sleep)
  • ကြီးကျယ်ခမ်းနားသော အကြံအစည်များ ပေါ်ကာ၊ မိမိကိုယ်မိမိ အထူးစွမ်းရည်များ ပိုင်ဆိုင်သည်ဟု ယုံကြည်နေခြင်း (Grandiosity)
  • အာရုံစူးစိုက်မရပဲ စိတ် တောင်ရောက်မြောက်ရောက် ဖြစ်ခြင်း (Distractibility)
  • ပုံမှန် လူမှုရေးအရ ထိန်းချုပ်မှုများ ကင်းလွတ်ကာ၊ အရောဝင်လွန်းခြင်း (Social dis-inhibition & over-familiarity)
  • အတွေး၊ အပြော၊ အလုပ်အားလုံး ပုံမှန်ထက် မြန်ကာ အလျင်စလို ဖြစ်နေခြင်း (Racing thoughts, pressured speech & over-activity)
  • အရဲစွန့် လုပ်ကိုင်ခြင်း အပြုအမူ (Risk-taking behaviour) များ ရှိလာခြင်း - ဥပမာ ကားအလွန်အမင်း အမြန်မောင်းခြင်း၊ ငွေ အသုံးအဖြုံး များလာခြင်း၊ ကာမစိတ်များလာပြီး အ န္တရာယ် မကြောက်ပဲ တွေ့ကရာလူနှင့် ဆက်ဆံခြင်း
ဒီရောဂါ လက္ခဏာတွေဟာ ခုနစ်ရက်လောက် ဆက်တိုက် ဖြစ်နေပြီဆိုရင် မိသားစုကလည်း မခံနိုင်တော့ပါဘူး။ ဝေဒနာရှင်အတွက်လည်း အ န္တရာယ် များပါတယ်။ အထူးသဖြင့် နောက်ဆုံး လက္ခဏာဟာ စိုးရိမ်စရာပါ။ လူနာရဲ့ ရောဂါကို အမြတ်ထုတ် (exploit) တဲ့သူများလည်း ရှိနိုင်လို့ပါပဲ။ ဒီလက္ခဏာတွေ ရှိလို့ကတော့ ဆေးရုံတင်ကုတာ စိတ်ချရပါတယ်။ စိတ်ချရတဲ့ ပတ်ဝန်းကျင် (safe environment) လိုအပ်လို့ပါပဲ။ ဆေးရုံမှာလည်း မျက်ခြေမပြတ် စောင့်ကြည့် (close monitoring) ရမှာပါ။

စိတ်ဓာတ်ကျရောဂါမှာလိုပဲ စိတ်ကြွရောဂါအရင့်စားမှာလည်း အမှန်တကယ် မဖြစ်သော ကိစ္စများကို အမှန်ကဲ့သို့ ယုံကြည်ခြင်း (delusions) တွေ၊ လှုံ့ဆော်မှုမဲ့ အကြား/ အမြင်အာရုံ (auditory/ visual hallucinations) တွေ ရတတ်ပါတယ်။ သဘောသဘာဝလေးတော့ ကွာတတ်ပါတယ်။ စိတ်ကြွရောဂါမှာတော့ ပျော်တဲ့၊မြောက်တဲ့ သဘောတရားကို အခြေခံတဲ့ အမှန်တရားနဲ့ ကင်းကွာခြင်း လက္ခဏာများ (psychotic symptoms) ပေါ့။ အရမ်းချမ်းသာပါတယ်လို့ ယုံကြည်ပြီး ငွေ အလွန်အမင်း သုံးတာ၊ ကိုယ့်ကိုကိုယ် အလွန်အရေးပါသူလို့ ယုံကြည်ပြီး အရေးကြီး ဆွေးနွေးပွဲမျိုးကို မဆိုင်ပဲ အတင်းဝင်ရောက် မိန့်ခွန်းချွေတာ၊ ကိုယ်က ကျော်ကြားလို့ သူများက လုပ်ကြံဖို့ နောက်ယောင်ခံလိုက်နေတယ်ဆိုပြီး သူများတွေကို သံသယပွါးတာ စသဖြင့်ပေါ့။

စိတ်ကြွစိတ်ကျရောဂါရှင်တွေဟာ သူတို့စိတ်က တက်လိုက်ကျလိုက် ဖြစ်တတ်တာကို နေကောင်းသွားတဲ့အချိန်နဲ့ စိတ်ဓာတ်ကျချိန်မှာ သိပေမယ့် စိတ်ကြွနေချိန်မှာတော့ သတိထားမိဖို့ ခဲယဉ်းတတ်ပါတယ်။ သူကိုယ်တိုင်က နေလို့ကောင်းနေတာမို့ပါ။ စဉ်းစားကြည့်ရင် ကိုယ်ချင်းစာနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် အစွမ်းအစတွေ၊ အထူးသတ္တိတွေနဲ့ ပြည့်စုံနေတယ်လို့ ထင်နေရတဲ့ အရသာက မက်လောက်စရာကိုး။ ဒါကို ပုံမှန်မဟုတ်ဘူး သွားပြောတော့ စိတ်ဆိုးတာပေါ့။ လူနာ ငြိုငြင်မှာ ကြောက်လို့ ဆေးမကုပဲထားရင် ပိုပြီးနစ်နာစရာတွေ ဖြစ်နိုင်တာ သတိချပ်ရပါမယ်။

သူ့အပြုအမူနဲ့ ရောဂါလက္ခဏာဟာ သူ့ဘ၀နဲ့ ပတ်ဝန်းကျင်ကို ဘယ်လောက် ထိခိုက်နေတယ်၊ ထိခိုက်နိုင်တယ် ဆိုတာ မိသားစုနဲ့ ဆရာဝန်က သတိပြုမိပြီး စိတ်ပုံမှန် မြန်မြန်ပြန်ဖြစ်အောင် ကူညီကုသရပါမယ်။ စိတ်ပုံမှန် ပြန်မရောက်သေးခင် ဝေဒနာရှင် ပြုမူပြောဆိုတာတွေကို ဗွေမယူမိဖို့လည်း လိုပါတယ်။ သူ့စိတ်ကမှ ပုံမှန် မဟုတ်သေးတာ။ ဘေးကနေ ဖေးမထိန်းသိမ်းပေးရပါမယ်။ ဒီလို လူနာတွေဟာ ပြန်ကောင်းသွားတဲ့အခါ သူတို့ ပြောခဲ့လုပ်ခဲ့တာတွေကို ရှက်တတ်၊ အားနာတောင်းပန်တတ်ပါတယ်။ မတောင်းပန်ရင်တောင်မှ နားလည်ခွင့်လွှတ်ပေးရမှာပါ။ စိတ်ရောဂါဆိုတာ ခြေလက်ကျိုးတာလို မြင်သာတဲ့ ကိစ္စမဟုတ်လို့ ရောဂါရယ်လို့ လက်ခံဖို့ တချို့က ပြဿနာ ရှိတတ်ပါတယ်။ အမြင်ကျယ်၊ ဗဟုသုတ ရှိဖို့ လိုပါတယ်။ ကုလို့ ရတဲ့ ရောဂါတွေပါ။ ကံနာ ၀ဋ်နာ မဟုတ်ဘူး ဆိုတာ ထပ်ပြောပါရစေ။

စိတ်ကြွစိတ်ကျရောဂါဟာ ရောဂါပြန်ထခြင်း (acute episode) ပျောက်ကင်းသွားပြီးတဲ့အခါ လုံးဝအကောင်းပါပဲ။ ဒါကို Complete remission ရတယ်လို့ ခေါ်ပါတယ်။ ဆေးတော့ သောက်နေရမှာပေါ့။ မသောက်ရင် ရောဂါ ပြန်ထဖို့ ဖြစ်နိုင်ချေ (risk of relapse) ပိုများလို့ပါ။ ရောဂါရဲ့ မူလသဘောကိုက ပြန်ဖြစ်တတ်တဲ့ သဘာဝ ရှိပါတယ်။ ဆေးသောက်သည့်တိုင်အောင် လောကဓံတွေ ထုထောင်းဖိစီးတဲ့အခါ ပြန်ဖြစ်တတ်ပါတယ်။ ဆေးမသောက်ရင် ပိုဆိုးတာပေါ့။ ဘယ်လောက်ကြာကြာ ဆေးသောက်နေရမယ်ဆိုတာက ဘယ်နှစ်ကြိမ် ဖြစ်ဖူးသလဲ၊ ဘယ်လောက်ထိ ဆိုးသလဲဆိုတာပေါ် မူတည်ပါတယ်။

စိတ်ကြွစိတ်ကျရောဂါရှင်တွေဟာ စိတ်ညှိဆေး (Mood stabiliser) တစ်ခုခု ရေရှည် သောက်ရတတ်ပါတယ်။ ဒီဆေးမျိုးက အစွမ်းထက်ပေမယ့်၊ အရမ်းကြာကြာ သောက်ရရင် တာရှည်သုံးခြင်းရဲ့ နောက်ဆက်တွဲ ဘေးထွက်အာနိသင်များ (Long-term side effects) ရတတ်လို့ ဆေးစစ်စရာ၊ စောင့်ကြည့်စရာတွေကို လူနာ၊ သူ့မိသားစု နဲ့ ဆရာဝန် ကြားမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင် သဘောတူရပါမယ်။ စိတ်ရောဂါကုဆရာဝန်နဲ့ ပြင်ပလူနာအဖြစ် ပုံမှန် စစ်ဆေးသင့်ပါတယ်။ ဒါကို ဆွဲကုတယ်၊ ဘော်ချက်တယ်လို့ မြင်ရင်တော့ စိတ်မကောင်းစရာပါပဲ။

စိတ်ရောဂါ ကုသတဲ့နေရာမှာ ယုံကြည်မှုနဲ့ ဆရာဝန်-လူနာ ဆက်ဆံရေး (Trust & therapeutic relationship) က အရမ်း အရေးကြီးပါတယ်။ တခြားရောဂါတွေမှာထက် ပိုအရေးပါပါတယ်။ နေမကောင်းတဲ့ အချိန်မှာ လူနာရဲ့ စိတ်က ပြောင်းသွားတတ်ပြီး စဉ်းစားဆင်ခြင်တုံတရား ပျောက်သွားတတ်လို့ပါ။ ဒီအချိန်မှာ ဆရာဝန်ရဲ့ သမားကျင့်ဝတ်နဲ့ အညီ ကုသပေးမှု၊ လူနာရဲ့ ကိုယ်ပိုင်အခွင့်အရေးကို လေးစားပြီး သူ့အတွက် ဆုံးဖြတ်ချက်ချတဲ့အခါ ထည့်သွင်းစဉ်းစားမှုတို့ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အဆင့်မြင့် စက်ကရိယာတွေ၊ ဆေးတွေ အားလုံးထက် အရေးကြီးတဲ့ အရာပါ။ ဘယ်အရပ်ဒေသမှာမဆို ပေးဝေနိုင်တဲ့ ၀ိသေသတစ်ရပ်ပါ။

နေအိမ်ထိ လာကြည့်တဲ့ သူနာပြု (Community Psychiatric Nurse) များ မရှိပေမယ့် ကိစ္စမရှိပါဘူး။ မိသားစုကို ပညာပေးထားလို့ ရပါတယ်။ ရောဂါစဖောက်ခြင်း လက္ခဏာများ (early warning signs) ကို လူနာအနီးက လူများ သိထားရင် ပေါက်ဆိန်နဲ့ ပေါက်စရာ မလိုခင် ဆေးကုနိုင်တာပေါ့။ အပ်ကလေးနဲ့ပဲ ထွင်းရတော့ ပိုမကောင်းဘူးလား။

့မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။

*Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.

Monday, 25 August 2008

ဒိုင်ရာဇီပင် စွဲခြင်းရောဂါ (Dependence Syndrome: Diazepam)

စိတ်ငြိမ်ဆေး ဖြစ်တဲ့ ဒိုင်ရာဇီပင် သို့မဟုတ် ဗေလီယမ် (Diazepam a.k.a. Valium) အပါအ၀င် ဘင်ဇိုဒိုင်ရာဇီပင်း မိသားစု (Benzodiazepine family) ဟာ ဆေးစွဲခြင်းနဲ့ နာမည်ကျော်ပါတယ်။ “သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး” ဆိုတဲ့ အတိုင်းပါပဲ။ မြန်မာပြည်မှာလို ဆေးတွေကို ကြိုက်သလို ၀ယ်လို့ရတဲ့ နေရာမျိုးမှာ ပိုပြီး သတိနဲ့ အသိရှိသင့်တယ် ထင်လို့ ဒီစာကို ရေးတာပါ။

၁၉၆၀ နှစ်များက စတင်ပေါ်ပေါက်လာတဲ့ ဒိုင်ရာဇီပင် သို့မဟုတ် ဗေလီယမ်ဟာ ၁၉၇၉ ခုနှစ်လောက်မှာ အင်္ဂလန်မှာ သုံးစွဲမှု အထွတ်အထိပ်ကို ရောက်ပါတယ်။ ဒီဆေးအတွက် ရေးတဲ့ ဆေးစာပေါင်း ၃၁ သန်း ရှိခဲ့ပါသတဲ့။ အများစုက အသက်ကြီးတဲ့သူတွေပါ။ ရင်တုန်လို့၊ အိပ်မပျော်လို့၊ ရောဂါပေါင်းစုံနဲ့ နာကျင်ကိုက်ခဲနေလို့ စသဖြင့် အကြောင်းတွေနဲ့ စတာပေါ့။ သုံးကောင်းကောင်းနဲ့ သုံးလာလိုက်တာ နှစ်နှစ် အကြာ ၁၉၈၁ ကျမှ ဒီဆေးဟာ အရမ်း စွဲစေမှန်း သိလာကြပါတယ်။

သူက လုံးလုံးလျားလျား မကောင်းတဲ့ ဆေးတော့လည်း မဟုတ်ပါဘူး။ တက်တဲ့အခါ (seizures) နဲ့ မေ့ဆေးမပေးမီ (pre-medication) အတွက် အသုံးဝင်ပါတယ်။ စိတ်ငြိမ်ဆေးအဖြစ်လည်း ခဏ၊ စည်းကမ်းရှိရှိ သုံးမယ်ဆို သုံးလို့ ရပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက် မသုံးသင့်ပါဘူး။ အိပ်ဆေးအနေနဲ့ သုံးမယ်ဆိုရင်တော့ သိပ်သတိထားရပါလိမ့်မယ်။ လနဲ့ ချီသွားရင် စွဲသွားပြီမို့ ဖြတ်ရခက်တတ်ပါတယ်။ ဘာအတွက်ပဲသုံးသုံး လေးပတ်ထက် မပိုသင့်ပါဘူး။ ဖြစ်နိုင်ရင် ရက်ခြားပဲ သုံးသင့်ပါတယ်။

ဆေးစွဲခြင်းရောဂါ (Dependence syndrome) ရဲ့ လက္ခဏာတွေကတော့ (ယေဘူယျအားဖြင့် စွဲခြင်းအားလုံး တူပါတယ်)
  • ဆေးကို မသောက်ပဲ မနေနိုင်ခြင်း၊ ဆေးကို မရမက ရှာဖွေ သုံးစွဲခြင်း (Craving or compulsion)
  • လိုအပ်သော အာနိသင် ရရန် ဆေး ပမာဏ တိုးသောက်ရခြင်း၊ တစ်နည်းအားဖြင့် ဆေး မတိုးတော့ခြင်း (Tolerance)
  • ဆေး မသောက်ရလျှင် ကတုန်ကရင်နှင့် ဆေးသောက်မှ စိတ်ငြိမ် အိပ်ပျော်ခြင်း (Physiological withdrawal)
  • ဆေးသည်သာ ဘ၀ကို စိုးမိုးထားပြီး အခြားကိစ္စများကို ပို၍ပို၍ စိတ်မ၀င်စားတော့ခြင်း
  • ဆေးသုံးစွဲခြင်းသည် မကောင်းမှန်းသိလျက် မရပ်နိုင်ပဲ ဆက်လက် သုံးမြဲသုံးနေခြင်း
စွဲသွားပြီးမှ ဖြတ်ရတာ အင်မတန် ခက်ခဲပါတယ်။ မဖြတ်ပဲထားတော့လည်း ဆေးအာနိသင်က လျော့လျော့လာတော့ တိုးတိုးသောက်ရင်းနဲ့ နောက်ဆုံး ဆေးလုံးဝ မတိုးတဲ့ အဆင့် ရောက်တော့ ပြန်ကန်တဲ့ ဒါဏ် (rebound) ခံရတာပါပဲ။ ဆေးရဲ့ အာနိသင်တစ်ခုက အိပ်မက်မက်စေတဲ့ အိပ်စက်ခြင်းရဲ့ အစိတ်အပိုင်းကို ဖိနှိပ်ထားတာမို့ ဆေးအာနိသင် မပြနိုင်တော့တဲ့အခါ အိပ်မက်များ တစ်ခါတရံ အိပ်မက်ဆိုးများ မက်တတ်ပါတယ်။ ဆေးဖြတ်တဲ့အချိန်မှာလည်း ဒီပြဿနာ ရှိပါတယ်။ နေ့ညအချိန်တွေမှား (Disorientation) ကယောင်ကတန်းတွေမြင် (Visual Hallucination) နဲ့ တော်တော် ခံစားရတတ်ပါတယ်။ စောစော ဖြတ်ရင် ပြဿနာကြော တိုတာပေါ့။

ဆေးဖြတ်တဲ့အချိန်မှာ ဆေးရုံ တက်ကောင်း တက်ရပါမယ်။ ဆေးကိုလည်း မျှင်းဖြတ်ရပါတယ်။ ဒီလိုမှ မဟုတ်ရင် လူနာက မခံနိုင်တာနဲ့ ပြန်ခိုးသုံးတာတို့၊ ဆေးရုံက ဆင်းပြေးတာတို့ ဖြစ်တတ်လို့ပါ။ လူနာရဲ့ ခန္ဓာကိုယ်နဲ့ ခံစားရမှု ဝေဒနာပါ။ သူ မလိုက်နိုင်တာကို စာအုပ်ကြီးအတိုင်း ဇွတ်လုပ်လို့လည်း မရပါဘူး။ ဇွတ်လုပ်ရင် အောင်မြင်ဖို့ နည်းပါတယ်။ ဒီကာလ တစ်တောက်လျှောက်လုံး မိသားစုရဲ့ နားလည်မှုနဲ့ ဖေးမမှု အရေးကြီးပါတယ်။

ဒီလို ပြဿနာ ပေးနိုင်တဲ့ ဆေးကို ဖြစ်နိုင်ရင် မသုံးတာ အကောင်းဆုံးပါ။ ကိုယ့်သဘောနဲ့ ကိုယ်တော့ သာလို့တောင် မစသင့်သေးတယ်။ ပုံမှန် ခဏသုံးစဉ်မှာလည်း မတည့်တဲ့လူတွေမှာ Paradoxical effect လို့ ခေါ်တဲ့ ပြောင်းပြန်အာနိသင် ရတတ်ပါတယ်။ စိတ်ငြိမ်ရမယ့်အစား ပိုပြီး ဂနာမငြိမ် ဖြစ်တာပေါ့။ ခေါင်းမူးထိုင်းမှိုင်းတာလည်း ဖြစ်တတ်လို့ ကားတို့၊ စက်ပစ္စည်းတို့ မမောင်း၊ မသုံးသင့်ပါဘူး။

မရှင်းတာ၊ သိချင်တာ ရှိရင် မှတ်ချက် ထားခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

Reference:
Anderson, I. M., Reid, I. C. (ed.) (2006) Fundamentals of Clinical Psychopharmacology, Oxon: Informa Healthcare
World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO

Thursday, 21 August 2008

စိတ်ဓာတ်ကျရောဂါ-၂ (Depressive Disorder-2)

စိတ်ဓာတ်ကျရောဂါမှာ အနုအရင့် (severity) နဲ့ လက္ခဏာပြပုံ မူကွဲ (atypical presentation) လေးတွေ ရှိသေးတယ်။ သက်ကြီးရွယ်အိုတွေမှာဆိုရင် စိတ်ဓာတ်ကျ ၀မ်းနည်းတဲ့ ပုံစံထက် ဂနာမငြိမ် ဖြစ်တာနဲ့လာတာ ပိုများတတ်ပါတယ်။ သူတို့အသက်ပိုင်းက စိတ်ဓာတ်ကျတာကို သိပ်ပြီး သတိမထား၊ စကားထဲ ထည့်ပြောလေ့ မရှိတတ်လို့ပါ။ တချို့ကျတော့လည်း မစားနိုင်၊ မအိပ်နိုင်တာနဲ့ ပြောင်းပြန် ဖြစ်တတ်ပါတယ်။ ပုံမှန် စားဝင်အိပ်ပျော်တာနဲ့ မတူပါဘူး။ စိတ်ညစ်ညစ်နဲ့ အစားတွေပဲ လှိမ့်စားနေတာ၊ အိပ်ရာထဲမှာပဲ နေပြီး လောကကြီးကို ရင်မဆိုင်ပဲ ရှောင်နေတာမျိုးပါ။

ဆေးကုရမယ်ဆိုတော့ ဒါဟာ လောကဓံပဲ မဟုတ်ဘူးလား။ သူဟာ သူ ပျောက်သွားမှာကို ဘာကိစ္စ ပိုက်ဆံကုန်ခံရမှာလဲ လို့ မေးစရာ ရှိပါတယ်။ မှန်ပါတယ်။ လောကဓံ ဆိုတာရော၊ သူဟာ သူ ပျောက်သွားမှာ ဆိုတာရော အမှန်ပါပဲ။ ချက်ချင်းတော့ မဟုတ်ပါဘူး။ ဆေးမကု၊ ဆေးမကူရင် ပျမ်းမျှခြင်းအားဖြင့် ကိုးလလောက် ခံစားရတတ်ပါတယ်။ အဲဒီ အချိန်အတွင်း ရောဂါကို ပိုဆိုးစေမယ့် နောက်ထပ် လောကဓံ (contributing life circumstances) တွေ မဖြစ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။

ဒီလို အချိန်မျိုးမှာ စိတ်ဓာတ်ကျဝေဒနာရှင်ဟာ သာမန်အချိန်မှာထက် ပိုပြီး စိတ်ထိခိုက်လွယ် (psychologically vulnerable) ဖြစ်နေတတ်တာကို ထည့်စဉ်းစားရပါမယ်။ အဆိုးအပျက်တွေလည်း ပိုမြင်တတ်ပါတယ်။ ခေါင်းပေါ်မှာ တိမ်တိုက်မဲကြီး (dark cloud) အမြဲတမ်း အုံ့ဆိုင်းနေသလိုပဲလို့ လူနာတွေ မကြာခဏ ပြောလေ့ရှိကြပါတယ်။ ကိုယ့်အသက်ကို ကိုယ် တန်ဖိုးမထားတော့ပဲ အဆုံးစီရင်၊ ထွက်ပေါက်ရှာတဲ့အထိ ဆိုးတတ်လို့ အင်မတန် ဂရုစိုက်သင့်ပါတယ်။

လောကဓံနဲ့ ကြုံတဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်တာချင်း မတူပါဘူး။ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇလည်း ပါပါသေးတယ်။ ဒီလို ပြောလို့ မျိုးရိုးလိုက်တယ်လို့လည်း တစ်ထစ်ချ ပြောလို့ မရပါဘူး။ စိတ်ဓာတ်ကျရောဂါ မျိုးရိုးမရှိသူနဲ့ စာရင် စိတ်ဓာတ်ကျရောဂါ မျိုးရိုးရှိသူက လောကဓံအဆိုးစား ကြုံတဲ့အခါ စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ချေ ပိုများတယ် လို့ပဲ ပြောလို့ ရပါတယ်။ နှိုင်းယှဉ်မှုအားဖြင့် (relatively)ပေါ့။

အမှန်တကယ် မဖြစ်သော ကိစ္စများကို အမှန်ကဲ့သို့ ယုံကြည်ခြင်း (delusions) နဲ့ လှုံ့ဆော်မှုမဲ့ အကြား/ အမြင်အာရုံ (auditory/ visual hallucinations) တွေပါ ရလို့ကတော့ အရပ်အမြင်မှာ သွက်သွက်ခါ ရူးနေပြီဆိုပြီး ကြောက်ကြ၊ ကျဉ်ကြတတ်ပါတယ်။ ဒါတွေကို အမှန်တရားနဲ့ ကင်းကွာခြင်း လက္ခဏာများ (psychotic symptoms) လို့ ခေါ်ပါတယ်။ မသိတဲ့လူတွေအတွက် အရမ်း ခြောက်ခြားစရာ အတွေ့အကြုံပါ။

အမှန်တော့ ဒီလက္ခဏာတွေအားလုံးဟာ ဦးနှောက်ထဲမှာ အာရုံကြောဓာတုပစ္စည်းများ (neuro-chemicals) မျှခြေပျက်ခြင်း (imbalance) ကြောင့် ဖြစ်တာပါ။ ဒါကို စိတ်ဓာတ်ကျရောဂါကို တန်ပြန်တဲ့ အနောက်တိုင်း ဆေးဝါးများ (anti-depressants)၊ အမှန်တရားနဲ့ ကင်းကွာခြင်းကို တန်ပြန်တဲ့ ဆေးဝါးများ (anti-psychotics) နဲ့ ပြုပြင်ကုသလို့ ရပါတယ်။ လုံးဝ သက်သာ ပျောက်ကင်းနိုင်ပါတယ်။

အထက်ပါဆေးတွေဟာ စနစ်တကျ သုံးရင် ထိရောက်ပါတယ်။ စွဲခြင်း (dependence) လည်း မဖြစ်တတ်ပါဘူး။ ဒါပေမယ့် ကိုယ့်သဘောနဲ့ကိုယ် ၀ယ်သောက်၊ ရမ်းကုလို့ကတော့ ဒုက္ခရောက်ဖို့ပါပဲ။ ကြုံလို့ သတိပေးပါရစေ။ စိတ်ဓာတ်ကျရောဂါကို တန်ပြန်တဲ့ ဆေး (anti-depressants) တွေထဲမှာ ဒိုင်ရာဇီပင် မိသားစု (Diazepam/ Benzodiazepines family) လုံးဝ လုံးဝ မပါပါဘူး။ သူက အင်မတန် စွဲစေပါတယ်။ တစ်ဒုက္ခကနေ နှစ်ဒုက္ခ ရှာသလို ဖြစ်တတ်ပါတယ်။ ကိုယ့်အနာဂတ် နဲ့ ဘ၀ကို တန်ဖိုးထားတယ်ဆိုရင် တတ်ကျွမ်းနားလည်သူ စိတ်ရောဂါ ပါရဂူများထံ ချဉ်းကပ်သင့်ပါတယ်။

နောက်တစ်ခု သတိပေးချင်တာကတော့ ဘယ်ဆေးမဆို (Paracetamol ပါရာစီတမောက အစ) ဘေးထွက်အာနိသင် (side effects) တွေ ရှိပါတယ်။ မသိကြ၊ မပြောကြလို့ပါ။ ဆေးသောက်တဲ့ လူနာမှာ ဒါကို သိခွင့်၊မေးခွင့် ရှိပါတယ်။ ဆရာဝန်ကလည်း သေသေချာချာ ရှင်းပြရမယ့် ၀တ္တရား ရှိပါတယ်။ ဒီအလေ့အထကို မွေးယူရပါမယ်။ ဘယ်ဆေး၊ ဘယ်ရောဂါအတွက် မဆိုပါ။

ဆရာဝန်တွေဟာ ရှိသမျှ တတ်သိတာဝန်ယူနိုင်တဲ့ နတ်ဘုရားတွေ မဟုတ်သလို၊ လူနာတွေဟာလည်း ဘာမှမသိတဲ့ ဘာတာဝန်မှ မယူနိုင်တဲ့ နလပိန်းတုံးတွေ မဟုတ်ပါဘူး။ ကုသချက် (treatment) ဆိုတာ မျှဝေတာဝန်ယူမှု (shared responsibility) ပါ။ လူနာကို သိသင့်တဲ့ အချက်အားလုံး သူနားလည်မယ့် အရပ်စကားနဲ့ ရှင်းပြပြီး၊ တန်ဖိုးရှိတဲ့ ချင့်ချိန်စဉ်းစားထားတဲ့ ဆုံးဖြတ်ချက် (valid informed decision) ချနိုင်အောင် ကူညီရပါမယ်။ လူတစ်ယောက်ရဲ့ အချုပ်အချာပိုင်မှုကို လေးစားရတဲ့ (respect for autonomy) သမားတို့ ကျင့်ဝတ် (medical ethics) ပါ။

စိတ်ရောဂါတွေကို ကုတဲ့နေရာမှာ ဆေးတစ်ခုတည်း အားကိုးလို့တော့ မရပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပြုပြင်စရာတွေ ရှာဖွေပြုပြင်ရမှာပါ။ မိသားစုရဲ့ နားလည်မှုနဲ့ ပံ့ပိုးမှု လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အမြင်ကျယ်မှုနဲ့ လက်ခံမှုကလည်း အရေးကြီးပါတယ်။ ဒါဟာ ရောဂါကြောင့် ဖြစ်တာပဲရယ်လို့ သဘောပေါက်ပြီး ဖေးမရပါမယ်။ အပြစ်တင်ရင် ဘယ်သူမှ အကျိုး မရှိပါဘူး။ ဘယ်သူက ဒီလို ဖြစ်ချင်ပါ့မလဲ။ ကိုယ်ကိုယ်တိုင်လည်း တစ်ချိန်မဟုတ် တစ်ချိန် ဒီရောဂါ ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

Tuesday, 19 August 2008

စိတ်ဓာတ်ကျရောဂါ-၁ (Depressive Disorder-1)

Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျရောဂါဟာ အင်မတန် အဖြစ်များပြီး၊ ဆီးချို၊ သွေးတိုးတို့လိုပဲ ဆေးကုရမယ့်၊ ဆေးကုလို့ ရတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကံနာ၊၀ဋ်နာ ဒါမှမဟုတ် ပျော့ညံ့မှု မဟုတ်ပါဘူး။ ရှက်စရာလည်း မဟုတ်ပါဘူး။

အနောက်နိုင်ငံစာရင်းများအရဆို လူလေးယောက်မှာ တစ်ယောက်ဟာ ဘ၀တစ်ချိန်ချိန်မှာ စိတ်ဓာတ်ကျရောဂါ ခံစားရနိုင်ပါသတဲ့။ ရုပ်ရှင်သရုပ်ဆောင် Harrison Ford, Marlon Brando, Jim Carrey, Halle Berry နဲ့ ဂီတပညာရှင် Elton John, Billy Joel, Janet Jackson တို့ဟာ သူတို့ စိတ်ဓာတ်ကျရောဂါ ဝေဒနာရှင်မှန်း လူသိရှင်ကြား ကြေငြာထားတဲ့ နာမည်ကျော်များထဲက အချို့ ဖြစ်ပါတယ်။*

စိတ်ဓာတ်ကျရောဂါရဲ့ လက္ခဏာတွေကတော့

(၁) စိတ်နှလုံး ညှိုးခြုံးခြင်း၊ ငိုချင်နေခြင်း
(၂) အကြောင်းမဲ့ နုံးချိနွမ်းနယ်နေခြင်း
(၃) ခါတိုင်း ပျော်ရွှင်စိတ်ဝင်စားနေကျ ကိစ္စများအပါအ၀င် ဘယ်အရာကိုမျှ မပျော်ရွှင်၊ စိတ်မ၀င်စားတော့ခြင်း
(၄) ခံတွင်းပျက်ခြင်း (တစ်လအတွင်း နဂို ကိုယ်အလေးချိန်၏ ငါးရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ပုံတစ်ပုံ ကျသွားခြင်း)
(၅) အိပ်မပျော်ခြင်း (ညလယ်နိုးပြီး ပြန်အိပ်မရခြင်း နဲ့ မနက် ပုံမှန်ထက် နှစ်နာရီ စောနိုးခြင်း တို့လည်း ပါပါတယ်)
(၆) မျှော်လင့်ချက် ကင်းမဲ့ပြီး၊ ကိုယ့်တန်ဖိုး ပျောက်နေခြင်း
(၇) ထွက်ပေါက် မမြင်တော့ပဲ အနာဂတ်အပေါ် လက်လျှော့ခြင်း
(၈) ကိုယ့်ကိုကိုယ် သတ်သေလိုစိတ် ပေါ်ပေါက်ခြင်း
(၉) အာရုံ စူးစိုက်နိုင်မှု လျော့ပါးသွားခြင်း
(၁၀) မိမိကိုယ်ကို ယုံကြည်မှု နည်းသွားခြင်း
(၁၁) ဘာကိုမှ လုပ်ကိုင်လိုစိတ် မရှိတော့ခြင်း
(၁၂) လိင်မှုကိစ္စ စိတ်မ၀င်စားတော့ခြင်း တို့ ပါဝင်ပါတယ်။

ဒါတွေကို တစ်ခါတလေ ကာယကံရှင် ကိုယ်တိုင် မဟုတ်ပဲ မိသားစုက သတိစထားမိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အရပ်စကားအခေါ် “စိတ်ဓာတ်ကျ”တာနဲ့ မတူတာကတော့ တကယ်ဆေးကုရမယ့် စိတ်ဓာတ်ကျရောဂါ (Clinical Depression) ဆိုရင် အထက်ပါ လက္ခဏာများ (အကုန်လုံး ရှိရန် မလိုပါ) နေ့စဉ်ရက်ဆက် အနည်းဆုံး နှစ်ပါတ် ရှိရပါမယ်။ တော်တော့်ကို ခံရဆိုးပါတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေဆိုတာ သိပ်မှန်တဲ့ စကားပါ။

သိပ်ဆိုးရင်တော့ အမှန်တကယ် မဖြစ်သော ကိစ္စများကို အမှန်ကဲ့သို့ ယုံကြည်ခြင်းတွေ (delusions) ပါ ရတတ်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်ကိုကိုယ် ပြစ်မှုကျူးလွန်မိတယ်လို့ ယုံကြည်ပြီး ရဲထံ အဖမ်းခံတာမျိုး၊ ကိုယ့်ခန္ဓာကိုယ်က ပုပ်ဟောင်နေတယ်လို့ ယုံကြည်ပြီး လူတွေ့မခံတာမျိုး၊ ကိုယ့်ကို သူများက လုပ်ကြံတယ်ဆိုပြီး အိမ်မှာ အလုံပိတ် ကြောက်နေတာမျိုးပေါ့။ တစ်ခါတလေတော့ ဘယ်သူမှ အနားမရှိပဲ စကားပြောသံတွေ ကြားတာမျိုး၊ အရိပ်တွေ မြင်တာမျိုး လှုံ့ဆော်မှုမဲ့ အကြား/ အမြင်အာရုံတွေ (auditory/ visual hallucinations) လည်း ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ သေသေချာချာ ဆေးကုမှကို ဖြစ်တော့မယ်။

ဆက်ရန်......

*Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.