Sunday 20 December 2009

ECT သို့မဟုတ် ရှော့ခ်ရိုက် ကုသခြင်း

Electro Convulsive Therapy (ECT) လို့ ဆိုလိုက်တာနဲ့ လူတော်တော်များများ ကျောထဲ စိမ့်သွားတတ်ကြပါတယ်။ ရုပ်ရှင်တွေထဲမှာ ပုံဖော်တာက ကြောက်စရာကိုး။ တကယ်တမ်းလည်း အပြင်မှာ ဟိုးအရင်က အတော် ကြောက်စရာ ဖြစ်ခဲ့ပါတယ်။ ခေတ်မီ မေ့ဆေး၊ ကြွက်သား ဖြေလျော့ဆေးတွေ မသုံးနိုင်ခင်ကပေါ့။

ECT ကို လူတွေ ကြောက်တယ် ဆိုတာ အဆိုးတွေကိုပဲ ပုံကြီးချဲ့ပြတဲ့ မီဒီယာတွေ၊ သြဇာရှိသူတွေရဲ့ သက်ရောက်မှုတွေကြောင့်သာ ဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာတွေ့ရှိတဲ့ အန္တရာယ်ရှိမှုကြောင့် မဟုတ်ပါဘူး။ ဆိုလိုချင်တာက အရပ်ပြောနဲ့ပဲ ရမ်းကြောက်နေကြတာ ဖြစ်ပါတယ်။

ခုခေတ်မှာတော့ လူနာကို ရှော့ခ်ပေးချိန် မိနစ်ပိုင်းလေးအတွင်း မေ့ဆေး ပေးထားလို့ ရတယ်။ ရှော့ခ်ကြောင့် တက်တဲ့အခါ ကြွက်သားတွေ အရမ်း မလှုပ်ရှားရလေအောင် ဖြေဆေး ပေးထားတယ် ဆိုတော့ မလိုအပ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေ မရှိတော့ပါဘူး။ လူနာကလည်း ဟန်မပျက်လေး ပြန်နိုးလာ လက်ဖက်ရည် သောက်ပြီး နာရီဝက်လောက် နေရင် လူနာဆောင်ထဲ ပြန်နိုင်တာပဲ။

ECT သို့မဟုတ် လျှပ်စစ်ဓာတ်နဲ့ ရှော့ခ်ရိုက် ကုသခြင်းကို ၁၉၃၈ ခုနှစ်မှာ အီတာလျံလူမျိုး သုတေသန ပညာရှင် နှစ်ဦး ( Cerletti and Bini) က ခွေးတွေမှာ စမ်းသပ်ရင်း တွေ့ရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင် ၁၉၃၄ ခုနှစ်တုံးက ဟန်ဂေရီလူမျိုး စိတ်ရောဂါကု ဆရာဝန် Meduna က စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) နဲ့ အတက်ရောဂါ (Epilepsy) လက္ခဏာတွေ အတူတွဲ မဖြစ်တတ်တာကို ပထမ လေ့လာမိခဲ့တာ ဖြစ်ပါတယ်။ ဒါပေါ် မူတည်ပြီး အီတာလျံနှစ်ယောက်က လူတွေမှာ ဒီကုထုံးကို စသုံးကြည့်ရာကနေ တွင်ကျယ်လာခဲ့တာပါ။

ပထမတော့ ဒီကုထုံးကို စိတ်ကစဉ့်ကလျားရောဂါ ဝေဒနာရှင်တွေမှာပဲ အသုံးများခဲ့ပါတယ်။ မေ့ဆေးလည်း မသုံး၊ ကြွက်သား ဖြေလျော့ဆေးတွေလည်း မသုံးပဲ အစိမ်း ရှော့ခ်ရိုက်တာ ဆိုတော့ အတော်ပဲ ကြောက်စရာ ကောင်းခဲ့ပါတယ်။ လူအများ ကြောက်ခဲ့တာလည်း ဒါမျိုးကို နာမည်ကြီး ရုပ်ရှင် (One Flew Over the Cuckoo's Nest) မျိုးမှာ တွေ့ခဲ့ကြတာကိုး။ (A Beautiful Mind ဇာတ်ကားထဲမှာ သုံးတာကတော့ Insulin Shock / Insulin Coma Therapy ဖြစ်ပါတယ်။ တော်တော် ကြောက်စရာကောင်းပြီး သိပ္ပံနည်းမကျတဲ့ ကုထုံး ဖြစ်လို့ နောက်ပိုင်းမှာ ဆက်မသုံးတော့ပါဘူး)

ဒီလိုဆိုတော့ ECT ကရော သိပ္ပံနည်းနဲ့ အတိအကျ နားလည်ပြီးသား ကုထုံးလားလို့ မေးရင် မဟုတ်သေးပါဘူး။ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေအပေါ် သက်ရောက်မှု ရှိတယ် ဆိုတာ သိပေမယ့် ဘယ်လို mechanism of action နဲ့ အတိအကျ အလုပ်လုပ်တယ် ဆိုတာ အသေးစိတ် မသိကြသေးပါဘူး။ သို့သော် မေ့ဆေး၊ ကြွက်သားဖြေလျော့ဆေးတွေနဲ့ ဘေးထွက်ဆိုးကျိုး နည်းအောင် လုပ်လို့ ရလာတာရယ်၊ လက်တွေ့စမ်းသပ်ချက်တွေအရ ရောဂါလက္ခဏာတွေ သက်သာပြီး အကျိုးရှိမှန်း သေချာသိလာတာရယ်ကြောင့် ECT ကတော့ စိတ်ရောဂါကုထုံး တစ်ခုအနေနဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဆေးနဲ့ ကုလို့ မရမှ သုံးတဲ့နည်းပါ။ First-line treatment တော့ မဟုတ်ပါဘူး။

ECT ကို မူလက စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) မှာ သုံးပေမယ့် နောက်ပိုင်း စမ်းသပ်တွေ့ရှိချက်တွေအရ အဲဒီရောဂါမှာ မထိရောက်လှတာ သိလာလို့ မသုံးတော့ပါဘူး။ ခုခေတ်မှာတော့ ECT ကို အပြင်းထန်ဆုံး စိတ်ဓာတ်ကျရောဂါ (မစားမသောက်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးကိုပါ ခြိမ်းခြောက်ထိခိုက်လာတဲ့ သို့မဟုတ် သတ်သေဖို့ အလားအလာ သိပ်များနေတဲ့ အနေအထားမျိုး) မှာ အရေးပေါ် အနေနဲ့ သုံးပါတယ်။ မြန်မြန်နဲ့ အာနိသင် ရတတ်လို့ အသုံးတည့် အသက်ကယ်ရာ ရောက်ပါတယ်။ သုံးသင့်တဲ့ နေရာ ဆိုရမှာပေါ့။ အသက်ကြီးသူ လူနာတွေကျတော့ ဆေးတွေကို ပြင်းအားများများ တင်လိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးဒဏ် မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခါမှာ တခြားနည်းလည်း မရှိတော့တဲ့အတွက် ECT ကို အဆိုပြု အသုံးချတတ်ပါတယ်။ တချို့ကျတော့ ဆေးတွေ အမျိုးစုံကို ဂိတ်ဆုံးရောက်တဲ့ထိ တင်တာတောင် အကျိုး မခံစားရလို့ (တနည်းအားဖြင့် ဆေးမတိုးလို့) သုံးရတာ ရှိပါတယ်။

ဘာကြောင့်ပဲ သုံးမယ်လို့ ဆုံးဖြတ် ဆုံးဖြတ်၊ လူနာကို အရင် ရှင်းပြပြီး သူ သဘောတူမှ ပေးရတာပါ။ လူနာက မဆုံးဖြတ်နိုင်လောက်အောင် စိတ်ရောဂါ ဖိစီးနေရင်တော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဒုတိယ ထင်မြင်ချက်ပေး ဆရာဝန်ကြီး (second opinion doctor) ကို တိုင်ပင်ပြီးမှ ပေးပါတယ်။ အရမ်း လုပ်လို့ မရပါဘူး။

ရှော့ခ်ရိုက်တယ် ဆိုရာမှာ လျှပ်စစ်ဓာတ် ပြင်းအားအနည်းငယ်ကို ဦးခေါင်းရဲ့ ဂျိုစောင်းတစ်ဖက်တစ်ချက်ကနေ electrode နဲ့ စက္ကန့်ပိုင်းလေး ပေးတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ လူနာကို မေ့ဆေးဆရာဝန်က စစ်ဆေးပြီး မေ့ဆေးအတိုစားနဲ့ ကြွက်သားဖြေလျော့ဆေး ကြိုပေးထားပါတယ်။ တက်တဲ့အချိန်မှာ လူနာ ဘာမှ မသိဘူးပေါ့။ ကြွက်သားတွေလည်း မတရား တောင့်တင်းမကုန်တဲ့အတွက် ခြေလက်တွေ ကောက်ကွေး တက်ချက် ကျိုးပဲ့တာ မဖြစ်တော့ပါဘူး။ ဒါဟာ ခေတ်မီ ပြုပြင်ပြောင်းလဲထားတဲ့ modified ECT ပါပဲ။ အနောက်နိုင်ငံတွေမှာ လက်ရှိ သုံးနေဆဲ ဖြစ်ပါတယ်။ အသေအချာ ရွေးပြီး သုံးတာ ဖြစ်ပြီး လူနာလည်း အကျိုးကျေးဇူး ခံစားရပါတယ်။ စိတ်လည်း ချရပါတယ်။

ECT ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ မေ့ဆေးနဲ့ ပတ်သက်တဲ့ အန္တရာယ် (အခြားသော အသေးစား ခွဲစိတ်ခြင်းများမှာ အတိုင်း) ရှိတတ်တာရယ်၊ မှတ်ဥာဏ်ကို ထိခိုက်တာရယ် (ECT ရှော့ခ်ရိုက်ခါနီး အချိန်က အဖြစ်အပျက်တွေကို မမှတ်မိပေမယ့် ကျန်တဲ့ မှတ်ဥာဏ်က ဘာမှ မဖြစ်ပါဘူး) အဓိက ဖြစ်ပါတယ်။ ECT တစ်ခါ ပေးပြီးတိုင်း ခေါင်းကိုက် ခေါင်းမူးတတ်တာ၊ ကြွက်သားတွေ ကိုက်ခဲတတ်တာ၊ ပျို့အန်ချင်ပြီး အစားမစားနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။

ECT ကုထုံးကို ဘယ်လူနာမဆို ကုနိုင်တာ မဟုတ်ပါဘူး။ ဦးနှောက်တွင်း ဖိအားများနေတဲ့ (ဦးနှောက်အကြိတ် တစ်မျိုးမျိုး ရှိနေ) သူတွေ၊ မကြာသေးမီက နှလုံးရောဂါ ရထားသူတွေ၊ နှလုံး သွေးကြောမကြီး သို့မဟုတ် ဦးနှောက်တွင်း သွေးကြောဖောင်းနေတဲ့ ရောဂါ (cerebral / arotic aneurysms) ဒီကုထုံး မခံယူသင့်ပါဘူး။ ECT ကြောင့် သွေးဖိအား၊ ဦးနှောက်တွင်း ဖိအားတွေ ပိုများလာပြီး ရောဂါ ပိုဆိုး၊ အသက်အန္တရာယ် ရှိနိုင်လို့ပါ။

လူနာတစ်ယောက်ဟာ ECT နဲ့ ကုရပြီ ဆိုရင် တစ်ပတ်မှာ နှစ်ခါ ECT treatment ယူရပါတယ်။ နေ့တိုင်းကိစ္စ မဟုတ်ပါဘူး။ တတိယပတ်လောက် ရောက်လာရင် ရောဂါလက္ခဏာတွေ တော်တော်ပဲ သက်သာ ပျောက်ကင်းနေတတ်ပြီ။ စုစုပေါင်း ၆ ကြိမ်ကနေ ၈ ကြိမ် treatment ယူရတတ်ပါတယ်။ ECT ကြောင့် ရောဂါ သက်သာခြင်းဟာ အဖြစ်မြန် အပျက်မြန်လို့ အရေးပေါ် အခြေအနေမှာပဲ အသုံးတည့်ပါတယ်။ ရေရှည်ထိန်းတဲ့ ကုထုံးအဖြစ် အသုံးမ၀င်ပါဘူး။ ဒီ့အတွက် ပုံမှန် သောက်ဆေးနဲ့ ကုရပါတယ်။

ECT ကို အင်မတန် ကြောက်စရာကောင်းပြီး လူမဆန်တဲ့ ကုထုံးအဖြစ် ပုံဖော်ကြသူများ ရှိသလို ECT ကြောင့် ဘ၀တွေ ပုံမှန် ပြန်ရောက် ဘ၀တန်ဖိုးတွေ ပြန်ခံစားနိုင်တဲ့ လူနာတွေ၊ သူတို့ရဲ့ မိသားစုတွေလည်း တပုံတပင် ဖြစ်ပါတယ်။ ကျွန်မ အလုပ်လုပ်ခါစက လူနာတစ်ယောက်ကို consent ယူဖို့ ECT အကြောင်း ရှင်းပြတော့ သူက မင်းသာ ငါ့နေရာမှာဆို ဒီကုထုံးကို လက်ခံမလားတဲ့။ ကိုယ် ပြောတာ ကိုယ် ယုံကြည်တဲ့အတွက် 'of course I would' လို့ ဖြေခဲ့တာ သတိရမိတယ်။ ပြောချင်တာက တကယ် လိုအပ်သူတွေအတွက် ထိရောက်တဲ့ ကုထုံး ဖြစ်တယ် ဆိုတာပါပဲ။ တွေ့ဖူး သိဖူး ကြားဖူးတာ ရှိရင် အတွေ့အကြုံ ဝေမျှဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေးပြီး ချမ်းသာကြပါစေ။

(ပြည်သူ့ကျန်းမာရေး စုပေါင်းဘလော့ဂ်မှာ တင်ပြီးသား ဖြစ်ပါတယ်။ မဖတ်ဖြစ်လိုက်သူများ ဖတ်ရအောင် ပြန်တင်လိုက်ပါတယ်)

7 comments:

  1. အရင်ကမဖတ်ဖူးသေးဘူး၊ ပြန်တင်ပေးလို့ ကျေးဇူးပါ မသွဲ့ရေ။ အစ်မရေးမှ ECT အကြောင်း သေချာသိရတယ်။ 'A Beautiful Mind' ဇာတ်ကားထဲက ကုထုံးအကြောင်းလည်း သိရပြီ။

    ReplyDelete
  2. စိတ်ဝင်စားပါတယ်။

    ReplyDelete
  3. EEG ဆိုတာ ဘာလဲခင်ဗျာ။ အင်္ဂလိပ်လို ဆေးပညာဆောင်းပါးတစ်ခုမှာ တွေ့လိုက်ရတာ နားမလည်လို့ပါ။

    ReplyDelete
  4. ECT ကို ထိရောက်တဲ့ ကုထုံးတခုအနေနဲ့ မြင်စေချင်လို့ပါ ညီမ ဇွန်နဲ့ ရီတာရေ။

    EEG ဆိုတာ Electro EncephaloGram ဖြစ်ပါတယ်။ ဦးနှောက်ထဲက အာရုံလှိုင်းတွေကို ဖမ်းယူပုံဖော်ခြင်း ဆိုပါတော့။ ECG (Electro CardioGram) လိုပဲ electrodes လေးတွေကို ခေါင်းပတ်ပတ်လည်မှာ တပ်ပြီး စာရွက်ပေါ်မှာ ပုံဖမ်းမှတ်တမ်းတင်ပါတယ်။ ဒါကို အာရုံကြော အထူးကု ဆရာဝန် သို့မဟုတ် သိပ္ပံပညာရှင်တွေက ဖတ်ရှု အဓိပ္ပါယ် ပြန်နိုင်ပါတယ်။ အတက်ရောဂါ (Epilepsy) မှာ အသုံးများပေမယ့် EEG ပုံမှန် ဖြစ်တိုင်း ရောဂါ မရှိဘူးလို့ ပြောလို့ မရဘူး။ အသုံးဝင်ပေမယ့် ရောဂါ အမျိုးအမည် အဖြူအမည်း သဲကွဲအောင် မပြောနိုင်တဲ့ အခါတွေ အများကြီး ရှိပါတယ်။

    ReplyDelete
  5. မေ့ဆေးနဲ့ ပေးပေး၊ အကြောဖြေဆေးနဲ့ပဲ ပေးပေး အဲဒီလို ကုခံရမှာတော့ ကြောက်မိတယ် မမရယ်..

    အဓိပ္ပါယ်ပြည့်ဝ တဲ့ ချစ်ခင်သူများနဲ့ မကွဲမကွာရတဲ့ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေ လို့ ဆုတောင်းသွားပါတယ်။

    ReplyDelete
  6. မသွဲ့ရေ Happy New Year နော်။

    ReplyDelete
  7. ချိုသင်း ပြောတာကို သဘောပေါက်ပါတယ်။ ကိုယ်လည်း လူနာဆိုရင် အဲလိုပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ လူနာကို နားလည်အောင် ရှင်းပြပြီး သက်သာပျောက်ကင်းကြောင်း ကုထုံးကို ထည့်သွင်းစဉ်းစားအောင် ပြောရမှာက ဆရာဝန် သူနာပြုများရဲ့ ၀တ္တရားပါ။ လူနာက ငြင်းနိုင်တဲ့ စိတ်စွမ်းရည် ရှိနေပြီး ငြင်းတာဆိုရင်တော့ ဒါကို လေးစားလက်ခံရလိမ့်မယ်။

    မင်္ဂလာနှစ်သစ်ပါ ချိုသင်းနဲ့ ညီမဇွန်ရေ။ ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete

တွေးမိတာလေး ရေးသွားပါ။ ကျေးဇူးတင်ပါတယ်။