Tuesday 9 September 2008

စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia)


Schizophrenia ကို အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ စိတ်ကစဉ့်ကလျားရောဂါလို့ ပြန်ဆိုပါတယ်။ စိတ်ရောဂါလို့ ပြောလိုက်ရင် လူအများစု ပြေးမြင်တတ်တဲ့ typical mental illness ဖြစ်ပါတယ်။ နာမည်ကြားတာနဲ့ ကြောက်ကြ၊ တုန်လှုပ်ကြ ဖြစ်တတ်ပါတယ်။ ဆေးမကုပဲ ထားရင် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေနဲ့ ရေရှည် နောက်ဆက်တွဲ ပြဿနာတွေကလည်း ဆိုးတာကိုး။ သေသေချာချာ ဆေးကုရင်၊ မိသားစုရဲ့ ဖေးမမှုကောင်းရင်တော့ ရောဂါလက္ခဏာတွေရော၊ ရောဂါကြောင့်ဖြစ်တဲ့ လူနေမှုအဆင့်အတန်း ထိခိုက်လျော့ကျခြင်းကိုပါ ထိန်းချုပ် ကန့်သတ်နိုင်ပါတယ်။

ကမ္ဘာကျော်ရုပ်ရှင် A Beautiful Mind ရဲ့ အဓိက ဇာတ်ကောင် သင်္ချာပညာရှင် ပါမောက္ခ ဂျွန်နက်ရှ် Professor John Forbes Nash Jr. ဟာ အပြင်လောကမှာ အမှန်တကယ် ဒီရောဂါဝေဒနာရှင် ဖြစ်ပြီး၊ ၁၉၉၄ ခုနှစ် စီးပွါးရေးသိပ္ပံဗေဒဆိုင်ရာ နိုဘဲလ်ဆု ရခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဖော်ထားတဲ့ ဝေဒနာရှင်နဲ့ မိသားစုရဲ့ ခံစားချက်တွေဟာ ပီပြင်လှပါတယ်။ ကုထုံးတွေကတော့ တော်တော်လေး ပြောင်းလဲတိုးတက်ခဲ့ပါပြီ။

စိတ်ကစဉ့်ကလျားရောဂါရဲ့ အဓိက လက္ခဏာတွေကတော့
  • အတွေးစကို နှောက်ယှက်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (thought interference)
  • ပြင်ပမှ ထိန်းချုပ်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (delusions of passivity)
  • လှုံ့ဆော်မှုမဲ့ အကြားအာရုံများ လက္ခဏာစု (auditory hallucinations)
  • လုံးဝ မဖြစ်နိုင်သော၊ ယဉ်ကျေးမှု နောက်ခံများနှင့်ပင် ရှင်းမပြနိုင်သော ယုံမှားခြင်း လက္ခဏာစု (delusions which are absolutely impossible and culturally implausible)-တို့ပါပဲ။
ဒီလက္ခဏာတွေကို နေ့စဉ်လိုလို တစ်လဆက်တိုက် သို့မဟုတ် ဒီ့ထက်ကြာကြာ ခံစားနေရပြီဆိုရင်တော့ ဒီရောဂါလို့ သတ်မှတ်ဖို့ရာ ဖြစ်နိုင်ချေ တော်တော်များနေပါပြီ။ ဆေးခြောက်အပါအ၀င် မူးယစ်ဆေး ကြာရှည်သုံးစွဲတဲ့ ရာဇ၀င် ရှိရင် ပိုသေချာတာပေါ့။ ဒီကိစ္စနှစ်ခုက အကြောင်းအကျိုး ဆက်စပ်နေပါတယ်။

“အတွေးစကို နှောက်ယှက်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (thought interference)” မှာ ခေါင်းထဲမှာ ကိုယ့်အတွေးတွေကို ပဲ့တင်ထပ်သလို ထပ်ကာထပ်ကာ ကြားနေခြင်း (thought echo) ကိုယ့်အတွေးတွေကို သူများက ထုတ်ယူသလို ခံစားရခြင်း (thought withdrawal) ကိုယ့်ခေါင်းထဲကို သူများက အတွေးများ လာထည့်သည်ဟု ခံစားယုံကြည်ခြင်း (thought insertion) ကိုယ့်ကိုယ်ပိုင်အတွေးများကို သူများသိနေသည် (တစ်နည်းအားဖြင့် ကိုယ့်အတွေးများ လွှင့်ထုတ်ခံရသည်) ဟု ခံစားယုံကြည်ခြင်း (thought broadcasting) - တို့ ပါဝင်ပါတယ်။ ဒါတွေဟာ သာမန်သံသယမျိုး မဟုတ်ပါဘူး။ ဘယ်လိုမှ ရှင်းပြ၊ ထောက်ပြလို့ မရတဲ့ အကျောက်အကန် ယုံကြည်နေခြင်းမျိုး (unshakable mis-beliefs) ဖြစ်ပါတယ်။

“ပြင်ပမှ ထိန်းချုပ်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (delusions of passivity)” ကတော့ ကိုယ့်ခြေလက်ခန္ဓာ၊ အတွေးစိတ်၊ လှုပ်ရှားမှု၊ ခံစားမှုအာရုံတွေကို ပြင်ပပုဂ္ဂိုလ် သို့မဟုတ် စွမ်းအားတစ်ခုခုက ထိန်းချုပ်ထားတယ်-လို့ ယုံကြည်တာ ဖြစ်ပါတယ်။ မမြင်ရတဲ့ ဂြိုဟ်သားတွေက ဂြိုဟ်တုကနေတဆင့် ကိုယ့်စိတ်ကို ချယ်လှယ်နေကြတယ် ထင်တာမျိုးပေါ့။

လှုံ့ဆော်မှုမဲ့ အကြားအာရုံများ လက္ခဏာစု (auditory hallucinations)” ကတော့ ရှင်းပါတယ်။ အနားမှာ ဘယ်သူမှ၊ ဘာမှ မရှိပဲ အသံတွေကြားနေတာပါ။ အထူးသဖြင့်တော့ ကိုယ့်အကြောင်းကို နှစ်သံ သို့မဟုတ် ဒီ့ထက်ပိုတဲ့ အသံတွေက ပြောတာ ကြားနေရတာမျိုး၊ ကိုယ်လုပ်သမျှ တောက်လျှောက် ဝေဖန်သံ (ဘောလုံးပွဲ ဝေဖန်ချက်လိုမျိုး) ကြားနေရတာမျိုး ဖြစ်ပါတယ်။ နာကျင်မှုဝေဒနာ မဟုတ်ပေမယ့်၊ အင်မတန် ခံရဆိုးပြီး အနှောက်အယှက် ပေးပါတယ်။

“လုံးဝ မဖြစ်နိုင်သော၊ ယဉ်ကျေးမှု နောက်ခံများနှင့်ပင် ရှင်းမပြနိုင်သော ယုံမှားခြင်း လက္ခဏာစု (delusions which are absolutely impossible and culturally implausible)” မှာတော့ ကိုယ့်ကိုယ်ကို ကမ္ဘာ့အရေးပါဆုံး ပုဂ္ဂိုလ်လို့ ယုံမှားနေတာ၊ “ပွင့်”နေပြီလို့ ထင်တာမျိုး ပါဝင်ပါတယ်။ လုံးဝ ဖြစ်နိုင်ချေ မရှိပဲနဲ့ ဖြစ်မှ ပြောတာပါ။ ယဉ်ကျေးမှု သို့မဟုတ် ကိုးကွယ်ယုံကြည်မှု နောက်ခံကို ထည့်သွင်းစဉ်းစား လက်ခံပါတယ်။ ဒါတွေနဲ့တောင် မရှင်းနိုင်မှ ရောဂါလက္ခဏာ သတ်မှတ်တာပါ။

စိတ်ကစဉ့်ကလျားရောဂါမှာ အခြား လက္ခဏာများလည်း ရှိပါသေးတယ်။ ကိုယ့်ကို တိုက်ရိုက်ပြောနေသော အသံများ အပါအ၀င် လှုံ့ဆော်မှုမဲ့ အခြား အာရုံတွေ ဖြစ်တာ၊ အတွေးစိတ်ကို ဖြတ်တောက် နှောက်ယှက်သလို ခံစားရတာ၊ အပေါ်ကလောက် မဆိုးတဲ့ ယုံမှားခြင်းတွေ ဖြစ်တာ၊ လှုပ်ရှားမှု စကား ခံစားတုံ့ပြန်မှုတွေ သိသိသာသာ နည်းပါးလာတာ-တို့ပါပဲ။

စိတ်ကစဉ့်ကလျားရောဂါဟာ ကျားမဖြစ်နှုန်း အတူတူပါပဲ။ အသက်နှစ်ဆယ် ပတ်ဝန်းကျင်မှာ စတတ်ပါတယ်။ အမျိုးသားတွေမှာ စဖြစ်ချိန် နည်းနည်းစော (အသက်ငယ်) တတ်ပါတယ်။ ရောဂါ ဖြစ်ခါစမှာ တချို့က အထက်ပါ အဓိက လက္ခဏာတွေ မပြပဲ လူတွေနဲ့ မရောတော့ပဲ ခပ်ဖယ်ဖယ် လုပ်နေတာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို လျစ်လျူရှုလာတာ၊ အဆက်အစပ် မရှိတဲ့ စကားတွေကို ပြောတာတွေနဲ့လည်း အစပျိုးတတ်ပါတယ်။ ဒါကို နေ့စဉ်တွေ့မြင်နေကျ မိသားစုက စရိပ်မိတတ်ပါတယ်။

စောစောမကုပဲ ထားလိုက်ရင် ရောဂါလက္ခဏာတွေ ပိုပြင်းထန်တာရှည်တတ်တဲ့ပြင် ထပ်ဖြစ်တဲ့အခါတွေမှာလည်း ပိုပိုပြီးဆိုးလာတတ်လို့ သံသယရှိတာနဲ့ သက်ဆိုင်ရာ ပါရဂူနဲ့ ပြသပြီး ခေတ်မီဆေးဝါးများနဲ့ ကုရမှာ ဖြစ်ပါတယ်။ ပယောဂ မဟုတ်လို့ လမ်းလွဲလိုက်ပြီး ပိုဆိုးမှ ကုရတာမျိုးဆို လူနာခမျာ နစ်နာပါတယ်။ မိသားစုမှာလည်း ၀န်ပိုပိတာပေါ့။ နေမြန်မြန် ပြန်ကောင်းမှ အလုပ်ပြန်လုပ်နိုင်၊ မိသားစု ၀င်ငွေကို ကူရှာထည့်ဝင်နိုင်မှာ မဟုတ်လား။

ဒီရောဂါဝေဒနာရှင်တွေမှာ အကြမ်းအားဖြင့် ငါးပုံတစ်ပုံဟာ တစ်ခါပဲ ရောဂါလက္ခဏာ ပြတတ်ပြီး လုံးဝ ကောင်းသွားတတ်ပါတယ်။ နောက် ငါးပုံသုံးပုံက မဆိုးအောင် ဆေးနဲ့ထိန်းထားလို့ ရပါတယ်။ နောက်ဆုံး ငါးပုံတစ်ပုံကတော့ ဆေးကုတဲ့ကြားက တဖြည်းဖြည်း ဆိုးလာတတ်ပါတယ်။ စိတ်ရောဂါ မဟုတ်တဲ့ တခြားရောဂါတွေမှာလိုပဲပေါ့။ ရောဂါ ဖြစ်ခါစမှာ စိတ်ဓာတ်ကျဆင်းမှုနဲ့ သတ်သေမှုနှုန်း အမြင့်ဆုံးမို့ ရောဂါ စသိဆေးကုချိန်မှာ မိသားစု၊ မိတ်ဆွေအသိုင်းအ၀ိုင်းရဲ့ နားလည်မှု၊ ကရုဏာနဲ့ ဖေးမမှု အလိုအပ်ဆုံး ဖြစ်ပါတယ်။

ဒီရောဂါအတွက် ဆေးတွေက ဘေးထွက်အာနိသင်အနေနဲ့ ကြွက်သားတွေကို တောင့်တင်းစေတတ်ပါတယ်။ လမ်းသွားရင် လက်လွှဲတာ နည်းသွားပြီး အတောင့်လိုက် ရွေ့လျားနေတာမျိုးပေါ့။ တစ်ခါတလေတော့ ခြေလက်ဂနာမငြိမ် ဖြစ်တတ်သေးတယ်။ လူတိုင်းမှာ မဖြစ်ပေမယ့် ခေတ်ဟောင်းဆေး တော်တော်များများက ဒီဘေးထွက်အာနိသင် ဖြစ်စေလို့၊ ၁၉၉၀နောက်ပိုင်းမှာ ခေတ်သစ်ဆေးတွေ ပိုသုံးလာကြပါတယ်။ လူနာ မကြိုက်တဲ့၊ သည်းမခံနိုင်တဲ့ ဘေးထွက်အာနိသင်ဆိုရင် လူနာရဲ့ ဆေးအပေါ် စွဲမြဲအားထားမှု လျော့သွားမယ်။ ကြာရင် ဆေးမသောက်ပဲ နေမယ်။ ဒါဆို ရောဂါ ပြန်ဖောက်တော့မှာပေါ့။ ဒါ့ကြောင့် အစကတည်းက လူနာကို သေသေချာချာ ရှင်းပြပြီး သတိပေးထားတာ အကောင်းဆုံးပါ။ ရေရှည်အတွက် တွေးရ၊ တွက်ဆရပါမယ်။

လတ်တလောရောဂါဖောက်ခြင်း (acute episode) ပျောက်သွားပြီ ဆိုရင်တော့ ဝေဒနာရှင်ကို သူ့ကိုယ်သူ ယုံကြည်အားထားစိတ် ပြန်တက်လာအောင် သူ လုပ်နိုင်တဲ့၊ လုပ်နေကျ အလုပ်ကလေးတွေ ပြန်လုပ်စေရပါမယ်။ လုံးဝ စိတ်မချဖြစ်နေမယ့်အစား တဖြည်းဖြည်းချင်း ပုံမှန် နေ့စဉ်ကိစ္စလေးတွေကနေ ပြန်အစပျိုးပြီး အားပေးရပါမယ်။ မိသားစုနဲ့ လူမှုအသိုင်းအ၀ိုင်းရဲ့ လက်ခံမှုဟာ အများကြီး တာသွားစေနိုင်လို့ပါပဲ။

မေးချင်တာ၊ ဖြည့်စွက်ချင်တာ၊ ဝေမျှချင်တာလေးတွေ ရှိရင် ရေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။


Reference:
1. World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO
2. Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.

14 comments:

  1. ဟိုဖက်က ပြည်သူ့ကျန်းမာရေး ဘလောက်က မှတ်ချက်လေးကို ကူးလိုက်ပါတယ်။ ဒေါ်မေမြန်မာ က ဒီလို ဆွေးနွေးသွားပါတယ်။

    “ပုထုဇနော ဥမ္မတကော အဆို၇ှိပါတယ်။
    စကစ် ကတော့ ပွင့်လင်းစွာ လုံးဝ ရူးသွပ်တာဆိုပါတော့။
    ဆိုင်ကိုးစစ်ပေါ့။
    ယဉ်ယဉ် လေးရူးတာတွေလည်းရှိတယ်။
    နျူရိုးစစ်တွေလဲ၇ှိတယ်။
    ဘုရားဟောထဲကလို တဏှာနောက်လိုက် စွဲလမ်းမှုတွေ အယူမှားမှုတွေ နောက်လိုက်နေတဲ့ အရူးတွေ လဲ ရှိပါတယ်။
    စကစ်ဆိုဖရီးနီးယား ဟာ လဲ တော်တော်ပေါများပါတယ်။
    ရှေး ကတော့ စိတ္တဇ ထောင်တွေမှာ သွားရောက် ပစ်ပယ်ထားကြတယ်။ သနားစရာကောင်းပါတယ်။ တိရိဆ္ဆာန်တွေလို ဘဲ ဆက်ဆံတာ ခံရပါတယ်။ သို့ မဟုတ် မိသားစုက အိမ်မှာ အကျဉ်းချထားကြတယ်။
    ယနေ့ ခေတ်တော့ ဆေးကျွေးပြီး သက်သာစေပါတယ်။
    လူကောင်းလို ဘဲ နေထိုင်နီုင်ကြပါတယ်။
    ဆေးကြာရှည်သောက်ရတာ ၇ှိပါတယ်”

    ReplyDelete
  2. comment တင် လို.ရပါပြီ။ နောက် မှ ပြန် လာခဲ.မယ်။

    ReplyDelete
  3. ကျမက ဒီလို ဖြေကြားရင်း ဆွေးနွေးထားပါတယ်။

    “၀င်ရောက်ဆွေးနွေးမျှဝေပေးတာ ကျေးဇူးတင်ပါတယ် ဒေါ်မေမြန်မာရှင့်။
    “စခစ်ဇိုဖရီးနီးယား”ကတော့ လူအများ မြင်ဖူးကြားဖူးတဲ့ စိတ်ရောဂါပေါ့။ ဟုတ်ပါတယ်။ ရောဂါအကြောင်း မသိသေးခင်က ဒီလူနာတွေကို ဆက်ဆံပုံဟာ အတော် ဆိုးခဲ့ပါတယ်။ သိပ်သနားစရာ ကောင်းပါတယ်။ ဆေးတွေနဲ့ ကုထုံးတွေ စွမ်းလာတာနဲ့အမျှ ရှေးပုံစံ စိတ္တဇထောင်တွေ ဖျက်သိမ်းခံရတာ ဆယ်စုနှစ်တစ်ခု မကတော့ပါဘူး။ ဆေးကြာရှည် သောက်ရပေမယ့် ကိုယ့်ရဲ့အိမ်၊ အသိုင်းအ၀ိုင်းမှာပဲ နေပြီး ကုသသက်သာ၊ ဘ၀ရှေ့ဆက်နိုင်တဲ့ ခေတ်ကို ရောက်နေပါပြီ။
    အမှန်တရားနဲ့ ကင်းကွာမှု အနည်းအများပေါ် မူတည်လို့ စိတ်ရောဂါတွေကို အုပ်စုခွဲတာကလည်း တစ်နည်းပေါ့လေ။ လုံးဝ လွတ်သွားရင် “ဆိုက်ခိုးဆစ်စ်”၊ သိပ်မလွတ်သေးရင် “နျူရိုးဆစ်စ်”လို့ ပြောခဲ့ကြပါတယ်။ နှစ်မျိုးစလုံးအတွက် စမ်းသပ်အောင်မြင်ပြီးသား ဆေးနဲ့ကုထုံးတွေ အများအပြား ရှိနေပါပြီ။
    ဒါတွေအပြင် ဦးနှောက်ရဲ့ တည်ဆောက်ပုံကို ထိခိုက်လို့ ဖြစ်တဲ့ စိတ်ရောဂါတွေ၊ အရက်အပါအ၀င် စိတ်ကို ပြောင်းလဲစေတဲ့ ဆေးတွေကြောင့် ဖြစ်တဲ့ စိတ်ရောဂါတွေ၊ လူရည်လူသွေး၊ အမူအကျင့်နဲ့ ဆိုင်တဲ့ စိတ်ရောဂါတွေ၊ ကလေးနဲ့ လူငယ်တွေမှာ ဖြစ်တဲ့ စိတ်ရောဂါတွေ၊ ဦးနှောက်အသိဥာဏ် မပြည့်သူတွေမှာ ဖြစ်တဲ့ စိတ်ရောဂါတွေ စသဖြင့် အများကြီး ထပ်ခွဲထားပါသေးတယ်။
    ကြုံလို့ပြောရရင် ကျမက ကျမရဲ့လူနာတွေကို “စိတ်ရောဂါဝေဒနာသည်” လို့ပဲ ခေါ်ပါတယ်။ နည်းနည်း ကာဆီးကာဆီးပေါ့ရှင့်။
    ဒေါ်မေမြန်မာရဲ့ ဆွေးနွေးချက်ကနေ ထပ်ဆင့်ပွါး ဆွေးနွေးလိုက်တာပါ။ စိတ်ဝင်စားကြတာ ၀မ်းသာပါတယ်။”

    ReplyDelete
  4. ဟုတ်ကဲ့ မခင်ဦးမေ...မျှော်နေမယ်။

    ReplyDelete
  5. ဆေးပညာဗဟုသုတတွေဖြန့်ဝေပေးနေတာ ကျေးဇူးတင်ပါတယ်။ ပို့အဟောင်းတွေမဖတ်နိုင်သေးလို့အကြွေးမှတ်ထားပြီး ပြန်သွားပါတယ်။
    နောက်လာဖတ်ပါအုံးမယ်ခင်ဗျာ။

    ReplyDelete
  6. ဒေါက်တာရေ
    အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကတော့ သူအထူးကုဖြစ်ရင် ကျွန်တော့်ကို အရင်ဆုံးကုပေးမယ်ဆိုပြီး ပြောဖော်ရပါတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းပါ။ သူက စိတ်ရောဂါအထူးကုနဲ့ ဆက်တက်နေတယ်။

    မောင်ရှင်လောင်း မှာ ဒေါက်တာပြောသွားတဲ့အကြောင်းအရာလေးကို ကျွန်တော် ပို့စ်လေး သပ်သပ်ရေးမယ် စိတ်ကူးတယ်ဗျ။

    မေတ္တာဖြင့်

    ReplyDelete
  7. တို.အစ်မ ဝမ်းကွဲ အသက် ၁၇ နှစ် မှာ စပြီ စပြီး ကယောက် ကယက်ဖြစ်တယ်။ ညမအ်ပ်ဘူး။ စကားတွေ တစ်ယောက်ထဲ ပြောတယ်။ ဦးလေးတွေ လဲ ဆရာဝန် အတော်ပြတယ်လို. ပြောပါတယ်။ သက်သာတာဘဲ ရှိတယ်။ နောက်ဆုံး သူ များဘဲ ပြူစား သလို ဘာလို လို နဲ.ဆေး ဆက် ကု တာ မတွေ့ ဘူး။

    သူ များကို အနှောက် အယျက် မပေးဘဲ ဘဲ.။ သူ့ကိုပြူစု စောက် ရှောက် ထားရတာပေါ့. ။ ထမင်းစားချိန်တန် စားတယ်။ စားရင်းနဲ.လဲ စကားပြောရင် ပြောနေတယ်။ မမ ရေ ချိုးမယ် ဆိုရင် ထပြီး ရေ သွားချိုးတယ် ဘေး က အဖော် က နဲနဲ ကူ ရတာပေါ. တစ်ခါတ်လေ တယောက် ထဲ ထိုင်ပြီး ကြမ်း ကို တနေ ရာ ထဲ အဝတ်နဲ .တိုက် နေ တယ်။ သူ များ တွေ စကားပြောနေ ရင် လဲ ဘေး မှာ လာ နားထောင် တယ်။ နားထောင် ရင်းနဲ.လဲ ဘာမှန်း မသိ တယောက်ထဲ စကားပြော နေ တတ်တယ်။

    ဘယ် သူ ဘယ်ဝါ လဲ ဆို တာ တော. သူ သိပါ တယ်။ မေးရင် တစ်ခွန်းမေး တစ်ခွန်း ဖြေ။ ထမင်းလဲ သူ.ဘာ သာ စားတတ်တယ်။ တခါတလေ အတိုင်း အဆ မရှိ စားနေတယ် တော်တော.လေ သမီးလို. အမေ က ပြော လိုက် ရင် တော.လဲ လက် သွားဆေးတယ်။ အများကြီး တိုးတက် လာ တာလို. ဆိုပါတယ်။

    ဟို ငယ်ငယ် တုံး ကဆို ရင် လမ်းသွားရင်း လုံ ချည် လှန်ပြီး ထိုင်ပြီး အပေါ. သွားလို. သူ.မောင်က အရမ်းရှက် ခဲ.ရပါတယ်။ အကှီ ချွှတ် ပြီး လမ်းထွက် မယ် လုပ် လို. ဝိုင်းဆွဲ ခဲ.ရပါသတဲ. ။ အခုတော. ဆေးကု တာလဲ မတွေ. ဒီ လို လေးဘဲ ထိန်းထိန်း သိမ်း သိမ်း နေ နေ ကြ ပါတယ်.
    စိတ်ရော ဂါ ဟာ အန် မတန် ထူးဆန်းပါတယ။်။

    ReplyDelete
  8. လာလည်ပြီး မှတ်ချက်လေးပါ ရေးခဲ့တာ ကျေးဇူးပါ ဆရာဥာဏ်ရှင့်။ အထွေထွေ ဆေးပညာထက် စိတ်ရောဂါဆိုင်ရာ ဗဟုသုတ ဆိုရင် ပိုမှန်လိမ့်မယ် ထင်ပါတယ်။ ကျမက တခြားရောဂါတွေရဲ့ နောက်ဆုံးပေါ်ကုထုံးတွေ မသိတော့ဘူးရယ်။
    စိတ်ရောဂါဆိုင်ရာကတော့ ကျမရဲ့ ရှိစုမဲ့စု အတွေ့အကြုံလေးနဲ့ ဆက်နွှယ်ရာ အတွေးအမြင်တွေကို တတ်နိုင်သမျှ ထည့်ရေးပါတယ်။ အချက်အလက်ချည်းပဲက ဘယ်မှာ ရှာဖတ်ဖတ် ရတာပဲလေ။ အင်တာနက်ဟင်းလေးအိုးကြီးက စုံလင်ပါဘိသနဲ့။ နောက်လည်း လာလည်ပါ။ မ၀ါဝါကိုလည်း နှုတ်ဆက်လိုက်ပါနော။

    ReplyDelete
  9. ကိုတောင်ငူရေ
    လာလည်သွားတာရော၊ ကျမရဲ့ မှတ်ချက်ကို ပြန်ကြားတာရော ကျေးဇူးပါ။
    ကိုတောင်ငူရဲ့ သူငယ်ချင်းအနေနဲ့ ဘာသာရပ်ဆိုင်ရာ အကူအညီ လိုတာရှိရင် ကျမကို ဆက်သွယ်နိုင်ကြောင်း ပြောပေးပါ။့ မြန်မာပြည်ထဲမှာ ဆရာကောင်းတွေ ရှိမှန်း ကျမ သိ၊ကြားပါတယ်။ ၀င်စွက်ရှည်ငေါလိုတဲ့ ဆန္ဒ မဟုတ်ရပါ။ တတ်နိုင်တာရှိရင် တတ်အားသမျှလေး ကူချင်တာ တစ်ခုပါပဲ။ လူအမျိုးမျိုး၊ ဘ၀အထွေထွေမှာ လုပ်နိုင်တဲ့ အခြေအနေ၊ အင်အား၊ အခွင့်အရေး၊ စွန့်နိုင်မှုတွေ မတူကြဘူး မဟုတ်လားရှင်။ ကိုယ်နိုင်တာ ကိုယ် လုပ်ကြတာပေါ့။
    စိတ်ရောဂါဆရာဝန်လို့ ပြောလိုက်တာနဲ့ လန့်လန့်သွားတတ်ကြလို့ ကျမကတော့ “မပူပါနဲ့၊ တွေ့သမျှလူကို ဝေဖန်ဆန်းစစ်ခြင်း (analysis) အလကား လုပ်မပေးပါဘူး” လို့ ပြောလေ့ရှိပါတယ်။ လူရင်းတွေဆိုရင်တော့ ပြောစရာ မလိုပါဘူး။ လှမ်းအော်လိုက်း)
    မောင်ရှင်လောင်း ဇာတ်လမ်းဆက်ကို မျှော်နေမယ်။

    ReplyDelete
  10. မခင်ဦးမေ...သေသေချာချာ ပြန်ကြားပါ့မယ်။ ခုတော့ လူနာ ကြည့်စရာ ရှိလို့ ပြေးပြီ။

    ReplyDelete
  11. တစ်ယောက်တည်း စကားတွေ ပြောနေတယ် ဆိုရင် လှုံ့ဆော်မှု မရှိပဲ အသံတွေ ကြားနေတာ (auditory hallucination) ဖြစ်ဖို့ များပါတယ်။ သူ့ကမ္ဘာလေးထဲမှာတော့ တစ်ယောက်ယောက် သို့မဟုတ် တစ်ယောက်မကနဲ့ တကယ်ပဲ ပြောနေတာပေါ့။

    အဲဒီအသံတွေက သိပ်အင်အားကောင်းတော့ လူနာက အသံတွေ ခိုင်းတာ လိုက်လုပ်တတ်ကြပါတယ်။ ဟီရိသြတ္တပ လွတ်သွားတာ ဒါကြောင့် ဖြစ်ဖို့ များပါတယ်။ ကားရှေ့ခုန်ချခိုင်းတာတို့ ဘာတို့ မဟုတ်ရင် တော်သေးတာပေါ့လို့ ဖြေတွေးရင်တော့ ရတာပေါ့။ မိဘဆွေမျိုးက ပတ်ဝန်းကျင်ကို ဂရုစိုက်သေးတာဆိုတော့ ရှက်ရှာမှာပေါ့လေ။ လူငယ်ဆို ပိုဆိုးရှာမှာ။ အိမ်မှာ စောင့်ရှောက်ထားတာကိုတော့ ချီးကျူးပါတယ်။

    အရမ်းကြီး ကြာခဲ့တာ မဟုတ်ရင် ဆေးပြန်ကုကြည့်တာ မမှားဘူးလို့ ကျမ ထင်တာပဲ။ ဒီရောဂါလက္ခဏာတွေက ဦးနှောက်ထဲမှာ ဓာတုပစ္စည်းတစ်မျိုး (စိတ်ဓာတ်ကျရောဂါတုံးက ဓာတုပစ္စည်းနဲ့တော့ မတူပါ) လိုတာထက် ပိုများနေလို့ပါ။ ဆေးတွေက ဒါကို တန်ပြန်ခြင်းဖြင့် ကုတာပေါ့။

    ဆေး သေသေချာချာ စွဲပြီး ကုရင် ရောဂါလက္ခဏာတွေ ပျောက်တာ များပါတယ်။ တချို့ကတော့ ဆေး အမျိုးမျိုး ပြောင်းကြရတယ်။ အနည်းစုကတော့ ဆေးမတိုးဘူး။ မစမ်းကြည့်ပဲ ကြိုမသိနိုင်ပါဘူး။

    ဆေးတစ်မျိုးကို ထိထိရောက်ရောက် ပြင်းအား (effective dosage) ရောက်တဲ့ထိ တင်ပြီး အနည်းဆုံး ခြောက်ပတ်ကနေ နှစ်လ ကုကြည့်ရပါတယ်။ တို့ကနန်း ဆိတ်ကနန်း လုပ်လို့ မရသလို၊ ရေတိုရေရှည် ဘေးထွက် အာနိသင်တွေကိုလည်း ထည့်တွက်ရပါတယ်။ ဆရာဝန်နဲ့ ခဏခဏ တွေ့ဖို့တော့ လိုတာပေါ့။ close monitoring and adjustments လိုပါတယ်။

    ကြာရှည် ဆေးကုစရိတ် ဘယ်လောက် ထောင်းမယ်ဆိုတာတော့ ကျမလည်း မပြောတတ်ပါ။ ရှေးခေတ်က စိတ်ရောဂါ အထူးကု ဆရာဝန်ကြီးတစ်ယောက်ဆို သူ့လူနာတွေကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်အထိ ဆယ့်ငါးကျပ်နဲ့ ကြည့်ပေးနေတုံးလို့ သူ့ဆွေမျိုး ပြောပြတာ ကြားဖူးပါတယ်။ ဆရာဝန်ခထက် ဆေးဖိုးက ပိုကြီးမယ်လို့ ကျမ ထင်ပါတယ်။ မှားကောင်း မှားနိုင်တယ်နော်။

    ReplyDelete
  12. အချိန်မရွေးပါ မခင်ဦးမေ။

    ReplyDelete
  13. မအယ်..ကလွှတ်လို့ လာတာပါခင်ဗျာ...
    သူလဲ..ဒီဆရာဝန်နဲ့ပဲ...သက်သာတယ်ဆိုလို့......











































    ReplyDelete

တွေးမိတာလေး ရေးသွားပါ။ ကျေးဇူးတင်ပါတယ်။