Sunday, 3 May 2009

စိတ်ဆရာဝန်နှင့် တွေ့ဆုံခြင်း (၃)

“ ကျွန်မရဲ့ ထင်မြင်ချက်ကို ပြောရမလား”

“ ပြောပါ။ ကျွန်တော်တို့ အရှိအတိုင်းပဲ သိချင်ပါတယ်။ အကြံပေးတာကိုလည်း လိုက်နာပါ့မယ်”

“ ရှင် ဖြစ်နေတာ အလယ်အလတ်စား စိတ်ဓာတ်ကျရောဂါပဲ။ အရင်ကတည်းက အခံလေး ရှိတယ်။ အလုပ်ဖိအားကြောင့် သိသိသာသာ ဖြစ်လာတယ်။ ဖြစ်နေတဲ့ စိတ်သောကကို မမျှဝေတတ်တော့ အတွင်းမှာ အောင်းပြီး ပိုဆိုးလာတာပေါ့။ ဒီလို ပြောတာ ရှင့်ဖြစ်ရပ်ကို ထင်ဟပ်တယ်လို့ ခံစားရသလား”

“ မှန်တာပေါ့ဗျာ။ ကျွန်တော်တို့က ဒါကို တတ်ကျွမ်းနားလည်သူ မဟုတ်ပေမယ့် အင်တာနက်မှာတော့ ရှာကြံဖတ်ရှုမိပါတယ်”

“ အင်တာနက်ဟာ အင်မတန် ကောင်းတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးပါပဲ။ စိတ်ချယုံကြည်ရတဲ့ ဆိုတ်တွေကို ရွေးတတ်ရင်ပေါ့လေ။ မဟုတ်လို့ကတော့ သညာအမှားတွေ ရပြီး အန္တရာယ်ပဲ”

“ ဟုတ်ပါတယ်။ ကျွန်တော် နားလည်သလောက်က စိတ်ဓာတ်ကျ တန်ပြန်ဆေးတွေ (anti-depressants) က ကောင်းသလို စကားပြောကုထုံးများ (talking therapies) ကလည်း အသုံးတည့်မလားလို့”

“ အနုစား စိတ်ဓာတ်ကျရောဂါတွေမှာ ဆေးမသောက်သေးပဲ စကားပြောကုထုံးနဲ့ ကုရင်လည်း ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိဘူး။ နည်းနည်းတော့ ကြာနိုင်တယ်။ စကားပြောကုထုံး ကျွမ်းကျင်သူ therapist နဲ့ တွေ့ဖို့ စောင့်ရတာလည်း ရှိသေးတာကိုး။ အပြင်မှာ Private therapy ယူရင်လည်း ရတာပဲ။ ဘာနဲ့မှ မကုပဲလည်း သူ့အလိုလို ပျောက်သွားနိုင်သေးတယ်။ ပျမ်းမျှခြင်း ကိုးလလောက်တော့ ကြာတတ်တယ်။ ဒီကြားထဲ ဆိုးမလာဘူးလို့ ဘယ်သူမှ အာမမခံနိုင်သလို ဒီရောဂါ လက္ခဏာတွေကို ရှင် ဘယ်လောက် ဆက်ခံစားချင်၊ ခံစားနိုင်မလဲ ဆိုတာတော့ ရှင့်ဆုံးဖြတ်ချက်ပဲပေါ့”

“ ကျွန်တော် ဘာလုပ်ရင် ကောင်းမလဲ မသိဘူး”

“ ရှင်က အလတ်စား စိတ်ဓာတ်ကျရောဂါလေ။ ဆေးလည်း သောက်လက်စ ဖြစ်နေပြီ။ စဉ်းစားပေါ့။ ဆေးက သောက်တဲ့သူတိုင်း ရလဒ်ကောင်း (ရောဂါ သက်သာ ပျောက်ကင်းခြင်း) ရတာတော့ မဟုတ်ဘူး။ ၆၀-၆၅% ပျောက်ကင်းနှုန်း ရှိတာမို့ ဆေးသောက်သူ သုံးယောက်မှာ နှစ်ယောက်က သက်သာမယ်။ တစ်ယောက်ကတော့ ဆေးမတိုးတဲ့ သဘောပေါ့။ response rate ကောင်းတဲ့ ဆေးမျိုးထဲမှာတော့ ပါတယ်“

“ ကျွန်တော်များ အဲဒီ ၃၅% ထဲ ပါနေပြီလား ဒေါက်တာရေ”

“ ကျွန်မကတော့ ဒီလို မထင်ပါဘူး။ ရှင်က ဆေးမှန်မှန် သောက်တယ် ဆိုပေမယ့် ဆေးစွမ်းအင်က အနိမ့်ဆုံးကိုပဲ စမ်းကြည်ဖူးသေးတယ်လေ။ ဆေးပြင်းအား dose ကို မြှင့်လို့ ရသေးတယ်။ နောက်ထပ် မှတ်ချက်တွေ မချခင်၊ ဆေးတွေ လျှောက်မပြောင်းခင် ဒါကို ပထမ ဦးစားပေး လုပ်ကြည့်သင့်တယ်။ နောက်တစ်ခုက အရက် သောက်တဲ့ ကိစ္စ။ အရက်ကို တစ်ပတ်လုံးမှာမှ ၂၁ ယူနစ် (ဘီယာဆို ဆယ်ပိုင့်၊ ၀ိုင်ဆို ဆယ့်လေးဖန်ခွက်) ပဲ အများဆုံး သောက်သင့်တယ်ဆိုတာ အများသိကြတဲ့အတိုင်းပဲလေ။ ဒါတောင် ဆေးသောက်နေသူဆိုရင် သိသိသာသာ လျှော့ သို့မဟုတ် ရပ်နိုင်ရင် ပိုကောင်းတယ်။ အရက်က အသည်းကို ပိုအလုပ်ပေးတော့ အသည်းအင်ဇိုင်းတွေက ဆေးတွေကို မြန်မြန် ချေဖျက်ပစ်လိုက်တာနဲ့ ဆေးအာနိသင် လျော့ကုန်ရော။ ဆေးသောက်လျက်နဲ့ အကျိုး မခံစားရဘူးပေါ့”

“ ဒါကို ကျွန်တော် မသိခဲ့ဘူးဗျ။ ဒီလိုဆို ကျွန်တော် လျှော့နိုင်ပါတယ်။ အင်း ဖြတ်တောင် ဖြတ်လို့ ရတယ်”

“ ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါဆို ဆေးပြင်းအားကို မမြှင့်သေးဘူး။ ဒီတိုင်းပဲ ဆက်သောက်ဦး။ အရက် ဖြတ်လိုက်ရင် ဆေးအာနိသင် ရှင် သိလာနိုင်တယ်။ ကျွန်မတို့က မလိုပဲ ဆေးပြင်းအားကို မတင်လိုဘူး။ ဘေးထွက်ဆိုးကျိုးတွေရော ရှင် ခံစားရဖူးလား။ များသောအားဖြင့်တော့ အစာလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ရတတ်တယ်။ ပျို့တာ၊ သိပ်ဆိုးရင် အန်တာ၊ ဗိုက် မကောင်းဖြစ်တတ်တာ၊ ၀မ်းချုပ် သို့မဟုတ် ၀မ်းပျက်တတ်တာ စသဖြင့်။ နောက်ပြီး sexual side effects (လိင်မှုဆိုင်ရာ ဘေးထွက်ဆိုးကျိုး)တွေ ရကောင်း ရနိုင်တယ်။ ဥပမာ ခံစားချက်သိမှု လျော့သွားတာ၊ ကာမဆန္ဒ နည်းသွားတာ၊ ဆက်ဆံဖို့ မစွမ်းနိုင်တာ အထိ ဖြစ်နိုင်ချေ ရှိတယ်။ ဒီလောက်ထိ ဖြစ်တဲ့ ရာခိုင်နှုန်းတော့ နည်းပါတယ်။

ဆေးဗူးထဲမှာပါတဲ့ စာရွက်လေးကို ဖတ်ကြည့်ရင်တော့ ရှိရှိသမျှ အကုန်ရေးထားတာပဲ။ ဆေးကုမ္ပဏီတွေကလည်း ဥပဒေကြောင်း လိုအပ်ချက်အရ ရှိသမျှ ဘေးထွက်ဆိုးကျိုးတွေကို ကြေညာရတာကိုး။ ရေးထားတိုင်း ကိုယ့်မှာ ဖြစ်ရမယ်တော့ မဟုတ်ဘူး။ ဖတ်တော့ ကြည့်သင့်တယ်။ ဒါမှ ဘယ်လို လက္ခဏာကို စောင့်ကြည့်ရမယ်ဆိုတာ သိမှာ။ side effects တွေက လူတိုင်းမှာ ဖြစ်တာ မဟုတ်လို့ အရမ်းကြီး စိတ်ပူစရာ မလိုဘူး။ ဖြစ်ခဲ့ရင်တော့ ခပ်ပျော့ပျော့နဲ့ ရေတိုပဲ ဖြစ်တတ်ပါတယ်။ သိပ်ဆိုးရင်တော့ ဆေးကို ရပ်ဖို့ လိုတာပေါ့။ ရှင်က ခုချိန်ထိ ဘာမှ မဖြစ်ခဲ့တာမို့ ခုမှ အသစ် ထဖြစ်မှာတော့ မဟုတ်ဘူး။ ဆေးပြင်းအား တိုးမယ်ဆိုရင်တော့ side effect ရကောင်းရနိုင်တယ်။ ခုပြောတာ နောင်အတွက် လိုကောင်းလိုမယ် ဆိုပါတော့။ ကျွန်မပြောတာကို ဒီအထိ ရှင်းလား။ ဘာမေးချင်သလဲ”

“ ရှင်းပါတယ်။ ကျွန်တော် သောက်လက်စ ဆေးကိုပဲ ဆက်သောက်လို့ ရမယ်ဆို ကောင်းတာပေါ့။ ဆက်သောက်မယ်ဗျ။ ဒါနဲ့ ဆေးအကြောင်း ဖတ်စရာ စာရွက်စာတမ်းလေးများ ရနိုင်မလား။ ဖတ်ကြည့်ချင်လို့ပါ”

“ ရနိုင်တာပေါ့။ ဒါပေမယ့် ခုလောလောဆယ် ကျွန်မမှာ မရှိဘူး။ မနက်ဖြန် စာတိုက်ကနေ ပို့ခိုင်းလိုက်မယ်။ မရှင်းတာ၊ နောက်ထပ် သိချင်တာ ရှိရင် နောက်တစ်ခါ ပြင်ပလူနာ ရက်ချိန်းမှာ မေးပါ။ မဟုတ်ရင်လည်း ဆေးရုံဖုံးနံပါတ်ကို ဆက်ပါ။ ကျွန်မတို့ team ရဲ့ အတွင်းရေးမှူးက ကျွန်မဆီကို သတင်းပို့ပေးပါလိမ့်မယ်။ ဆေးရုံချိန် (၉နာရီမှ ၅ နာရီ) ပြင်ပမှာ အရေးကြီးရင်တော့ အရေးပေါ် crisis team သို့မဟုတ် ရှင့်ရဲ့ ဆရာဝန် (GP) ကို ဆက်သွယ်ပါ။ လိုမယ်တော့ မထင်ဘူး။ ရှင့်မှာ အကြီးအကျယ် ပူရမယ့် ရောဂါ လက္ခဏာတွေမှ မရှိတာ။ ဒီလို ပြောလို့ ရှင်ခံစားနေရတာတွေကို အသိအမှတ် မပြုဘူး မထင်ပါနဲ့။ professional opinion အားဖြင့်ကြည့်ရင် ကောင်းတယ်၊ ကောင်းဖို့ လွယ်တယ်လို့ ပြောချင်တာပါ”

“ တော်ပါသေးရဲ့ဗျာ။ ကျွန်တော်တို့မှာ ဆေးသောက်လျက်နဲ့ မကောင်းနိုင်လို့ စိတ်ပူနေတာ။ ခုလို တတ်ကျွမ်းနားလည်သူက ပြောလိုက်တော့ အားတက်သွားတယ်။ ကျေးဇူးတင်လိုက်တာ”

“ ဟုတ်ပါတယ် ဒေါက်တာရယ်။ ကျွန်မမှာလည်း စိတ်မအေးနိုင်ဘူး။ သူ ကောင်းကောင်း နေမကောင်းရင်တော့ ဆေးရုံများ အကြာကြီး တက်နေရမလား။ မိသားစု စားဝတ်နေရေးပါ ထိခိုက်တော့မလားဆိုပြီး စိတ်ညစ်နေတာ။ ကျေးဇူးတင်တာ အရမ်းပဲ”

“ မလိုပါဘူးရှင့်။ ကျွန်မရဲ့အလုပ်ကို ကျွန်မ လုပ်တာပါ။ လူနာအတွက် အကျိုးရှိတယ်ဆို ကျွန်မရဲ့ အချိန်တွေ ပေးရကျိုးနပ်တာပါပဲ။ ဆေးရုံကို မလိုပဲနဲ့ မတင်ပါဘူး။ လူနာတွေကို ကိုယ့်အိမ်မှာပဲ ကိုယ်နေစေပြီး ကုပါတယ်။ ဒီတော့ ဒီဆေးကိုပဲ ဒီ dose အတိုင်း ဆက်သောက်ပါ။ လနဲ့ချီသောက်ရမယ်။ စွဲစေတဲ့ သတ္တိ မရှိဘူး။ ရှင်က တခြားဆေးတွေလည်း သောက်မနေလို့ drug interactions အတွက်လည်း ပူစရာ မလိုဘူး။

နေမကောင်းခင်က ပင်ကိုယ် စိတ်အနေနဲ့ အလုပ်လုပ်နိုင်စွမ်းကို ပြန်ရောက်တဲ့အချိန်ကျရင် ဆေးရပ်ဖို့ကို ဆွေးနွေးမယ်လေ။ အဲဒီအချိန်ကနေ အနည်းဆုံး ခြောက်လတော့ ဆေးဆက်သောက်ရမယ်။ သေသေချာချာ ကောင်းသွားတာ အရှိန်ရ၊ အခြေခိုင်သွားအောင်လို့။ ရောဂါပြန်ဖြစ်နှုန်း (relapse rate) နည်းအောင်လို့ပါ။ ကိုယ့်သဘောနဲ့ကိုယ် မရပ်ပါနဲ့။ Withdrawal symptoms (ရုတ်တရက် ရပ်ခြင်းကြောင့် တုံ့ပြန်လက္ခဏာများ) ရကောင်းရနိုင်တယ်။ ကျွန်မတို့က လူနာတွေကို မလိုပဲ ဆေးမပေး၊ ရေရှည်ဆွဲမကုပါဘူး။

နောက်လေးပတ်မှာ တိုးတက်မှု ရှိ/မရှိ ပြန်ကြည့်မယ်။ Follow-up appointment မို့ တစ်နာရီတော့ မဟုတ်တော့ဘူး။ မိနစ်နှစ်ဆယ်ပဲ ရမယ်။ ဒါဟာ ဆွေးနွေးစရာတွေအတွက် လုံလောက်တဲ့ အချိန်ပါ။ မေးချင်တာလေးတွေ စာရင်း လုပ်လာခဲ့ပေါ့။ Talking therapy အကြောင်း ရှင်းပြတဲ့ စာစောင်လည်း ပို့ပေးလိုက်မယ်။ နောက်တစ်ခါလာတဲ့အခါ ဒီကိစ္စကို ဆက်ဆွေးနွေးပြီး လိုအပ်ရင် လွှဲစာ (referral) ပါ ရေးတာပေါ့”

“ သိပ်ကောင်းတဲ့ အကြံပဲ။ ကျွန်တော်တို့ကို စိတ်ရှည်လက်ရှည် အချိန်ပေး မေးမြန်းဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်”

“ My pleasure! နောက်လေးပတ်မှာ တွေ့မယ်လေ”

ဖြည့်စွက်ချက်။ ။ယူကေရဲ့ အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု National Health Service စနစ်ဟာ အစိုးရက ထောက်ပံ့တဲ့ စနစ် ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေ (Taxpayers' money) ကနေ ပေးတာ ဖြစ်ပါတယ်။ ဒါကို ပြည်သူတွေက ပေးတဲ့ အခွန်အတုတ် (tax) နဲ့ အမျိုးသား အာမခံ (National Insurance) က ရပါတယ်။ ဆေးလက်မှတ်တစ်စောင်ကို ဘယ်လောက်တန်ဖိုးရှိတဲ့ ဆေးဖြစ်ဖြစ် လူနာက 7.20 Pounds Sterling ပဲ ကျခံရပါတယ်။ ဆေးဆိုင်ကျမှ ပေးရတာပါ။ ကျန်တာကို အစိုးရက စိုက်ပါတယ်။ ဆရာဝန်တွေကို NHS က လခပေးထားပြီးသားပါ။ ဆေးကုမ္ပဏီတွေနဲ့ ဆရာဝန်အကြား ဆက်ဆံပတ်သက်မှုကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်မှုတွေ အများကြီး ရှိပါတယ်။ Promotional materials တွေဆို စာရေးကိရိယာတွေပဲ အဓိက ပေးပါတယ်။ Conference sponsorship တွေ ဘာတွေဆိုရင် စာနဲ့ အတိအကျ ရေးပြီး သွားလိုခြင်း ရည်ရွယ်ချက်၊ မျှော်လင့်သော အကျိုး စသဖြင့် အသေးစိတ်တွေ ပါလာပါတယ်။ အလွယ်တကူ မမေးမမြန်း မပေးပါဘူး။ ဆရာဝန်တွေ အရမ်းကာရော အနိုင်ကျင့်၊ အကျင့်ပျက်လို့ မရဘူးပေါ့။ ဆေးလက်မှတ်ရေးရင် ဆရာဝန်အားလုံးလိုလိုက ဆေးရဲ့ မူလဓာတုအမည် generic name ကိုပဲ ရေးပါတယ်။ ကုမ္ပဏီက ပေးတဲ့ သီးသန့် commercial name ကို ရှောင်ပါတယ်။ ဆေးလက်မှတ်ကို လူနာက ကြိုက်တဲ့ ဆေးဆိုင် (Qualified Pharmacist တွေပဲ ဆေးဆိုင် ဖွင့်ခွင့် ရှိပါတယ်) မှာ သွားဝယ်နိုင်ပါတယ်။ Pharmacist က ဆေးကို ကြည့်ပြီး သူ့ဆီ လာသွင်းထားတဲ့ ကုမ္ပဏီရဲ့ဆေးကို ရောင်းလိုက်တာပဲ။ ဒါကို မကြိုက်ရင် လူနာက ဆိုင်ပြောင်း ၀ယ်လို့ ရပါတယ်။ လူနာက ပေးတဲ့ လက်ဆောင်ဆို 25 Pounds Sterling တန်ဖိုးထက် ကျော်ရင် ဌာနကို သတင်းပို့ရပါတယ်။ ယူခွင့်လည်း မရှိပါဘူး။ ( ဒီတန်ဖိုးဟာ လူနှစ်ယောက် တော်ရုံ စားသောက်ဆိုင် အလတ်စားမှာ ထမင်းနဲ့ ဟင်းနှစ်ပွဲ မှာစားရုံလောက်ပဲ ရှိပါတယ်) လူနာတွေ အများစုက နှုတ်အမူအရာအားဖြင့် ကျေးဇူးတင်ကြောင်း အသိပေးတာ များပါတယ်။ သိပ်ကျေးဇူးတင်မှ Thank You Card ဒါမှမဟုတ် ဖွဲ့နွဲ့ရေးထားတဲ့ စာတိုစာရှည် ဒါမှမဟုတ် ချောကလက်ဗူးလောက် ပို့လေ့ရှိပါတယ်။ ဆရာဝန်တွေကလည်း ကဒ်ပြားလေးတွေ၊ စာလေးတွေကိုပဲ တခုတ်တရ သိမ်းပြီး ပီတိပွါး ကျေနပ်ကြပါတယ်။ Portfolio (တစ်နှစ်တာ လုပ်ဆောင်မှု မှတ်တမ်း) မှာ ထည့်တဲ့သူကလည်း ထည့်တယ်ပေါ့။ Annual review နဲ့ ဆရာဝန် အငယ်အလတ်တွေကို ကြီးကြပ်ပြီး Revalidation နဲ့ ဆရာဝန်ကြီးတွေကို ဆန်းစစ်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ အခြေခံ အဆောက်အဦ (Infrastructure) တွေ အခြေကျနေခြင်းနဲ့ လိုအပ်သလို စောင့်ကြည့် ပြုပြင်ခြင်း (monitoring and modification) ရဲ့ အသီးအပွင့်တွေလို့ ဆိုနိုင်ပါတယ်။

မအားလို့ နည်းနည်း ကြာသွားတယ်။ စောင့်ဖတ်တာ ကျေးဇူးတင်ပါတယ်။

နုသွဲ့

10 comments:

  1. ကိုယ့်ကိုယ်ကို စိတ်ရောဂါ တစ်ခုခု ဖြစ်နေတယ်လို့ ခံစားနေရတယ်ဆိုရင် အဲဒါကို စိတ်ရောဂါလို့ ပြောနိုင်မလားဟင်။
    စိတ်ရောဂါ တစ်ချို့ကို အိပ်မွေ့ချပြီး ကုရင် ပျောက်နိုင်တယ်ဆို။
    မြန်မာပြည်မှာ အဲဒီလို အိပ်မွေ့ချ ကုတာ ရှိပြီလား...။

    ReplyDelete
  2. အနည်းနဲ့ အများတော့ အဲလို ကြုံရမယ်ထင်ပါတယ်..ဘယ်လို အခြေအနေမျိုးဆိုရင် စိတ်ရောဂါလို့ သတ်မှတ်လို့ ရသလဲဆိုတာ သေသေချာချာသိရဖို့က စိတ်ရောဂါကုဆရာဝန်နဲ့ သွားတိုင်ပင်ရမှာလား..။ တော်တန်ရုံကတော့ ဒီလိုပဲ နေ နေကြမယ်ထင်တယ်နော်...။ ဒါမှမဟုတ်..ကိုယ်အားငယ်စိတ်ဓာတ်ကျတိုင်း စိတ်ကျရောဂါ..ဒါမှမဟုတ်..စိတ်ရောဂါတခုခုများဖြစ်နေပြီလားလို့ သံသယ၀င်နေတာဆိုရင်ရော...။ အခြေအနေတွေသိသိသာသာဆိုးဝါးပြီးမှပဲ ဆရာဝန်တွေဆီရောက်ကြမယ် ထင်ပါရဲ့လေ..။

    စိတ်ထဲ တွေးမိတာတွေ ၀င်ပြောသွားတာပါ..သိချင်တာလေးတွေပါ..။
    နုသွဲ့ စာတွေဖတ်ရတာ ဗဟုသုတလည်းရပါတယ်...အကျိုးလည်းများပါတယ်..။ ကျေးဇူးပါ..

    ReplyDelete
  3. မနုသွဲ့ရေ..
    ကျေးဇူး...
    ဗဟုသုတ ရပါတယ်..
    ကျနော်ကတော့ stress များရင်..
    အစာအိမ် နာတတ်တယ်..
    အသက်ရှုမ၀ဘူး..

    ReplyDelete
  4. ၀မ်းချုပ်တယ်..
    စိတ်မရှည်ဘူး..
    ပေါက်
    (အပေါ်က ကျနော်ရေးတာပါ..မှားနှိပ်မိသွားတယ်..)

    ReplyDelete
  5. ဖတ်ရတာ ဗဟုသုတရ လိုက်တာ။ တခါတလေ စိတ်ကျတတ်တာ ဖြစ်တတ်တာမို့ပါ။
    ယူကေရဲ့ National Health Service ကို ရှင်းပြတာလဲ ကောင်းတယ်။ သိပ်အခြေခံကောင်းတာပဲနော်။ အဆင်ပြေလိုက်တာ။ မြန်မာဆရာဝန်တွေလဲ အဲဒီမှာ များတယ် ထင်တယ်။ မြန်မာဆိုတော့ နွေးထွေးပြီးသားမို့ လူနာကို နားလည်ပေးရတဲ့ ကိစ္စတွေမှာ အဆင်ပြေတတ်တာပေါ့။
    ဒါနဲ့ ကိုဘက စိတ်ရောဂါ ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ မသိ၊ အိပ်မွေ့ချ တာတောင် စုံစမ်းနေတော့ ရင့်နေပုံပဲ။ မသိလိုက်ဘူး။ :)

    ReplyDelete
  6. ၀င်ရောက်ဆွေးနွေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ မေးခွန်းတွေကို ဖြေရတာ သဘောကျပါတယ်။ ကိုယ်လည်း ဗဟုသုတ တိုးလို့။ စာဖတ်သူများလည်း အကျိုးရှိလောက်မယ် ထင်ပါတယ်။

    ကိုဘွိုင်းဇ်......စိတ်ရောဂါ ဖြစ်နေပြီ ထင်တိုင်း စိတ်ရောဂါ ဖြစ်နေတာ မဟုတ်ပါဘူး။ သေချာချင်ရင်တော့ ဆရာဝန်နဲ့ ပြကြည့်လို့ ရပါတယ်။ စိတ်ရှင်းအောင်ပါ။ လူတိုင်းမှာ စိတ်ပူတတ်တာလေးတွေ ရှိပါတယ်။ ရောဂါ ဖြစ်မှာ ကြောက်တာ၊ မတော်တဆ သွေးထွက်သံယို ဖြစ်မှာ ကြောက်တာ စသဖြင့်။ ဒါဟာ သာမန်ထက် ပိုနေရင် (နေ့စဉ် လူမှုနဲ့ လုပ်ငန်းခွင်ဘ၀ကို ထိခိုက်လာရင်) တော့ တတ်ကျွမ်းသူနဲ့ ပြပြီး သက်သာအောင် လုပ်သင့်တာပေါ့။
    Hypnotherapy ကို စိတ်ပူပင်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ဂယောင်ခြောက်ခြား ဖြစ်ခြင်း၊ အကြောက်လွန်ရောဂါ (phobias) တို့ကို ကုဖို့အစ မိမိကိုယ်ကို ယုံကြည်မှု တိုးတက်အောင်၊ လူကြားထဲ စကားပြောရဲအောင်၊ ကိုယ်အလေးချိန်ကျအောင် စသဖြင့် သုံးကြပါတယ်။ ကျွန်မတော့ မသင်ဖူး၊ မလုပ်ကြည့်ဖူး၊ မညွှန်းဖူးပါဘူး။ ဆေးမသောက်လိုတဲ့ သူများ စမ်းသပ်ကြတာ များပါတယ်။ Side effects မရှိဘူးကိုး။ NHS မှာ မရပါဘူး။ အပြင်မှာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် private treatment ပေါ့။ Organisation တွေ အတော်များများ ရှိတယ်။ http://www.hypnos.info/ ကို ဖတ်ကြည့်ပါလား။ မြန်မာပြည်မှာ ဒါတွေ ရှိနေ၊ မရှိနေ ကျွန်မ မသိပါ။ ပြန်ပြီး လုပ်စားရရင် ကောင်းမလားပဲ ဟဲဟဲ။

    မသိင်္ဂီ ပြောတာ ဟုတ်ပါတယ်။ ကိုယ် စိတ်အားငယ်တိုင်း၊ လောကဓံကြောင့် စိတ်ဓာတ် နည်းနည်း ကျတိုင်း စိတ်ရောဂါ နာမည်တပ်စရာ မလိုပါ။ We are entitled to experience normal human emotions, in reaction to life circumstances. ဒါပေမယ့် ဘေးက သတိထားမိလောက်အောင် အလုပ်ပျက် အကိုင်ပျက် ဖြစ်နေပြီဆိုရင်တော့ ဆေးကုဖို့ လိုကောင်းလိုမယ်။ တတ်ကျွမ်းသူနဲ့ ပြကြည့်တာ စိတ်ချရတာပေါ့။

    ပေါက်.....ဖြစ်တတ်တဲ့ ပုံမှန် တုံ့ပြန်မှုပါ။ အစာအိမ် နာတတ်တာလေးကိုတော့ ဂရုစိုက်ပေါ့။ ပိုဆိုးသွားမှာ စိုးလို့။ စိတ်သောက များတဲ့ အချိန်မှာ physical exercise တစ်မျိုးမျိုး လုပ်နိုင်ရင် ကောင်းတယ်။ လမ်းလျှောက်ထွက်တာတို့၊ ရေကူးတာတို့။ အဲဒီမှာ Tai Chi ခေတ်စားမယ် ထင်တယ်။ သင်ပေးမလားဟင်း)

    လူ့စိတ်ဟာ အမြဲတစေ ပြောင်းနေပြီး ပတ်ဝန်းကျင်ကို လိုက်လို့ အတက်အကျ ရှိတာ ပုံမှန်ပါ ချိုသင်း။ စိတ်ပူစရာ မဟုတ်ပါ။ ဒါပေမယ့် လူတွေမှာ ဒီလို ကြုံတိုင်း မူလအခြေမျဉ်း Baseline state ကို ပြန်ရောက်ဖို့ ကြိုးစားတဲ့ နည်းလမ်းတွေ ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ဒါတွေကို သုံးလို့မှ မအောင်မြင်ရင်တော့ နည်းနည်း သတိထားရတော့မယ်။ လိုအပ်ရင် ဆရာဝန်ပြ၊ ဆေးသောက်ရမယ်ပေါ့။ တခြားရောဂါတွေလိုပါပဲ။ စိတ်ရောဂါ ဖြစ်တာ ရှက်စရာ၊ ကွယ်ဝှက်ထားစရာ မဟုတ်ပါဘူး။ ခေတ်အမြင်နဲ့ ခံယူချက်တွေ ပြောင်းကုန်ပါပြီ။ No one deserves prolonged suffering by missing out such effective treatments!
    မြန်မာ ဆရာဝန်တွေ ဒီမှာ ရှိသင့်သလောက် ရှိပါတယ်။ US မှာလောက်တော့ မများဘူး။

    ReplyDelete
  7. နုသွဲ့ရေ...
    လာဖတ်သွားတယ်...
    အချိန်ပေးပြီး မျှဝေပေးတဲ့ ဗဟုသုတတွေအတွက် ကျေးဇူးပါ...

    ReplyDelete
  8. အချိန်ပေးပြီး လာဖတ် ကွန်မန့် ရေးသွားတာ ကျေးဇူးပါ မသက်ဝေ။

    ReplyDelete
  9. အေးအေးဆေးဆေး လာဖတ်သွားတယ် မနုသွဲ့
    တယောက်တည်း ကိုယ့်ဘာသာ လွှတ်ခနဲ စကားပြောတတ်တဲ့ စိတ်ရောဂါအကြောင်း အချိန်ရရင် ရေးပေးပါနော်

    ReplyDelete
  10. Sorry, Pandora. I don't know how I missed your comment :( Did you mean 'vocal tics' ? I'll revise my limited knowledge on it and write about it one day. Please be very very patient with me :P

    ReplyDelete

တွေးမိတာလေး ရေးသွားပါ။ ကျေးဇူးတင်ပါတယ်။