Wednesday, 9 December 2009

ကြောင့်သားကောင်




ဘလော့ဂ် မရေးဖြစ်တာ တကယ်ပဲ ကြာနေပါပြီ။ လာလာဖတ်သူတွေကို အားနာလို့ ပိတ်ပစ်မလားတောင် စဉ်းစားသေးတယ်။ ကိုယ့်ဟင်းချက်နည်းလေးတွေများ သိချင်လို့ လာရှာရင် ခက်နေမှာ စိုးလို့ မပိတ်ပဲ ထားဖြစ်ပါတယ်။ ဦးနှောက်နဲ့ နှလုံးသား လေးလံမှုကြောင့် လေးနက်သော စာများကို မရေးနိုင်ပါ။ ဒီတခါလည်း ပေါ့ပေါ့ပါးပါးလေးပဲ ရေးပါတယ်။ ဖတ်ချင်မှ ဖတ်ပါနော့။

ကိုယ် အခု ကြားရက်တွေမှာ အလုပ်လုပ်တဲ့ မြို့မှာပဲ နေဖြစ်ပါတယ်။ ဆေးရုံနားက အိမ်တအိမ်မှာ အခန်းတခန်း ငှားပြီး၊ အိမ်ရှင်ရယ်၊ သူ့သမီးရယ်၊ သူ့သမီးရဲ့ ကြောင်မနှစ်ကောင်ရယ်နဲ့ အတူတူ နေတာပါ။ တအိမ်လုံး ဣထ္ထိယချည်းပဲ။ အိမ်ရှင်က အမျိုးသမီးဆေးရုံက ပါရဂူတယောက်ရဲ့ အတွင်းရေးမှူးပါ။ ညနေ အလုပ်ပြန်ချိန်မှ ခဏဆုံကြ စကားပြောဖြစ်ကြတယ်။ အင်မတန် သပ်ရပ်စည်းကမ်းရှိပြီး အိမ်ကို လှပသန့်ပြန့်အောင် ထားတာရယ်၊ ကိုယ်ရေးကိုယ်တာတွေ သိပ်မစပ်စုတာရယ်ကတော့ အင်္ဂလိပ်ထုံးစံလို့ ပြောရမယ်။ ခြုံပြောရင် ကိုယ့်အတွက် အင်မတန် အဆင်ပြေပြီး နေပျော်ပါတယ်။

အိမ်ရှင်က ကိုယ် အခန်းမငှားခင် သွားကြည့်တဲ့ နေ့ကတည်းက ကြောင် ချစ်မချစ် သေသေချာချာ မေးပါတယ်။ ကိုယ်ငယ်ငယ်တုံးက အိမ်မှာ ကြောင်လေးတွေ မပြတ်မွေးခဲ့ကြောင်း ပြောမှ သူက သက်ပြင်းချပြီး ဒါဆို မင်းကို စိတ်ချလက်ချ လက်ခံလိုက်တော့မယ်တဲ့။ အရင် အိမ်ငှားတယောက်တုံးက ကြောင် မကြိုက်လို့ သူ ရှိနေချိန်ဆို ကြောင်တွေကို အကျယ်ချုပ် ချထားရတဲ့အတွက် သူတို့သားအမိမှာ ကိုယ့်အိမ်မှာ ကိုယ်နေပြီး သူများ အလိုလိုက်ရင်း စိတ်မချမ်းမသာ ဖြစ်ရလို့ပါတဲ့။

သူ့ကြောင်နှစ်ကောင်က ဒီကထုံးစံအတိုင်း ဖောင်းဖောင်းအိအိ ထွေးပွေ့ချင်စရာကြီးတွေ။ သူတို့အစားအစာက မြန်မာပြည်က လျက်ဆားလုံးလေးတွေလိုဟာတွေ။ အနံ့ကတော့ ညှီစို့စို့ရယ်။ အစိုစာတွေလည်း ရှိပါတယ်။ ကိုယ်ကတော့ အိမ်ရှင် ပြထားတဲ့ ဘူးထဲကဟာတွေပဲ ကျွေးတယ်။ ကိုယ်က အိမ်ပြန်ရောက်တာ စောရင် ကြောင်တွေက ကိုယ့်နောက် ခုန်ပေါက်လိုက်လာပြီး အစာတောင်းတာကိုး။ ကိုယ့်ဟင်းတွေ ကျွေးကြည့်ဖူးတယ်။ မစားတတ်ဘူး ဆရာ။

တညနေ လက်ဖက်ရည် သောက်ကြရင်း အိမ်ရှင်က သူ့ကြောင်ဋီကာ ဖွင့်ပါတယ်။ ကိုယ်လည်း အကြောင်းတော့ ရှိမယ်ဆိုပြီး နားထောင်နေလိုက်တယ်။ သူက အပြောကောင်းတော့ နားထောင်ရတာ မညည်းဘူး။ သူ့ကြောင်နှစ်ကောင်မှာ အငယ်လေးက ကျောမှာ အမွေးလေးတွေ ပါးနေတယ်တဲ့။ ဒါကို တိရိစ္ဆာန် ဆရာဝန်နဲ့ သေသေချာချာ ပြပြီး သန်ချ၊ သန်းချ အကုန်လုပ်ပြီးလည်း မသက်သာဘူးတဲ့။ သူ့ကြောင်ကို ကိုယ်က ရွံကြောက်နေမှာ စိုးလို့ ရှင်းပြတာ ဆိုတာလည်း ပါသေးတယ်။ ဒါနဲ့ ဆရာဝန်ဆီ ပြန်ပြတော့ ဆရာဝန်က ပြောတယ်၊ သူ့ကြောင်လေးက စိတ်ဖိစီး (stress and anxiety ဖြစ်) နေတာ ဆိုပါရောလား။ အင်းလေ ကြောင်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ် စိတ်နဲ့ သတ္တ၀ါပဲကိုး။ ပြောသာ ပြောရတာ၊ အဲဒီတုံးကတော့ ရယ်မိသွားတယ်။

သူတို့ သားအမိမှာ ကိုယ့်နား ကိုယ်မယုံနိုင်လို့ အင်တာနက် (ဟောဒီမှာ နမူနာlink) မှာ ရှာဖတ်ကြသတဲ့။ (မြန်မာပြည်က လူနာနဲ့ လူနာရှင်များ မှတ်သားကြပါ။ ဆရာဝန်ပြောတာ နားထောင်လာပေမယ့် မစူးမစမ်း လက်မခံဘူး။ စာတွေ လိုက်ရှာဖတ်တယ်။ ဖတ်စရာကလည်း ရှိသကိုးလေ) ဒီရောဂါ တကယ်ရှိမှန်း သိရလို့ သူတို့ကြောင်ကို သနားမဆုံး ဖြစ်ရသေးသတဲ့။ နောက်မှ အဖြေရှာတွေ့တာက အဲဒီတလောက သူတို့ဘေးအိမ်မှာ မွေးတဲ့ ခွေးက သိပ်ဟောင်လို့ သူ့ကြောင်မှာ သောက ဖိစီးတာတဲ့။ အဲဒီကတည်းက အငယ်မလေးမှာ တခါတခါ ကျရင် သူ့ကျောသူ အခါခါ လျက်တဲ့အကျင့် ရလာတာပဲတဲ့။ သူ့အဖွား (အိမ်ရှင်)ကလည်း အသန့်ကြိုက်တော့ သူတို့ပါ အသန့်ကြိုက်တဲ့ ပုံစံဝင်နေတာ။ စိတ်ဖိစီးတဲ့အခါ ပြေရာပြေကြောင်း သန့်ရှင်းရေးတွေ ဖိလုပ်တော့တာပေါ့နော်။ ကိုယ့်ကျောကိုယ်လျက်နဲ့ ကျောရိုးတလျှောက် အမွေးတွေ ပါးလာတာ။ ကိုယ်လည်း တိရိစ္ဆာန် စိတ်ရောဂါ အထူးကုပါ လုပ်ရကောင်းမလား စိတ်ကူးပေါက်သွားသေး။ ကိုယ့်ဝေဒနာရှင် (လူနာလို့ ခေါ်လို့ မရတော့ဘူး) တွေကလည်း ပွေ့ချင်ဖက်ချင်စရာလေးတွေချည်းနေမှာ ဆိုတော့လေ။

အဲလိုဆိုတော့ ဒီကြောင်လေးတွေ သနားစရာဆိုပြီး စိတ်တွေ မဟားတရား ညွတ်သွားပြီလား။ ဆက်ဖတ်ပါဦး။ ဒီကြောင်နှစ်ကောင်ဟာ ညညဆို အိမ်ပြင်က ခြံသုံးပစ္စည်းထားတဲ့ သစ်သားအိမ်ကလေး (အလုံအခြုံပါ) ထဲမှာ အိပ်ရတယ်။ သူတို့အိပ်ရာက အနွေးအထွေး အကျအနရယ်။ ရေခွက်နဲ့ ဘာနဲ့ အပြည့်အစုံ ထားပေးထားတာပါ။ ဒီလိုမှ အပြင်မထုတ်ရင် မချောလေးနှစ်ကောင်က မနက်လေးနာရီလောက်ဆို တံခါးဖွင့်ခိုင်းတော့ အိပ်ရေးပျက်တာကိုး။ ဒီတော့ လူ့စည်း၊ကြောင့်စည်းနဲ့ လူရှိချိန် လူနိုးချိန်မှာပဲ အိမ်ထဲမှာ နေရတယ် ဆိုပါတော့။ မနက်စောစော အိပ်ရာထချိန်မှာ အိမ်ထဲ ပြန်ဝင်ခွင့်ရပြီး၊ အလုပ်သွားချိန်ဆို အပြင်မှာ ပြန်နေရတယ်။ ကြောင်ဆိုတာက သိတဲ့အတိုင်း သာရာမှာပဲ နေချင်တာဆိုတော့ လစ်ရင် လစ်သလို အိမ်ထဲ ၀င်ရဖို့ ချောင်းနေတာ။ အဲဒီမှာ တစိမ်းဖြစ်တဲ့ ကိုယ်ဟာ သူတို့ရဲ့သားကောင် ဖြစ်တော့တာပဲ။

တခါတလေ ကိုယ်က အလုပ်သွားတာ နောက်ကျလို့ မီးဖိုထဲကစားပွဲလေးမှာ နံနက်စောစာ စားနေရင် သူတို့က ပြတင်းပေါက်မှာ လာထိုင်ပြီး မျက်လုံးရွဲကြီးတွေနဲ့ လာကြည့်နေလေရော။ ကိုယ့်မှာ စားရတာတွေ မြိုလို့တောင် မကျချင်ဘူး။ ဒါပေမယ့် သူတို့အမေနဲ့အဖွားက စည်းနဲ့ကမ်းနဲ့ ထားတာကို သွားဖျက်ရင်လည်း ဘယ်ကောင်းပါ့မလဲ။ နောက် အိမ်ထဲမှာ တနေကုန် ထားခဲ့လို့ အညစ်အကြေးတွေ စွန့်ပြန်ရင်လည်း ပြဿနာ မဟုတ်လား။ ဒါနဲ့ ကိုယ်လည်း မသိချင်ယောင်ဆောင်နေရတာပေါ့။ ဒါလည်း မရဘူး။ သူတို့က နပ်နေပြီ။ အပြင်ကနေ ရန်တွေ့တယ်။ ဓာတ်ပုံမှာ ကြည့်ပါလား။ စွာနေတာပဲ။ လက်နဲ့ ပြတင်းပေါက်ဘောင်ကို ခြစ်သေးတယ်။ ကိုယ့်မှာ သူတို့ရဲ့ စေလိုရာစေ အခိုင်းခံ၊ အငေါက်ခံကို ဖြစ်လို့၊ ရယ်စရာလည်း ကောင်းသား။ ခုနောက်ပိုင်းတော့ အတော်လေး အသည်းမာလာပါပြီ။

ကိုယ်က ဒီလိုဆိုတော့ သူတို့က နောက်တနည်း ပညာပေးပါတယ်။ တနေ့ ကိုယ် ရေသွားချိုးတုံး ကိုယ့်အခန်းတံခါးလေး ဟနေခဲ့တာကို မချောလေးတကောင်က အခွင့်ကောင်းယူပြီး ကိုယ့်အိပ်ယာပေါ် တက်အိပ်နေပါလေရော။ ကိုယ်က ကြောင်သာချစ်တာ၊ အိပ်ယာပေါ်မှာ ကြောင်မွေးတွေ ပွနေတာတော့ မကြိုက်ဘူး။ ကိုယ် မောင်းထုတ်တာ တိုးတိုးလေးပေမယ့် သူ့အမေ ကြားတော့ စိုးရိမ်တကြီး ပြေးလာတယ်။ ကိုယ့်မှာ ကပျာကယာ ရှင်းရတာ။ တော်ကြာ သူ့ကြောင်ကို ရိုက်တယ် ထင်နေမစိုးလို့။ သူက ရယ်ရယ်မောမောနဲ့ပဲ သူ့ကြောင်ကို ပြန်ခေါ်သွားလေရဲ့။ ကိုယ်လည်း အဲဒီနေ့ကစပြီး ကိုယ့်အခန်းတံခါးကို သေသေချာချာ အံကျအောင် ပိတ်ရတယ်။ မဟုတ်ရင် မချောလေးများက တွန်းလည်း ဖွင့်တတ်သေးတာ။ ဒါတောင် တခါတလေ အလစ်မှာ အခန်းထဲ ပြေးဝင်ပြီး ကုတင်အောက်မှာ ပုန်းနေတတ်သေး။ သူတို့ကြောင့် ကိုယ့်မှာ မပျင်းရဘူး။

ဒါကြောင့် ဒီက အဖိုးကြီးအဖွားကြီးတွေ၊ တကိုယ်တည်းသမားတွေ၊ ကလေးမရှိသူတွေ ခွေးတို့ကြောင်တို့ မွေးပြီး သွေးသားရင်းချာလို သဘောထား ရင်းနှီးကြတာ နေမှာ။ ကိုယ်ကတော့ ကြောင် မမွေးသေးဘူး မှတ်တယ်။ တော်ကြာ ကိုယ့်ထက် သူက ခံစားတတ်ပြီး ခဏခဏ စိတ်ဖိစီး သောကများနေမှဖြင့် ကိုယ့်မှာ ဘလော့ဂ်ရေးဖို့ နေနေသာသာ အလုပ်တောင် မသွားနိုင်ပဲ သူ့ပဲ ပြုစုနေရဦးမယ်။ မဖြစ်ပါဘူးလေ။

(ကြောင်ချစ်တတ်သူများအတွက်)