စာဖတ်သူ ဘိုဘို အမေးရှိလာလို့ ကိုယ်တိုင် မတွေ့ဖူး၊ မကုဖူး(သေး)တဲ့ ရောဂါအကြောင်း ရှာဖွေဖတ်ရှုပြီး ပို့စ်တင်လိုက်ပါတယ်။ အများအတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
်လူကြီးတွေမှာ ဖြစ်တဲ့ အာရုံမစိုက်နိုင်တဲ့ ရောဂါ (Adult Attention-Deficit Hyperactivity Disorder) ဟာ ကလေးတွေမှာ ဖြစ်တဲ့ ADHD ရောဂါလက္ခဏာတွေနဲ့ တော်တော်တူပါတယ်။ ဒေါက်တာ ဇင်သူ ရေးပြီးသားမို့ Public Health in Myanmar site က သူ့စာကိုပဲ ဒီမှာ ညွှန်းလိုက်ပါတယ်။
အတိုချုပ် နည်းနည်း ပြန်ကောက်ရရင်တော့ အဓိက လက္ခဏာတွေမှာ
(၁)အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention)
(၂)ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity)
(၃)လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်ခြင်း (Impulsivity) တို့ ပါဝင်ပါတယ်။
ကလေးတွေမှာ ဒီရောဂါကို ရောဂါအနေနဲ့ သတိပြု ရှာဖွေ၊ လက်ခံကုသနှုန်း မြင့်မားပေမယ့် လူကြီးတွေမှာတော့ ဒီလို မဖြစ်သေးပါဘူး။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ရောဂါလက္ခဏာတွေ လျော့ပါးလာတယ် ဆိုသော်ငြား၊ သူတို့အားလုံး လူငယ်လူလတ်ပိုင်း ရောက်တာနဲ့ ဒီရောဂါ လုံးဝ အရှင်းပျောက်သွားတယ် ဆိုတဲ့ သာဓက မရှိပါဘူး။ ဆိုလိုတာက ရောဂါလက္ခဏာတချို့ ကျန်နေနိုင်ပြီး လူနာရဲ့ နေ့စဉ် လူမှုဘ၀၊ အလုပ်အကိုင် စတာတွေမှာ အနှောက်အယှက်ပေး၊ ထိခိုက်စေနိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထုတ်ဝေခဲ့တဲ့ ပေါင်းချုပ်သုတေသန (Meta-analysis) စာတမ်းတစ်စောင်အရ ADHD ရောဂါရှင် ကလေးတွေကို အသက် (၂၅)နှစ်မှာ ပြန်စစ်ဆေးကြည့်တဲ့အခါ ၁၅% ခန့်ဟာ ရောဂါလက္ခဏာအားလုံး ရှိနေသေးပြီး ၆၅% ကတော့ ရောဂါလက္ခဏာတချို့ ရှိနေပါသေးသတဲ့။
ADHD ရောဂါရှင် လူကြီးတွေမှာ ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity) ဟာ ကလေးဘ၀က ခန္ဓာကိုယ် လှုပ်ရွနေတာမျိုးထက် မိမိဖာသာ ခံစားရတဲ့ စိတ်ထဲက ဂနာမငြိမ်တာမျိုး၊ စိတ်ကို လျှော့ဖို့ရာ ခက်ခဲတာမျိုး၊ ငြိမ်ငြိမ်လေး နေရရင် စိတ်ညစ်လာတာမျိုး ဖြစ်ပါသတဲ့။
အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention) ဆိုရင်လည်း အသေးစိတ်လေးတွေကို အာရုံစိုက်မရတာမျိုး၊ စာတစ်ကြောင်းတစ်ပုဒ်ကို အခါခါ ပြန်ဖတ်နေရတာမျိုး၊ လုပ်စရာ ကိစ္စ ဆုံစရာ ချိန်းဆိုချက်တွေကို မေ့တတ်တာမျိုး၊ ပစ္စည်းတွေ ခဏခဏ ပျောက်၊ စကားပြောလက်စ အစပျောက်သွားတတ်တာမျိုး တို့ ဖြစ်တတ်ပါတယ်။ အတွေးတွေကလည်း ဟိုရောက်ဒီရောက် အမြဲပဲ ယောက်ယက်ခတ်လို့။ ဘာကိစ္စပဲ ဖြစ်ဖြစ် ပြီးအောင် မလုပ်နိုင်၊ ပြဿနာဆိုလည်း မဖြေရှင်းနိုင်၊ အချိန်နဲ့လည်း မပြီးဆိုတော့ အလုပ်မှာ ဘယ်အဆင်ပြေပါ့မလဲ။ စိတ်ကလည်း ကျသွားလိုက်၊ တက်ကြွနိုးကြားလိုက်နဲ့ တစ်ခါတလေဆို ဒေါသပေါက်ကွဲတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။ ဒီလို ဖြစ်တော့ လူတွေ (မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူ) နဲ့ ဆက်ဆံရေးပါ ထိခိုက်လာတာပေါ့။
လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်တဲ့ (Impulsivity) အကျင့်ကြောင့် လူအများနဲ့တွဲပြီး လုပ်ရတဲ့ အလုပ်တွေမှာ ပြဿနာ ပေါ်နိုင်ပါတယ်။ ကျားမ ဆက်ဆံရေး Relationship ကိုလည်း မစဉ်းမစား စိတ်ထဲပေါ်ရာ ခုတွေ့ခုတွဲ ခုပြတ် လုပ်တတ်ပါတယ်။ ဘယ်အရာကိုမှ အလေးအနက် မစဉ်းစားပဲ ပေါ့ပေါ့ဆဆ ကမျောသောပါး ဆုံးဖြတ်ချက်မျိုး ချတတ်ပါတယ်။
ဒါမျိုး တို့လည်း ဖြစ်တာပဲ၊ ဒါကို ရောဂါလို့ သတ်မှတ်ရမှာလား-လို့ မေးစရာ ရှိပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေကို ကျွန်မတို့၊ စာဖတ်သူတို့လည်း ရံဖန်ရံခါ ကြုံတတ် ဖြစ်တတ်တာပါပဲ။ ရောဂါရှင်တွေမှာတော့ ဒီလက္ခဏာတွေဟာ နေ့စဉ်တွေ့ကြုံနေရတာ ဖြစ်ပြီး၊ သူတို့ကိုယ်တိုင်လည်း စိတ်ညစ်ရ၊ သူတို့ ပတ်ဝန်းကျင်ကလူတွေလည်း စိတ်ညစ်ရနဲ့ သူတို့ရဲ့ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်တွေကိုပါ ထိခိုက်လောက်တဲ့အထိ ဖြစ်တာပါ။ အတိုင်းအတာအားဖြင့် အများကြီး ပိုဆိုးတာပေါ့။
Adult ADHD ဟာ မသိလို့ မကုမိတာ များပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ပြင်ပလူနာဌာနမှာ လာပြတုံး ပေါ်ချင်မှလည်း ပေါ်ပါမယ်။ ဆရာဝန်က ဒီရောဂါနဲ့ ထိတွေ့မှု နည်းရင်လည်း သံသယထားမှု (high index of suspicion) မရှိတော့ လွတ်သွားတတ်ပါတယ်။ ရောဂါရဲ့ သဘောကိုက လက္ခဏာတွေဟာ ကလေးအသက် (၇)နှစ် မတိုင်မီကတည်းက ပေါ်တာမို့ ငယ်ငယ်ကတည်းက တစ်သက်လုံး ဒီလိုပဲ ဆိုပြီး သူ့သဘာဝပဲလေ-လို့ သတ်မှတ်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒီလို မသိလိုက်၊ မကုမိလိုက်တဲ့အခါ သို့မဟုတ် တခြားရောဂါ (ဥပမာ စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ပူပန် ဂနာမငြိမ်တဲ့ ရောဂါ၊ လူရည်လူသွေး မူကွဲ ပုံမမှန်တဲ့ ရောဂါ စသည်) အဖြစ် ကုမိတဲ့အခါ လူနာမှာ ပျောက်ကင်းသက်သာခြင်း မရှိတဲ့အပြင် ပိုလို့တောင် စိတ်ပင်ပန်းရပါသေးတယ်။ ဆေးကုပေမယ့် မပျောက်ဘူး ဆိုပြီး စိတ်ပိုညစ်တာပေါ့။ အဲဒီလိုနဲ့ပဲ တချို့သော ရောဂါသည်တွေဟာ အရက်၊ မူးယစ်ဆေး စသည်တို့ကို သုံးစွဲလာတယ်။ ဆေးမှန်မှန်ကန်ကန်နဲ့ မကုရတော့ သူတို့ရဲ့ အပြုအမူတွေကလည်း ပိုဆိုးလာပြီး လူမှုအသိုင်းအ၀ိုင်းနဲ့ ပဋိပက္ခတွေ ပိုဖြစ်လာတတ်ကြပါတယ်။
လောလောလတ်လတ် ထွက်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆယ်နိုင်ငံ ပါဝင်ခဲ့တဲ့ သုတေသန တွေ့ရှိချက်အရ သုတေသန ပြုခဲ့တဲ့ လူဦးရေပေါင်းရဲ့ ၃.၅% ဟာ Adult ADHD ရောဂါလက္ခဏာတွေ ရှိတယ်လို့ တွေ့ရပါတယ်။ သူတို့တွေဟာ ရောဂါမရှိသူတွေနဲ့စာရင် တစ်နှစ် ပျမ်းမျှခြင်း အလုပ်မှ ပျက်ကွက်ရက် (၂၂)ရက် ပိုတယ်လို့လည်း တွေ့ရပါသတဲ့။ ကုန်ထုတ်စွမ်းအား လျော့ကျစေတဲ့ အဓိကအကြောင်းတစ်ရပ်အဖြစ် အလုပ်ရှင်တွေ၊ အစိုးရတွေ သတိထားသင့်ကြောင်း၊ ဒီရောဂါကို ရှာဖွေဖော်ထုတ် ဆေးကုသသင့်ကြောင်း သုတေသနစာတမ်းရှင်များက တိုက်တွန်းထားပါတယ်။
ဆေးပညာပိုင်းအရ ပြောရရင်တော့ ခုနောက်ပိုင်း အထွေထွေ စိတ်ရောဂါကု ဆရာဝန်များ (General Adult Psychiatrists) ကို Adult ADHD အကြောင်း ပိုသတိပေး ဆွေးနွေးလာကြပါတယ်။ ငယ်ငယ်တုံးက ကလေးစိတ်ရောဂါကု ဆရာဝန်တွေရဲ့ ကြီးကြပ်မှုနဲ့ လှုံ့ဆော်ဆေး (stimulants) တွေ သောက်ခဲ့ရတဲ့ ကလေးတွေ လူငယ်လူလတ်ပိုင်း ရောက်လာတဲ့အခါ ဆေး ဆက်သောက်ရဖို့ အလားအလာ များပါတယ်။ အဲသလို ငယ်ငယ်က ရောဂါ ရှာမရခဲ့တဲ့ ရောဂါရှင်တွေဟာ အသက်ကြီးမှ အထက်ပါ ရောဂါလက္ခဏာတွေနဲ့ စိတ်ရောဂါအထူးကုတွေဆီ ပထမဆုံးအကြိမ် ရောက်လာတတ်ပါတယ်။ ဒီအချိန်မှာ ရောဂါရှာတွေ့ (diagnosis ရ) သွားရင် ဆေးကုနိုင်ပြီပေါ့။
ဆေးတွေက ဦးနှောက်ထဲက မညီမျှတဲ့ ဓာတုပစ္စည်းတွေကို ညှိနှိုင်းပေးပါတယ်။ စွဲတတ်တဲ့ သဘာဝရှိလို့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီးမှ စီစဉ်တာ ကောင်းပါတယ်။ ဆေးအပြင် brief structured psychotherapy (ဥပမာ- Cognitive Behaviour Therapy) ဟာလည်း ထိရောက်တယ်လို့ တချို့ သုတေသနပြုချက်တွေက ဆိုပါတယ်။ အပြုအမူပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ပြောင်းလဲသင့်တာတွေကို အမူအကျင့်နဲ့ဆိုင်တဲ့ စမ်းသပ်ချက်တွေ လုပ်ခိုင်းပြီး ကုသတာပါ။ နောက်ထပ် လေ့လာမှု၊ သုတေသနတွေ လုပ်ဖို့တော့ တော်တော် လိုအပ်ပါသေးတယ်။
မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။
Reference
- Asherson, P., Craddock, B., Taylor, E. (2007) 'Adult attention-deficit hyperactivity disorder: recognition and treatment in General Adult Psychiatry' , British Journal of Psychiatry, 190; 4-5.
- De Graaf, R. et al (2008) 'Prevalence and effects of Adult attention-deficit/ hyperactivity disorder (ADHD) on the performance of workers: results from the WHO World Mental Health Survey Initiative, Occupational and Environmental Medicine;65:835-842.
နုသွဲ့
ReplyDeleteစာလူံးလေးတွေ အတော်သေးတယ်။ အကြီးချဲ့ပြီးဖတ်ရပါတယ်။
ဗဟုသူုတတွေ ယူသွားပါသည်။
ဟယ် ဟုတ်လား။ ချစ်သူက စာလုံးတွေ ပြူးပြဲနေတယ်ဆိုလို့ ပြောင်းလိုက်တာ။ လေးပတ်တောင် ရှိနေပြီ။ အားနာပါတယ်။ ကြည့်လိုက်မယ်နော်။ အသိပေးတာ ကျေးဇူး။
ReplyDeleteအရင်ရက်ပိုင်းက မိုးလေ၀သ ခန့်မှန်းခြင်း ပို့စ်မှာ ဘိုဘို လာမေးသွားတဲ့ မေးခွန်းလေးပါ။
ReplyDeleteအစ်မခင်ဗျား
ADHD ရောဂါကို တရားထိုင်တဲ့နည်းနဲ့ ကုတာ အတော်လေး သက်သာလာပါပြီ။ လုံးဝအရှင်း ပျောက်ချင်လို့၊ သက်သာပြီဆိုပြီး မထင်တဲ့အချိန် ပြန်ပေါ်လာမှာ ကြောက်လို့ လုံးဝ အပြီး ပျောက်ကင်းအောင် ဘယ်လို လုပ်ရမယ်၊ ဘယ်လိုအချက်တွေ လိုက်နာရမယ်၊ ဘာဆေးတွေ သောက်ရမယ်ဆိုတာ ညွှန်ကြားပေးစေလိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် စိတ်ပြန့်လွင့်လွယ်တာ၊ စာတွေ ကြာကြာမကျက်နိုင်တာ သတိထားမိနေတာ ကြာပါပြီ။ ဘာလုပ်ရမှန်း မသိလို့ပါ။ မကြာခင်ကမှ ဒါဟာ ရောဂါတစ်ခုဖြစ်ပြီး ADHD ဆိုတာ သိရပါတယ်။
တရားကြိုးစားထိုင်ကြည့်တာ သိသိသာသာ တိုးတက်လာပါတယ်။ ဆေးပညာနဲ့ရော ဘယ်လို လုပ်သင့်တယ်ဆိုတာ အကြံပေးပါခင်ဗျား။ ဆောင်ရန်ရှောင်ရန်တွေအားလုံး ညွှန်ကြားစေချင်ပါတယ်။
ADHD က အစားအသောက်ပါ ရှောင်ရမယ်ဆိုရင် ဘာအစားတွေ ရှောင်ရမလဲဆိုတာလဲ သိချင်ပါတယ်ခင်ဗျား။ ရောဂါပျောက်အောင် စားရမယ့် ဓာတ်စာတွေရော ရှိပါသလား။
ကျွန်တော် ပြည်တွင်းက ဘွဲ့တစ်ခု ရပြီးပါပြီ။ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အစီအစဉ် ရှိပေမယ့် ဒီရောဂါကြောင့် ပညာရေး ဆက်လုပ်နိုင် မလုပ်နိုင် ကိုယ့်ကိုယ်ကိုယ် မယုံရဲဘူး ဖြစ်နေပါတယ်။ ဒီရောဂါဟာ ကုသလို့ ပျောက်ကင်းနိုင်တယ်ဆိုရင် ပညာရေးဘက် ဆက်လိုက်ချင်ပါတယ်။ ဘယ်လို လုပ်ရမလဲ မောင်နှမလို အကြံပေးစေချင်ပါတယ်ခင်ဗျား။
29 November 2008 23:26
ကျွန်မရဲ့ ပထမအဖြေပါ...
ReplyDeleteADHD ဟာ ကျွန်မရဲ့ နေ့စဉ်တွေ့ထိကုသနေတဲ့ အထူးပြုဘာသာရပ်ခွဲထဲက မဟုတ်လို့ ဘိုဘိုရဲ့ မေးခွန်းကို ဖြေရာမှာ ကိုယ်တွေ့အကြံဥာဏ် မပေးနိုင်ပါ။
အရင်က ဒီလို တစ်ဦးတစ်ယောက်ချင်း ပုဂ္ဂလမေးခွန်းမျိုး မေးသူတွေကို ပြောခဲ့ဖူးတာလေး ထပ်ပြောပါရစေ။ ကျွန်မ ဒီမှာ စာရေးတာဟာ စိတ်ရောဂါဆိုင်ရာ ဗဟုသုတ မျှဝေချင်လို့ ဖြစ်ပါတယ်။ ကိုယ်တိုင် မမြင်ရ၊ စကားမပြောရတဲ့ သူတွေကို အဝေးကနေ အကြံပေးရတာ အင်မတန် ခက်ခဲပြီး လူနာအတွက်လည်း အန္တရာယ် ရှိနိုင်လို့ ကျွန်မ အတတ်နိုင်ဆုံး ရှောင်ပါတယ်။ ဒေသခံ ဆရာဝန် သို့မဟုတ် အထူးကုကသာ ကြည့်ရှုကုသသင့်ပါတယ်။ အထူးသဖြင့် ဆေးဝါးကိစ္စတွေကို ကျွန်မ ရှောင်ကျဉ်ပါတယ်။
“တရားကြိုးစားထိုင်ကြည့်တာ သိသိသာသာ တိုးတက်လာပါတယ်” ဆိုတော့ ကိုယ်တွေ့ အကျိုးရှိလက်စ ဒီနည်းလမ်းကို ဆက်လုပ်နိုင်ရင် မလွဲမသွေ အကောင်းဆုံး ဖြစ်မယ်ဆိုတာ သိသာနေတာပဲ မဟုတ်ဘူးလား။
လူကြီးတွေမှာ ဒီရောဂါ ဖြစ်နိုင်တယ်ဆိုတာကို သေသေချာချာ လက်ခံလာတာလည်း (အနည်းဆုံး ယူကေမှာ) သိပ်မကြာလှသေးပါဘူး။ ဆိုလိုတာက ကုထုံးတွေဟာ နှစ်ရှည်လများ စမ်းသပ် မှတ်သား အတည်ပြုထားတာ မဟုတ်သေးပါဘူး။ အထူးသဖြင့် ဆေးတွေကို သတိထားသင့်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကလည်း ပေါ့သေးသေးတွေ မဟုတ်လို့ ပိုသတိထားသင့်တာပေါ့။
ယေဘုယျ ဖြေရရင်တော့ ဒီရောဂါကို နှစ်ရှည်သုတေသန လုပ်ထားတာ မရှိသေးသရွေ့ဘယ်ရာခိုင်နှုန်းက အရှင်းပျောက်နိုင်တယ်၊ ဘယ်ရာခိုင်နှုန်းက ပေါ်လိုက်ပျောက်လိုက် ဖြစ်နိုင်တယ် ဆိုတာ ဘယ်သူမှ မသိပါဘူး။ အခြားသော စိတ်ရောဂါ ဥပမာ စိတ်ကြွစိတ်ကျရောဂါမျိုးနဲ့လည်း ဆက်စပ်နိုင်ပါတယ်။ လူတစ်ယောက်ချင်းပေါ်တည်တယ်လို့ပဲ ပြောရမှာပေါ့။ အရမ်းအဆိုးချည်းပဲလည်း တွေးပြီး ကြောက်နေစရာ မလိုပါဘူး။
ဓာတ်စာကို ကျွန်မ မသိပါ။ ရှောင်သင့်တာကတော့ ဓာတုဆိုးဆေးတစ်ချို့ပါ.....ပြည်သူ့ကျန်းမာရေးဘလော့ဂ်မှာ ဒေါက်တာ ဇင်သူ ရေးပြီးသားလို့ ထင်ပါတယ်။ ရှာဖတ်စေချင်ပါတယ်။
ပြည်ပမှာ ပညာရေး ဆက်သင့် မဆက်သင့်ဆိုတဲ့ ကိစ္စကတော့ မိမိကိုယ်တိုင် မိသားစု၊ မိသားစု ဆရာဝန်တို့နဲ့ တိုင်ပင်ပါ။ ဒီရောဂါ ဆိုးလာမှာ ကြောက်လို့ ဘာမှ မလုပ်ပဲ နေတော့မှာလား။ ကြိုမှန်းလို့ ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ ကြိုပြီး စီစဉ်လို့ ရကောင်းရမှာပေါ့။ ကိုယ့်အတွက် အရေးကြီးရင် ဘယ်သူတွေ ဘယ်လောက်ထိ ကူနိုင်မလဲ၊ ကိုယ်ကရော ဘယ်လောက်ထိ စွန့်စားချင်ပြီး ဘယ်လောက်ထိ မိမိဆုံးဖြတ်ချက်ကို တာဝန်ယူလိုသလဲ ဆိုတာ ထည့်စဉ်းစားရပါတယ်။ အချိန်ပေးပြီး တစ်ဆင့်ပြီး တစ်ဆင့် တွေးကြည့်ပါ။
နောက်ထပ် ထူးခြားတာတွေ့ရင် ပြည်သူ့ကျန်းမာရေးဘလော့ဂ်က ဒေါက်တာ ဇင်သူရဲ့ ပို့စ်ခေါင်းစဉ်အောက်မှာ လာရေးပါမယ်။
မေးခွန်းကို ဖြေတာ ရှင်းလင်းပါရဲ့လား။
ဘိုဘို said...
ReplyDeleteအစ်မရေ
ကျေးဇူးတင်ပါတယ်ဆိုတာ အရင်ဆုံး ပြောချင်ပါတယ်။
အစ်မဟာ စိတ်ပညာ ဆရာဝန်လို့ သိရလို့ စိတ်နဲ့ ပတ်သက်တဲ့ ကိစ္စမှာ ဒီနယ်ပယ်က ပညာရှင်ကို လာတိုင်ပင်တာပါ။ ဒီရောဂါဟာ ပျောက်အောင် ကုလို့ခက်တဲ့ နာတာရှည် ရောဂါမျိုးလို့ ဖတ်ရပါတယ်။ တကယ်လို့ မပျောက်နိုင်ဘူးဆိုလဲ ကျွန်တော် အမှန်ကို ရင်ဆိုင်ပြီး ဘဝအတွက် ဖြစ်နိုင်တာတွေ ပြင်ဆင်ချင်လို့ပါ။ အစ်မရဲ့ အချိန်တွေကို ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စအတွက် လာဖြုန်းသလို ဖြစ်နေရင် ခွင့်လွှတ်ပါ။
ဒီရောဂါသည်လူငယ် အများစုဟာ ပညာရေး ဆုံးခန်းမတိုင်ဘူးလို့ သိရပါတယ်။ ဟုတ်ရင် ကျွန်တော် မဖြစ်နိုင်တာကို ကြိုးစားပြီး အချိန်တွေ မကုန်ချင်လို့ပါ။ ကျောင်းစာဆိုတာ အာရုံစူးစိုက်ပြီး ကြိုးစားရမယ့်အလုပ်ဆိုတော့ အာရုံမစိုက်နိုင်တဲ့ လူတစ်ယောက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာ ကျွန်တော် စိုးရိမ်မိလို့ပါ။ တရားဓမ္မကြောင့် သက်သာလာတာဟာ ရေတိုလား၊ ဒီရောဂါလက္ခဏာတွေဟာ အချိန်တန်ရင် ပြန်ပြလာမှာလား သိချင်လို့ပါ။
မိဘကတော့ ပညာရေးကို ဆက်လိုက်စေချင်ပါတယ်။ ကျွန်တော်က ဖြစ်နိုင် မဖြစ်နိုင် ချိန်နေရလို့ပါ။
အစ်မ ကျန်းမာရွှင်လန်းပါစေ။
01 December 2008 22:24
Nu Thwe said...
ကျေးဇူးတင်ပါတယ် ဘိုဘိုရေ။ ကျွန်မ ဆိုလိုတာက လူတစ်ဦးတစ်ယောက်ချင်းရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကို လူချင်းမတွေ့ရ၊ မပြောရပဲ ဖြေရတာကိုပါ။ လူနာနဲ့ သေချာ တွေ့ဆုံဆွေးနွေးခွင့် မရပဲ ဆေးညွှန်းရတာကို ကျွန်မ မလုပ်ပါဘူး။ ကောင်းသော ရည်ရွယ်ချက်နဲ့ပါ။
ကျွန်မရဲ့ “အချိန်တွေကို ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် လာဖြုန်းသလို” လို့ မသတ်မှတ်ပါဘူးရှင့်။ ကိုယ့်ကို အားကိုးလို့ မေးလာတာကို ကျေနပ်လောက်အောင် ထိရောက်တဲ့ လူတစ်ဦးချင်းစီအတွက် အဖြေမျိုး မပေးနိုင်တာကိုသာ ကျွန်မက စိတ်မကောင်းတာပါ။
ဘိုဘို မေးတဲ့ Adult ADHD အကြောင်း စာပြန်ဖတ်နေပါတယ်။ ဗဟုသုတတွေ ပြန်ရှင်သန်သွားတဲ့အခါ ပို့စ်လေး တင်ပေးချင်လို့ပါ။ ကျွန်မက စိတ်ရောဂါဆရာဝန် မှန်ပေမယ့် ထပ်ဆင့်ခွဲ အထူးပြု ဘာသာရပ်အရ Adult ADHD ကုနေကျမဟုတ်လို့ ကိုယ်တွေ့ ကုသရေး အတွေ့အကြုံကိုတော့ မပေးနိုင်ဘူးပေါ့။
ခုလောလောဆယ် ဖြေရရင်တော့ Adult ADHD မှ မဟုတ်ဘူး၊ စိတ်ရောဂါ တော်တော်များများဟာ တစ်ခါဖြစ်ဖူးရင် ပြန်ဖြစ်နိုင်တဲ့ risk of relapse ရှိပါတယ်။ Cancer ရောဂါတစ်ချို့မှာ ဆေးကုလို့ နှစ်ကာလအတော်ကြာ ကောင်းနေပြီးမှ ရောဂါ ပြန်ကြွတတ်တာမျိုးပေါ့။
နောက်တစ်နည်း ကြည့်မယ် ဆိုရင်တော့ ဆီးချိုသွေးတိုးတို့လိုပဲ ကြာရှည် ဂရုစိုက် စောင့်ကြည့်ကုသရတာမျိုးပေါ့။ ရောဂါ တော်တော်များများ ဒီလိုပါပဲ။ ဒီရောဂါမှာမှ ထူးပြီး ဒီလို ဖြစ်နေတာ မဟုတ်လို့ ဒီအတွက်တော့ အရမ်းကြီး စိတ်မညစ်ပါနဲ့။
တရားထိုင်လို့ သက်သာရင် ဆက်ထိုင်ပေါ့။ ဒါက ဓာတုဗေဒ ဆေးဝါးတွေလို ဘေးထွက်ဆိုးကျိုး ပေးတာမျိုးလည်း မဟုတ်ဘူးလေ။ စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကို အထောက်အကူ ပြုလို့ ရောဂါမရှိသူတွေတောင် လေ့လာလိုက်စားကြတာပဲ။
ကျွန်မရဲ့ သဘောကတော့ ယေဘူယျ အချက်အလက်တွေကို ဗဟုသုတ ရအောင် ကြည့်တာ ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေဟာ အများအတွက် ခြုံငုံပြောတာမို့ ကိုယ့်အနေအထားမှာ ကွက်တိ သုံးဖို့ သင့်တော်ချင်မှ သင့်တော်မယ်။ တွက်ချက်မှန်းဆထားတဲ့ ဘ၀ စီမံကိန်းဆိုတာက ကိုယ်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင် အခြေအနေ၊ စိတ်နေစိတ်ထား၊ ကြံ့ကြံ့ခံနိုင်မှု၊ အသိုင်းအ၀ိုင်းရဲ့ နားလည်ပံ့ပိုးမှု စသည်တို့ပေါ်မှာ မူတည်ပါလိမ့်မယ်။
ဆေးသောက်ပြီး ရောဂါလက္ခဏာကို ထိန်းထားနိုင်ကြတဲ့ သူတွေ အများကြီး ရှိတာပဲ။ ကိုယ့်ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ဒီအတိုင်းတော့ စိတ်ပျက်အားလျှော့ဖို့ မလိုဘူးလို့ ထင်ပါတယ်။
ဘိုဘို ကျန်းမာပျော်ရွှင် အဆင်ပြေပါစေ။
02 December 2008 10:15
ဘိုဘိုနဲ့ အမေးအဖြေတွေ မနေ့ကပဲ ဖတ်ပြီးတာလေ...
ReplyDeleteဒီနေ့ ဒီပို့စ်လေးဖတ်သွားတယ်
မနုသွဲ.ရေ...
ReplyDeleteစိတ်ဝင်စားတယ် အဲဒီိအကြောင်းကို..။ ခုမှပဲ ရောက်ဖြစ်တယ်.. နောက်မှ စာတွေ ပြန်လာဖတ်ပါဦးမယ်..ကျေးဇူး
တစ်ချို့လေဖြတ်တဲ့ လူတွေမှာလဲ အခုပို့စ်မှာ ဖတ်ရတဲ့ လက္ခဏာတွေ တွေ့တယ်။ အဲဒါရော adhd ပဲလားဟင်။ သူတို့ကော ကုလို့ရလား
ReplyDeleteလေဖြတ်ခံရတဲ့ လူတွေက ငိုလွယ်ရီလွယ် စိတ်လှုပ်ရှားလွယ်တယ်၊ စာကြာကြာ ဖတ်လို့ မရဘူးတဲ့။ ဒါဆို ဦးနှောက်အာရုံကြော တစ်ခုခု ထိခိုက်သွားရင် adhd ဖြစ်တတ်လားဟင်။ ကားမှောက်တာတို့၊ နောက်ပြန်လဲကျတာတို့ ပေါ့။
SDL ရေ.....ရောက်လာသွားတာ ကျေးဇူး။
ReplyDeleteမသိင်္ဂီရေ....ပြန်လာလည်နော်။ မျှော်နေမှာ။
သင်းရေ.....Adult ADHD ဟာ ငယ်ငယ်ကတည်းက (အသက် ခုနစ်နှစ် မတိုင်မီကတည်းက) ရောဂါလက္ခဏာ ရှိခဲ့သူတွေမှာ တွေ့ရတာပါ။
ကလေးဘ၀မှာ ADHD ရောဂါအနေနဲ့ ကုခဲ့ရပြီး မပျောက်၍သော်လည်းကောင်း၊ ကလေးဘ၀က မသိလိုက်၊ မကုလိုက်ရပဲ လူကြီးဘ၀ကျမှ ဒီရောဂါမှန်း ထင်၍သော်လည်းကောင်း သက်ဆိုင်ရာ စိတ်ရောဂါ အထူးကုနဲ့ ပြသပြီး Adult ADHD အဖြစ် သတ်မှတ်တာပါ။
လူကြီးဘ၀ကျမှ လုံးဝ အသစ်ပေါ်လာတဲ့ ရောဂါ မဟုတ်ပါဘူး။ လူကြီးဘ၀မှာ ဖြစ်တဲ့ acquired medical conditions/ injuries တွေနဲ့လည်း ဘာမှ မဆိုင်ပါဘူး။
ကျွန်တော့ ဘလော့ခ် မှာ ကူးပြီးတင်ချင်ပါတယ်။ ရမလား။ စိတ်ကျန်းမာရေးအကြောင်းက ဗမာလိုရေးပြီးသားက ရှားတယ်။
ReplyDeleteတင့်ဆွေ
http://yamuna-clinic-delhi.blogspot.com/
ရပါတယ် ဆရာ။ ကျန်းမာရေး ဗဟုသုတဆိုတော့ ကိုယ့်မြန်မာလူမျိုးတွေအတွက် များများ အသုံးတည့်လေ ရေးရကျိုးနပ်လေပါ။ ထပ်ဆင့်ပွါးပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်ရှင့်။
ReplyDelete