Friday, 5 December 2008

ဘူးသီးတံဆိပ်နဲ့တံမြက်စည်း


ကိုယ် ငယ်ငယ်က မေမေက ရန်ကုန်မြို့ပြင် ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်ပြီး အပိုဝင်ငွေ ရှာပါတယ်။ အစိုးရအလုပ်က ပြီးတာနဲ့ အိမ် ကမန်းကတန်း ပြန်၊ ကော်ဖီနဲ့ မုန့်လေးစားပြီး ဆေးခန်း ပြေးရရှာတာပဲ။ ခုခေတ်လို ပေါ်လီကလင်းနစ်ကြီးတွေလည်း မဟုတ်ပါဘူး။ ဆေးခန်း ပိစိကွေးလေးပါ။ သူ့လူနာ ပရိသတ်ကတော့ မေမေမှ မေမေ။ သိပ်အားကိုး ချစ်ခင်ကြတာ။ တနင်္ဂနွေနေ့ အစားထိုင် ဆရာဝန်တွေနဲ့တွေ့ရင် တချို့က ကြိတ်မှိတ်ပြီး ပြန်သွားကြတယ်။ ခန်းဆီးကြားက ချောင်းကြည့်ပြီး၊ သူတို့ ဆရာမကြီး မဟုတ်လို့ မပြဘူး-တဲ့။

မေမေက လူနာတွေကို သေသေချာချာ ကြည့်တယ်။ ပြောစရာရှိရင် ပြောတယ်။ မလိုပဲ ဆေးမထိုး၊ ဆေးမသွင်းဘူး။ ဆွဲမကုဘူး။ ဆေးဖိုးကို မတရား မယူဘူး။ သီလရှင်၊ ဘုန်းကြီးဆို ဒါနပြု အလကား ကုပေးတယ်။ စေတနာကောင်းတော့ မေမေက ဆေးလိုက်ပါတယ်။ သူကုရင် လူနာတွေ ခဏနဲ့ သက်သာတာပဲ။ အဲ.....စိတ်တိုရင်တော့ နည်းနည်း အော်တတ်တယ်။ ဒါကလည်း ခု ပြန်တွေးကြည့်တော့ သူ့ခမျာ ပင်ပန်းရှာတယ်လေ။ သူတို့ခေတ်က သမ္မာအာဇီဝနည်းနဲ့ပဲ ငွေရှာတတ်ကြတာကိုး။ ထားတော့။

မေမေက အလုပ်လုပ်တာ စည်းစနစ် သိပ်ကျပြီး လာဘ်မြင်တယ်။ သူများက သူ့လို မဟုတ်တော့ သူ မချင့်မရဲ ဖြစ်တယ် နေမှာပေါ့လေ။ အလုပ်များတဲ့ ဆေးခန်းမှာ မေမေ အော်တာ၊ဆူတာ အခံရဆုံးကတော့ သူ့ ဆေးခန်းအကူလေးတွေပဲ။ အများစုက မေမေ့ စံနဲ့ မျှော်လင့်ချက်ကို မလိုက်နိုင်ကြလို့ ခဏခဏ လူပြောင်းရတယ်။ ဒီလိုနဲ့ ကိုတင်အောင်ဆိုတဲ့ သွက်သွက်လက်လက် ဥာဏ်ကောင်းကောင်း ရွှေတောင်သား ဆေးခန်းအကူလေး ရောက်လာတဲ့ အထိပေါ့။

ကိုတင်အောင်က မေမေ့လိုပဲ စနစ်ကျပြီး လာဘ်မြင်တော့ ဆရာတပည့် အဆင်ပြေနေလေရော။ သူက ကိုယ်တို့ တစ်ပတ်တစ်ခါ သွားနေကျ ဈေးကြီးနားမှာလည်း နေတော့ သောကြာနေ့ညဆို မေမေက ဆေးခန်းကအပြန် ကားပေါ်မှာ ဈေးစာရင်း ပေးတတ်တယ်။ ပါးစပ်နဲ့ ပြောတာကို ကိုတင်အောင်က သူ့စာအုပ်ကလေးမှာ ရေးလို့ပေါ့။ နောက်နေ့ မေမေ ဈေးသွားရင် သူက မှာထားတာတချို့ ၀ယ်ထားပေးနှင့်တော့ ကိုယ်တို့ ဈေးရောက်နောက်ကျလည်း ကိစ္စ မရှိဘူးလေ။ ဟုတ်နေတာပဲ။

မေမေ့ဆေးခန်း သိမ်းချိန်ဆို ဖေဖေနဲ့ ကိုယ်က မြို့ထဲ အနော်ရထာလမ်းပေါ် ကားဂိတ်ကို သွားကြိုပါတယ်။ ဆေးခန်းရှိရာ ဆင်ခြေဖုံးရပ်ကွက်က ညဖက်ဆိုရင် အမူးသမားတွေ များပြီး ကိုယ်ပိုင်ကားတွေကို ရန်ရှာလို့ အဲဒီထိ သွားမကြိုဖြစ်တော့တာ။ မေမေ့ကိုကျ အမူးသမားတွေက သူတို့ရပ်ကွက်မှာ နှစ်ပေါင်းများစွာ ဆေးကုပေးနေတဲ့ ဆရာမကြီးဆိုပြီး ရိုသေကြတယ်။ အမူးပါးတွေ။

ကိုယ်က မေမေ့ကို ကြိုပြီး ပြန်လာရင် လမ်းမှာ ကိုတင်အောင်နဲ့ ရုပ်ရှင်ဖွက်တမ်း ကစားတာပဲ။ ခုခေတ်ကလေးတွေတော့ ဒီကစားနည်းကို နားလည်ချင်မှ လည်မယ်။ Charade နဲ့တော့လည်း မတူဘူး။ အမူအရာနဲ့ သဲလွန်စ ပေးတာ မပါလို့။ ရုပ်ရှင်ဇာတ်ကားနာမည်ကို အက္ခရာတွေချည်း အရင် ပြောပြီးမှ ဖြေတဲ့သူက တစ်လုံးချင်း မှန်းရတာ။ အဲဒီတုံးက ကိုယ်က မြန်မာရုပ်ရှင်ကားနာမည်တွေကို ခေတ်ဟောင်းကားမကျန် အရမ်း သိတော့ ကိုယ် နိုင်တာ များတာပေါ့။ ကိုတင်အောင်ခမျာ ဆေးခန်းမှာ တစ်ညနေလုံး ပြာယာခတ်အောင် မေမေ့စိတ်ကြိုက် အလုပ်တွေ ဇယ်ဆက်သလို လုပ်ခဲ့ရလို့ အရမ်းကို ပင်ပန်းပေမယ့် ကိုယ့်ကိုလည်း ကြောက်ရတော့ အိပ်ငိုက်ငိုက်နဲ့ ရုပ်ရှင်ဖွက်ရ၊ ဖြေရပေါ့လေ။ မဟုတ်ရင် ဂျီကျခံရမှာကိုး။ ကိုယ် ငယ်ငယ်က ဆိုးပုံများ။

ဒါနဲ့ သောကြာတစ်ညမှာ မေမေက ဆေးခန်းအပြန်လမ်းမှာ ထုံးစံအတိုင်း ဈေးမှာပါတယ်။ ကိုတင်အောင်ကလည်း ထုံးစံအတိုင်း မှတ်သားလို့ပေါ့။ နောက်တစ်နေ့ ဈေးမှာ တွေ့တော့ ကိုတင်အောင်က ပြူးတူးပြာတာနဲ့။ “ကျန်တာအားလုံး ရတယ် ဆရာမကြီး။ ဘူးသီးတံဆိပ်နဲ့ တံမြက်စည်းတော့ ရှာမတွေ့ဘူး” တဲ့။

မေမေကလည်း ဒီလောက် သွက်တဲ့ သူ့တပည့်ကျော် ဒီတစ်ခါတော့ ရှော်လှချည်လားပေါ့။ “မင်း ဒါလေးတောင် ရအောင် မရှာနိုင်ဘူးလား” လို့ မေးတော့ ကိုတင်အောင်က “တခြားတံဆိပ်နဲ့ တံမြက်စည်းတွေ ကျွန်တော် တွေ့တယ် ဆရာမကြီး။ ဘူးသီးတံဆိပ်နဲ့ပဲ ရှာမရတာ” လို့ ပြာပြာသလဲ ရှင်းပြပါတယ်။ မေမေက ဟက်ဟက်ပက်ပက် ရယ်ပါလေရော။

“ငါပြောတာ ဘူးသီးစိတ် တစ်စိတ်နဲ့ တံမြက်စည်း ဟဲ့” “ဘူးသီးတံဆိပ်နဲ့ တံမြက်စည်း မဟုတ်ဘူး” ဆိုမှ ဆရာတပည့် နှစ်ယောက်သား အားရပါးရ ရယ်ကြရပါသတဲ့။

မြန်မာစကားရဲ့ သံတူကြောင်းကွဲတွေများ တစ်ခါတစ်ခါ ဒီလို နှောက်တတ်တယ်ဆိုတာ ကိုယ်တို့ မိသားစုအသိုင်းအ၀ိုင်းမှာတော့ “ဘူးသီးတံဆိပ်နဲ့ တံမြက်စည်း” အကြောင်း ပြောပြောပြီး ရယ်ဖြစ်ကြတာ ခုချိန်ထိပါပဲ။

18 comments:

  1. ဖတ်သွားသည်။ ပြုံးသွားသည်။

    ReplyDelete
  2. အင်း ဟုတ်သားပဲ။ ဘူးသီး တစ်စိတ် (တံဆိပ်)နဲ့ တံမြက်စည်း ဆိုတော့..:D

    ReplyDelete
  3. အဲလို ရုပ်ရှင်ဖွက်တမ်းမျိုး ကစားဖူးတယ် မနုသွဲ့ရေ....
    ဘူးသီး တစ်စိတ် (တံဆိပ်)နဲ့ တံမြက်စည်း ကတော့ ရယ်၇တယ်..

    ReplyDelete
  4. ကိုတင်အောင်လို ဘ၀မျိုးလေးကို ပြန်ပြောင်းသတိရသွားမိပါတယ်။
    ကျမ ဆယ်တန်းဖြေတဲ့ နှစ်မှာ အစ်ကိုလေး(အစ်ကိုသုံးယောက် ရှိပါတယ်။ ကိုကြီး၊ ကိုလတ်၊ ကိုလေး) က Final Part II ဖြေပါတယ်။ နောက်သူ ဟောက်စ်ဆာဂျင်ပြီးတော့ အိမ်မှာပဲ ဆေးခန်းဖွင့်လို့ ကျောင်းတက်ရင်း ကျမက သူ့ဆေးခန်းမှာ အကူ(ကိုတင်အောင် လိုမျိုး)။

    (ဆေးကျောင်းနဲ့ လွဲခဲ့ရတဲ့ ညီမ အတွက် ငါ့စာမေးပွဲကို နောက်ခြောက်လနေမှဖြေပြီး နင့်ကို တွန်းခဲ့ရရင် အကောင်းသားလို့ ပြောရှာပါတယ်။)

    ReplyDelete
  5. ဟိ ရယ်ရတယ် မမနုသွဲ့ :D

    ReplyDelete
  6. ရုပ်ရှင်ဖွက်တမ်းကစားတာတောင် ပြန်သတိရတယ်။ တွေ.သမျှစာအုပ်တွေထဲက ရုပ်ရှင်ကားနံမယ်တွေကို စာအုပ်တစ်အုပ်မှာတောင် ကူးမှတ်ထားခဲ့သေးတာ..။

    ReplyDelete
  7. လာလည်ပါတယ် မနုသွဲ့ရေ..

    ReplyDelete
  8. ဘူးသီးတံဆိပ်နဲ့ တံမြက်စည်းတဲ့..ဟားဟား။ ဒါမျိုးတွေ ဖြစ်တတ်တယ်နော်။
    ချိုသင်းတို့ ငယ်ငယ်ကလဲ အဲဒီလို အက္ခရာနဲ့ ရုပ်ရှင်ဖွက်တမ်း ကစားကြတယ်။

    ReplyDelete
  9. Visted to read the new posts. :), wish u to get well soon.

    ReplyDelete
  10. ဟိုက် ရှာလပတ်ရေ.....တံမြက်စည်းက စာလုံးပေါင်း မှားနေတယ်။ ယပင့်နဲ့ မဟုတ်ဘူး၊ ရရစ်နဲ့တဲ့။ ပြင်လိုက်ပြီနော်။ ယဉ်ယဉ်ကျေးကျေး အသိပေးသွားကြတာ ကျေးဇူးတင်ပါတယ်။ ပညာရှိတွေများ တော်ချက်။

    မခင်ဦးမေကလည်း အိနြေ္ဒကြီးနဲ့။ ပြုံးပဲ ပြုံးသွားတယ်။ အားရပါးရ ရယ်စေချင်တာ......ဟွန့်။

    ပုံရိပ်ကတော့ အပြတ် ဟားလိုက်ပုံပဲ။ ကောင်းပါလေ့။

    SDL လည်း ငယ်ငယ်တုံးက ကစားတာလေး လွမ်းရင်း ရယ်သွားတယ်ပေါ့။ မနိုင်ရင်ကော မငြင်းဘူးလား ဟီးဟီး။

    မသီတာရဲ့ အကိုလေးက (ကျွန်မလို) ဂျီကျကျကလေး တစ်ယောက်တော့ ရှိမယ် မထင်ဘူး။ အဲဒီတုံးက ပြောပါတယ်။ နို့မို့ဆို မသီတာ တော်တော် စိတ်လေမှာ။ ကံကောင်းသွားတယ်း) အမ ဆရာဝန် မဖြစ်လိုက်လို့ မရလိုက်တဲ့ ၀င်ငွေတွေအတွက် နစ်နာကြေး တောင်းလိုက်လေ။ မြှောက်ပေးတာ အဟဲ။ ဒါမှမဟုတ် အမကများ ပြန်လျော်နေရမလားတော့ မသိဘူး။ (ဒါဆိုရင်တော့ ဇက်ပုနေလိုက်မယ်)

    သာမီး ကြိုက်တယ်ဆို ၀မ်းသာပါတယ်ကွယ်။ မောင်နဲ့အတူ ရယ်နော် ;P

    ဟုတ်ပ ဟုတ်ပ မသိင်္ဂီရေ.....စာရင်း ပြုစုပြီး ခဏခဏလည်း revise လုပ်ရသေးတာ။ သုတေသန ပညာရှင်ကျနေတာပဲ ဟားဟား။

    ဆောင်း မလာတာ ကြာပြီ။ လက်နာနေတာဆို။ နားဦးလေ။ ကောင်းကောင်း မပျောက်မှာ စိုးလို့။

    ချိုသင်း ရယ်နေပုံလေး မြင်ကြည့်တယ်။ ဓာတ်ပုံလှလှတွေ မြင်ဖူးသွားပြီလေ။ ဘလော့ဂါများ ကျေးဇူးပေါ့း)
    ဒီလို ငယ်ငယ်ကတည်းက စကားလုံးတွေ ရှာဖွေ၊ ကစားတတ်လို့ စာရေးရတာ ၀ါသနာ ပါကြ၊ စာရေးကောင်းကြတာ နေမှာ။ ခဲတစ်လုံးနဲ့ ငှက်အများကြီးကို မြှောက်လိုက်...အဲလေ...ပစ်လိုက်ပြီ ဟိ။

    Thanks, Honey. I'm still off work, with cold and that is why there have been new posts everyday :P

    ReplyDelete
  11. ဟီးဟီ
    ရီရတယ် မနုသွဲ့ရေ..
    ရုပ်ရှင်ဖွက်တမ်းလည်း ကစားဖူးတယ်..
    မင်းသား မင်းသမီးနာမည်ဖွတ်တမ်းလည်း
    ကစားဖူးတယ်...

    ReplyDelete
  12. အခုရော ကိုတင်အောင် ဘာတွေလုပ်နေလဲမသိဘူးနော်။

    ReplyDelete
  13. ဘာတံမြက်စည်းမျိုးပါလိမ့်လို့ လာဖတ်တာ အရမ်းရီပြီး ပြန်သွားတယ်။ အိမ်မှာလည်း ဒါမျိုးခဏခဏ ဖြစ်တတ်တယ်။

    ReplyDelete
  14. ပေါက်ရေ.....ရုပ်ရှင်ဖွက်တာက အမှတ်နဲ့ ပြိုင်တာ မဟုတ်လားဟင်။ မေ့တေ့တေ့လေးတောင် ဖြစ်နေပြီ။

    မွန်ရေ.....ကိုတင်အောင်က ခု ရုပ်ရှင်လည်း မဖွက်ရတော့ဘူး။ ဘူးသီးတစ်စိတ် နဲ့ တံမြက်စည်းလည်း မ၀ယ်ရတော့ဘူး။ အိမ်ထောင်ကျပြီး အဆင်ပြေနေတယ်။ သမီးလေးတွေတောင် ကြီးကုန်ပြီ။ သူက တော်တယ်။

    စုက တံမြက်စည်း အထူးအဆန်း မှတ်လို့လား။ ကိုယ်ကလည်း ဒီလို ထင်ယောင်ထင်မှား ဖြစ်အောင် ဆွဲဆောင်ထားတာ.....ဟီးဟီး။

    ReplyDelete
  15. အစ်မခင်ဗျား
    ဆရာဝန်ကြီးတစ်ယောက်က ဒီရောဂါဟာ တရားထိုင်လို့တောင် မရဘူးလို့ ပြောပါတယ်။ ရောဂါရဲ့ သဘာဝက အငြိမ်မနေဘူး။ လှုပ်လှုပ်ရွရွ ဖြစ်နေတယ်။ ပျောက်လဲ မပျောက်နိုင်ဘူးလို့ ပြောပါတယ်။ ကျွန်တော့်ကို မြင်ဖူးလို့တော့ မဟုတ်ပါဘူး။ ကျွန်တော့်လူကြီးတစ်ယောက်ကို ဒီရောဂါရဲ့ သဘာဝတွေ စေတနာနဲ့ ပြန်ရှင်းပြတာပါ။

    ကျွန်တော်က တရားထိုင်တာ သက်သာလာတယ်လို့ မြင်ပါတယ်။ ကိုယ့်ကိုယ့်ကိုယ် ပြန်သတိထားကြည့်တော့လဲ တိုးတက်မှုတွေ တွေ့ရလို့ပါ။ ကျောင်းသားတစ်ယောက် စာတကယ် လိုက်နိုင်လား မလိုက်နိုင်လား ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း သိနေသလိုမျိုးပါ။ ဒါမျိုးက တကယ် တိုးတက်မလာဘဲနဲ့ စိတ်ချမ်းသာအောင် ကိုယ့်ကိုယ်ကိုယ် လိမ်တွေးနေလို့လဲ မရပါဘူး အစ်မ။
    သူငယ်ချင်းတွေ ဆွေမျိုးမဟုတ်တဲ့ တခြားလူကြီးတွေကလဲ ကျွန်တော် အလုပ်ပဲ လုပ်တော့မယ်ဆိုတာကို တစ်သက်တာအတွက် ပညာရေးက ရေရှည် ပိုကောင်းလို့ ကျောင်းဆက်တက်ဖို့ တိုက်တွန်းပါတယ်။ ကျွန်တော် တိုးတက်မလာဘူး၊ အာရုံမစိုက်နိုင်ဘူးဆိုရင် သူတို့က အာရုံစိုက်ရတဲ့ ပညာရေးအလုပ် လုပ်ဖို့ အကြံပေးမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
    ဒီဆရာဝန် ဦးလေးကလဲ ကျွန်တော့်ကို မမြင်ဖူးပေမယ့် တခြားလူနာတွေကို သူ့စစ်ဆေးတွေ့ရှိချက်တွေ၊ အတွေ့အကြုံတွေအရ သူမြင်တာကို အမှန်အတိုင်း ပြောတယ်လို့ ယူဆပါတယ်။ သူလဲ စေတနာနဲ့ ရှင်းပြပေးတာပါ။

    ဒီရောဂါသည်တွေ တရားထိုင်လို့ မရဘူးဆိုတာတော့ ကျွန်တော် တကယ်ထိုင်လို့ ရတယ်ဆိုတာ တရားပြ ဆရာတော်တွေ သက်သေရှိပါတယ်။
    ဒါပေမယ့် ဆရာကြီး စေတနာထား ရှင်းပြသလို ကျွန်တော်ဟာ တစ်သက်လုံး ဒီရောဂါ မပျောက်နိုင်ဘူး၊ မျောက်တစ်ကောင်လို ဖြစ်နေလိမ့်မယ်၊ ခွေးရူးပြန်၊ ဝက်ရူးပြန်သလို မျောက်ရူးပြန်ရောဂါတစ်မျိုးပဲဆိုရင် ကျွန်တော် အနာဂတ်ကို လက်တွေ့ကျကျ ပြင်ရပါတော့မယ်။

    အစ်မဘလော့မှာ သူငယ်ပြန်ရောဂါအကြောင်း ဖတ်ရတော့ ကုမရဘဲ တဖြည်းဖြည်း ဆိုးသထက် ဆိုးလာမယ့် ရောဂါလို့ ဖတ်ရပါတယ်။ ကျွန်တော်လဲ ဒီလို ကုမရမယ့် ရောဂါတစ်ခုများလား၊ အစ်မက ကျွန်တော့်ကို တိုက်ရိုက်ပြန်ဖြေရလို့ လူနာစိတ်မဆင်းရဲအောင် စကားအကုန် မပြောတာလား၊ ဟိုဆရာဝန်ကြီးက တခြားလူကြီးတစ်ယောက်ကို ရှင်းပြရလို့ အကုန် ပြောပြလိုက်တာလား တွေးမိလို့ပါ။
    ကျွန်တော်ဟာ အစ်မရေးတဲ့ သူငယ်ပြန် ရောဂါအကြောင်းနဲ့ ဆက်စပ်တွေးပြီး ကျွန်တော့်အခြေအနေကို စဉ်းစားမိလို့ပါ။
    ထပ်ပြီး အနှောင့်အယှက်ပေးရတာ တောင်းပန်ပါတယ်။ ကျွန်တော်ဟာ မဖြစ်နိုင်တော့ဘူးဆိုရင် အနာဂတ်မှာ ပိုဆိုးသထက် ဆိုးလာမယ်ဆိုရင် အစ်မလူနာ သူငယ်ပြန်ရောဂါသည်တွေလို နောင်ရေးကို လက်တွေ့ကျကျ ပြင်ဆင်ရတော့မှာမို့ပါ။
    အချိန်အားတဲ့အခါမှ နောက်ဆုံးအနေနဲ့ အကြံပေးစေချင်ပါတယ်။ နောက်ဆုံးဆိုတာက ကျွန်တော့် သေရေးရှင်ရေးကိစ္စပေမယ့် နိုင်ငံခြားမှာ အလုပ်များတဲ့ အစ်မကို ခဏခဏ နှောင့်ယှက်သလို မဖြစ်ချင်လို့ပါ။
    အစ်မပေးတဲ့ အကြံတွေအတွက် ကျေးဇူးများစွာ တင်ပါတယ်။

    ReplyDelete
  16. ဘိုဘိုရေ.....
    စာရှည်ပုံ ထောက်ရင် တော်တော် စိတ်ပူနေတယ်လို့ မှန်းမိပါတယ်။
    လူနာ စိတ်မဆင်းရဲအောင် ကျွန်မ စကားကို ချန်ပြောတာ မဟုတ်ပါဘူး။ သိသင့် သိချင်တဲ့ အကြောင်းတွေအားလုံး ကျွန်မ သိသလောက် အသိပေးပါတယ်။ ရှင်းတယ်နော်။
    ADHD လိုမျိုး ဆေးသိပ္ပံပညာက အလုံးစုံ နားမလည်နိုင်သေးတဲ့ ရောဂါမျိုးမှာ သူများ ပြောတာကို နားထောင်သင့်သလို ကိုယ်တွေ့ကြုံရတာတွေကိုလည်း အလေးပေးရပါမယ်။ ဆိုလိုတာက အရမ်းကြီး pessimistic မဖြစ်ပါနဲ့။
    တရားထိုင်လို့ ရတော့ ကောင်းတာပေါ့။ ဆက်ထိုင်ပါ။ သူများ ပြောတာ ဒီလောက်ကြီး စိတ်အနှောက်အယှက် မဖြစ်ပါနဲ့။ Public Health in Myanmar မှာ C.Tun ရေးထားတဲ့ သူ့အတွေ့အကြုံလေး သိပ်ကောင်းပါတယ်။ ကျွန်မလည်း ပြန်ဆွေးနွေးထားပါတယ်။ http://health.ngoinmyanmar.org/2008/12/adult-adhd.html မှာ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။ ဘိုဘိုအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
    Dementia က Neuro-degenerative disoder ပါ။ ADHD က degenerative မဟုတ်ပါဘူး။ မတူတာတွေကို ဆွဲတွေးပြီး စိတ်မညစ်စေချင်ဘူး။ နောင်ရေးကို လက်တွေ့ကျကျ ပြင်ဆင်ရတာကတော့ ရောဂါမရှိတဲ့ လူတွေလည်း လုပ်သင့်တဲ့ ကိစ္စ မဟုတ်ဘူးလား။
    ဒီရောဂါဟာ ကုလို့မပျောက်တာ မှန်တယ်။ ဒါပေမယ့်
    ထိန်းထားလို့ ရပါတယ်။ ဆီးချို သွေးတိုးတို့လိုပေါ့။ ကိုယ့်ကိုကိုယ် ယုံယုံကြည်ကြည်နဲ့ လုပ်သင့်တာတွေ လုပ်ပါ။ ဥရောပနိုင်ငံတစ်ခုမှာ နေတယ်လို့ ထင်တဲ့အတွက် အဲဒီက ADHD အထူးကုဌာန၊ ADHD ဝေဒနာရှင်များအသင်းတို့ကိုလည်း ဆက်သွယ်စေချင်ပါတယ်။ ကိုယ်လိုလူ တစ်ယောက်တည်းမှ မဟုတ်တာ။ အချင်းချင်း ဖေးမ၊ အသုံးဝင်တဲ့ နည်းတွေ ဝေမျှနိုင်ကြတာပေါ့။ ကျွန်မ ပြောတာတောင် နောက်ကျကောင်း ကျနေမယ် ထင်ပါတယ်။
    ဘိုဘိုရော၊ အခြား ADHD ဝေဒနာရှင်တွေရော ရောဂါ သက်သာပြီး လှပတဲ့ အနာဂတ်ကို ဖန်တီးနိုင်ပါစေ။
    မေတ္တာဖြင့်
    နုသွဲ့

    ReplyDelete
  17. မေမေက အလုပ်လုပ်တာ စည်းစနစ် သိပ်ကျပြီး လပ်မြင်တယ်။
    ကိုတင်အောင်က မေမေ့လိုပဲ စနစ်ကျပြီး လပ်မြင်တော့...
    “လပ်” မဟုတ်ဘူး။ “လာဘ်” လို့ရေးရပါတယ်။
    စာတွေကြိုက်ပါတယ်။ အရေးအသားကောင်းပါတယ်။
    များများရေးနိုင်ပါစေ။

    ReplyDelete
  18. ကျေးဇူးတင်ပါတယ်။ ပြင်လိုက်ပါ့မယ်။

    ReplyDelete

တွေးမိတာလေး ရေးသွားပါ။ ကျေးဇူးတင်ပါတယ်။