Thursday, 21 August 2008

စိတ်ဓာတ်ကျရောဂါ-၂ (Depressive Disorder-2)

စိတ်ဓာတ်ကျရောဂါမှာ အနုအရင့် (severity) နဲ့ လက္ခဏာပြပုံ မူကွဲ (atypical presentation) လေးတွေ ရှိသေးတယ်။ သက်ကြီးရွယ်အိုတွေမှာဆိုရင် စိတ်ဓာတ်ကျ ၀မ်းနည်းတဲ့ ပုံစံထက် ဂနာမငြိမ် ဖြစ်တာနဲ့လာတာ ပိုများတတ်ပါတယ်။ သူတို့အသက်ပိုင်းက စိတ်ဓာတ်ကျတာကို သိပ်ပြီး သတိမထား၊ စကားထဲ ထည့်ပြောလေ့ မရှိတတ်လို့ပါ။ တချို့ကျတော့လည်း မစားနိုင်၊ မအိပ်နိုင်တာနဲ့ ပြောင်းပြန် ဖြစ်တတ်ပါတယ်။ ပုံမှန် စားဝင်အိပ်ပျော်တာနဲ့ မတူပါဘူး။ စိတ်ညစ်ညစ်နဲ့ အစားတွေပဲ လှိမ့်စားနေတာ၊ အိပ်ရာထဲမှာပဲ နေပြီး လောကကြီးကို ရင်မဆိုင်ပဲ ရှောင်နေတာမျိုးပါ။

ဆေးကုရမယ်ဆိုတော့ ဒါဟာ လောကဓံပဲ မဟုတ်ဘူးလား။ သူဟာ သူ ပျောက်သွားမှာကို ဘာကိစ္စ ပိုက်ဆံကုန်ခံရမှာလဲ လို့ မေးစရာ ရှိပါတယ်။ မှန်ပါတယ်။ လောကဓံ ဆိုတာရော၊ သူဟာ သူ ပျောက်သွားမှာ ဆိုတာရော အမှန်ပါပဲ။ ချက်ချင်းတော့ မဟုတ်ပါဘူး။ ဆေးမကု၊ ဆေးမကူရင် ပျမ်းမျှခြင်းအားဖြင့် ကိုးလလောက် ခံစားရတတ်ပါတယ်။ အဲဒီ အချိန်အတွင်း ရောဂါကို ပိုဆိုးစေမယ့် နောက်ထပ် လောကဓံ (contributing life circumstances) တွေ မဖြစ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။

ဒီလို အချိန်မျိုးမှာ စိတ်ဓာတ်ကျဝေဒနာရှင်ဟာ သာမန်အချိန်မှာထက် ပိုပြီး စိတ်ထိခိုက်လွယ် (psychologically vulnerable) ဖြစ်နေတတ်တာကို ထည့်စဉ်းစားရပါမယ်။ အဆိုးအပျက်တွေလည်း ပိုမြင်တတ်ပါတယ်။ ခေါင်းပေါ်မှာ တိမ်တိုက်မဲကြီး (dark cloud) အမြဲတမ်း အုံ့ဆိုင်းနေသလိုပဲလို့ လူနာတွေ မကြာခဏ ပြောလေ့ရှိကြပါတယ်။ ကိုယ့်အသက်ကို ကိုယ် တန်ဖိုးမထားတော့ပဲ အဆုံးစီရင်၊ ထွက်ပေါက်ရှာတဲ့အထိ ဆိုးတတ်လို့ အင်မတန် ဂရုစိုက်သင့်ပါတယ်။

လောကဓံနဲ့ ကြုံတဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်တာချင်း မတူပါဘူး။ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇလည်း ပါပါသေးတယ်။ ဒီလို ပြောလို့ မျိုးရိုးလိုက်တယ်လို့လည်း တစ်ထစ်ချ ပြောလို့ မရပါဘူး။ စိတ်ဓာတ်ကျရောဂါ မျိုးရိုးမရှိသူနဲ့ စာရင် စိတ်ဓာတ်ကျရောဂါ မျိုးရိုးရှိသူက လောကဓံအဆိုးစား ကြုံတဲ့အခါ စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ချေ ပိုများတယ် လို့ပဲ ပြောလို့ ရပါတယ်။ နှိုင်းယှဉ်မှုအားဖြင့် (relatively)ပေါ့။

အမှန်တကယ် မဖြစ်သော ကိစ္စများကို အမှန်ကဲ့သို့ ယုံကြည်ခြင်း (delusions) နဲ့ လှုံ့ဆော်မှုမဲ့ အကြား/ အမြင်အာရုံ (auditory/ visual hallucinations) တွေပါ ရလို့ကတော့ အရပ်အမြင်မှာ သွက်သွက်ခါ ရူးနေပြီဆိုပြီး ကြောက်ကြ၊ ကျဉ်ကြတတ်ပါတယ်။ ဒါတွေကို အမှန်တရားနဲ့ ကင်းကွာခြင်း လက္ခဏာများ (psychotic symptoms) လို့ ခေါ်ပါတယ်။ မသိတဲ့လူတွေအတွက် အရမ်း ခြောက်ခြားစရာ အတွေ့အကြုံပါ။

အမှန်တော့ ဒီလက္ခဏာတွေအားလုံးဟာ ဦးနှောက်ထဲမှာ အာရုံကြောဓာတုပစ္စည်းများ (neuro-chemicals) မျှခြေပျက်ခြင်း (imbalance) ကြောင့် ဖြစ်တာပါ။ ဒါကို စိတ်ဓာတ်ကျရောဂါကို တန်ပြန်တဲ့ အနောက်တိုင်း ဆေးဝါးများ (anti-depressants)၊ အမှန်တရားနဲ့ ကင်းကွာခြင်းကို တန်ပြန်တဲ့ ဆေးဝါးများ (anti-psychotics) နဲ့ ပြုပြင်ကုသလို့ ရပါတယ်။ လုံးဝ သက်သာ ပျောက်ကင်းနိုင်ပါတယ်။

အထက်ပါဆေးတွေဟာ စနစ်တကျ သုံးရင် ထိရောက်ပါတယ်။ စွဲခြင်း (dependence) လည်း မဖြစ်တတ်ပါဘူး။ ဒါပေမယ့် ကိုယ့်သဘောနဲ့ကိုယ် ၀ယ်သောက်၊ ရမ်းကုလို့ကတော့ ဒုက္ခရောက်ဖို့ပါပဲ။ ကြုံလို့ သတိပေးပါရစေ။ စိတ်ဓာတ်ကျရောဂါကို တန်ပြန်တဲ့ ဆေး (anti-depressants) တွေထဲမှာ ဒိုင်ရာဇီပင် မိသားစု (Diazepam/ Benzodiazepines family) လုံးဝ လုံးဝ မပါပါဘူး။ သူက အင်မတန် စွဲစေပါတယ်။ တစ်ဒုက္ခကနေ နှစ်ဒုက္ခ ရှာသလို ဖြစ်တတ်ပါတယ်။ ကိုယ့်အနာဂတ် နဲ့ ဘ၀ကို တန်ဖိုးထားတယ်ဆိုရင် တတ်ကျွမ်းနားလည်သူ စိတ်ရောဂါ ပါရဂူများထံ ချဉ်းကပ်သင့်ပါတယ်။

နောက်တစ်ခု သတိပေးချင်တာကတော့ ဘယ်ဆေးမဆို (Paracetamol ပါရာစီတမောက အစ) ဘေးထွက်အာနိသင် (side effects) တွေ ရှိပါတယ်။ မသိကြ၊ မပြောကြလို့ပါ။ ဆေးသောက်တဲ့ လူနာမှာ ဒါကို သိခွင့်၊မေးခွင့် ရှိပါတယ်။ ဆရာဝန်ကလည်း သေသေချာချာ ရှင်းပြရမယ့် ၀တ္တရား ရှိပါတယ်။ ဒီအလေ့အထကို မွေးယူရပါမယ်။ ဘယ်ဆေး၊ ဘယ်ရောဂါအတွက် မဆိုပါ။

ဆရာဝန်တွေဟာ ရှိသမျှ တတ်သိတာဝန်ယူနိုင်တဲ့ နတ်ဘုရားတွေ မဟုတ်သလို၊ လူနာတွေဟာလည်း ဘာမှမသိတဲ့ ဘာတာဝန်မှ မယူနိုင်တဲ့ နလပိန်းတုံးတွေ မဟုတ်ပါဘူး။ ကုသချက် (treatment) ဆိုတာ မျှဝေတာဝန်ယူမှု (shared responsibility) ပါ။ လူနာကို သိသင့်တဲ့ အချက်အားလုံး သူနားလည်မယ့် အရပ်စကားနဲ့ ရှင်းပြပြီး၊ တန်ဖိုးရှိတဲ့ ချင့်ချိန်စဉ်းစားထားတဲ့ ဆုံးဖြတ်ချက် (valid informed decision) ချနိုင်အောင် ကူညီရပါမယ်။ လူတစ်ယောက်ရဲ့ အချုပ်အချာပိုင်မှုကို လေးစားရတဲ့ (respect for autonomy) သမားတို့ ကျင့်ဝတ် (medical ethics) ပါ။

စိတ်ရောဂါတွေကို ကုတဲ့နေရာမှာ ဆေးတစ်ခုတည်း အားကိုးလို့တော့ မရပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပြုပြင်စရာတွေ ရှာဖွေပြုပြင်ရမှာပါ။ မိသားစုရဲ့ နားလည်မှုနဲ့ ပံ့ပိုးမှု လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အမြင်ကျယ်မှုနဲ့ လက်ခံမှုကလည်း အရေးကြီးပါတယ်။ ဒါဟာ ရောဂါကြောင့် ဖြစ်တာပဲရယ်လို့ သဘောပေါက်ပြီး ဖေးမရပါမယ်။ အပြစ်တင်ရင် ဘယ်သူမှ အကျိုး မရှိပါဘူး။ ဘယ်သူက ဒီလို ဖြစ်ချင်ပါ့မလဲ။ ကိုယ်ကိုယ်တိုင်လည်း တစ်ချိန်မဟုတ် တစ်ချိန် ဒီရောဂါ ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

3 comments:

  1. ဆရာမ...
    မိဘတွေတားတဲ့ကြားက လက်ရှိဝင်ငွေကောင်းတဲ့ အလုပ်ကိုပစ်ပြီး ခင်ပွန်းနောက်ကိုလိုက်လာခဲ့တဲ့ အမျိုးသမီး ၁ ယောက်အကြောင်းမေးပါရစေ...
    သူမျှော်လင့်သလိုတွေဖြစ်မလာဘူး ၁။သူမကြိုးစားရှာဖွေပေမယ့်အလုပ်အသစ်မရဘူး
    ၂ ။အရင်အလုပ်ကို ပြန်သွားလို့ မရတော့တဲ့အခြေအနေ ၃။ခင်ပွန်းက လူကောင်း ၁ယောက်ပေမယ့် ၂ယောက်စာ လောက်ငှ ရုံသာငွေရှာနိုင်တယ် (မိဘကိုထောက်ဖို့နဲ့ စုဆောင်းဖို့ မဖြစ်ခဲ့ဘူး) ၄။ခင်ပွန်းကသူ့မကိုချစ်ပေမယ့် သူလုပ်တဲ့ကိစတွေကို မတိုင်ပင်တတ်ဘူး။သူမပြောပေမယ့် သူ့မစကား အရာမထင်ဘူး ။ ၅။ခင်ပွန်းကသူ့မိဘဆွေမျိုးအားလုံးရဲ့ ဒုတိယနေရာမှာသူ့မကို ထားတယ်။ ဆရာမရဲ့ စိတ်ဓာတ်ကျရောဂါ-၁ ထဲက နံပါတ် ၄၊၅၊၈
    ကလွဲလို့ကျန်ဝေဒနာတွေခံစားနေရပါတယ်။သူမ
    စိတ်ကျရောဂါဖြစ်နေပြီလား။သူမကို စိတ်ရောဂါ အထူးကုနဲ့ ပြဖို့လိုသလားသိချင်ပါတယ်။အသက်ကြီးပြီ
    ဖြစ်တဲ့သူမရဲ့မိဘတွေကိုမထောက်ပံ့နိုင်တော့တာ
    သူမအတွက်စိတ်အထိခိုက်စေဆုံးပါပဲ။မိဘတွေအသံက
ိုကြားရင်မျက်ရည်အလိုလိုကျတတ်လွန်းလို့ ဖုန်းမဆက်
    ဖြစ်ခဲ့တာကြာပါပြီ။အသုံးမကျလွန်းလို့စိတ်ထဲမှာ
    သူမကိုသူမအမြဲကျိန်ဆဲနေမိတယ်။

    ReplyDelete
  2. ကိုယ့်ရဲ့ နဂိုမူလ အခြေအနေကောင်း၊ ကိုယ် ပျော်နေတဲ့ comfort zone ထဲက ထွက်လာပြီး ထင်သလိုတွေ မဖြစ်လို့ စိတ်သောက ရောက်ရတာဟာ ဆုံးရှုံးခြင်း loss တစ်မျိုးပါပဲ။

    ဆုံးရှုံးမှု (loss) ကြုံအပြီးမှာ bereavement period ဆိုတာ လူတိုင်း ဖြတ်သန်းရပါတယ်။ ဒီကာလမှာ မဖြစ်နိုင်ဟု ငြင်းဆန်ခြင်း (Denial) ဒေါသထွက်ခြင်း (Anger) သို့လောသို့လော ဖြစ်ခြင်း (Bargaining) စိတ်ဓာတ်ကျခြင်း (Depression) နဲ့ လက်ခံခြင်း(Acceptance) လို့ အဆင့်ငါးဆင့် ရှိပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်သွားတာပါပဲ။ ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းလည်း အဖြစ်များပါတယ်။

    စိတ်ဓာတ်ကျရောဂါ လက္ခဏာတွေနဲ့ တူပေမယ့် ပထမတော့ စိတ်ဓာတ်ကျရောဂါလို့ မသတ်မှတ်ပါဘူး။ ဘ၀မှာ ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်တဲ့အခါ နဂိုနေ ပြန်ရောက်အောင် အနည်ထိုင်ကာလ adjustment period တစ်ခု လိုပါတယ်။ သဘာဝပါ။

    ဒီလို ခံစားနေရတဲ့ အချိန်အတွင်း လူက သာမန်ထက် ပိုပြီး ၀မ်းနည်းလွယ် ထိရှလွယ်တတ်ပါတယ်။ ခင်ပွန်းနဲ့ ကိစ္စတွေကလည်း နဂိုရှိပြီးသား အရင်က ဘာမှ ပြဿနာလို့ မမြင်ခဲ့တာတွေကိုပဲ အမြင်တွေ ပြောင်းသွားတာလား စဉ်းစားကြည့်ပါဦး။ ကိုယ့်ကို အနီးကပ်ဆုံးသူတွေက နားလည်ဖို့တော့ လိုပါတယ်။ အေးအေးဆေးဆေး ပြောပြပေါ့။

    အကြာကြီး လူတွေကို ရှောင်နေတာ (social withdrawal) မျိုး မလုပ်သင့်ပါဘူး။ ယေဘူယျ အကြံပေးလိုတာကတော့ အရေးကြီးတဲ့ ရေရှည် ဆုံးဖြတ်ချက်မျိုးကို ဒီလိုအချိန်မှာ မချပါနဲ့။ ယုံကြည်စိတ်ချရတဲ့၊ ကိုယ့်ကိုလည်း judgement မလုပ်မယ့် မိတ်ဆွေစစ်မျိုးနဲ့ စကားပြောခြင်းက စိတ်သက်သာမှု ပေးနိုင်တတ်ပါတယ်။

    ပုံမှန် အချိန်ဇယားလေး ထားပြီး လုပ်သင့်တာတွေ လုပ်ပါ။ မလုပ်နိုင်တော့တာတွေကို စဉ်းစားပူလောင် မနေပဲ လုပ်နိုင်တာလေးတွေ လုပ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျေနပ်မှု ပြန်တည်ဆောက် ယူပါ။ ကုသိုလ်ဖြစ် လုပ်အားပေး အလုပ်မျိုးရော မလုပ်ကြည့်ချင်ဘူးလား။ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်း စသဖြင့် လုပ်နိုင်ရင်လည်း ကောင်းပါတယ်။ ဘာသာတရားရဲ့ အရိပ်ကိုလည်း ခိုလှုံနိုင်ပါတယ်။

    အကြမ်းအားဖြင့် ခြောက်လလောက် ကြာတယ် ဆိုပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် နဂို စိတ်ထားပုံ၊ ပတ်ဝန်းကျင် အထောက်အကူပေါ် မူတည်ပြီး နည်းနည်းတော့ ကွာနိုင်တာပေါ့။ ဒီကာလအတွင်းမှာ တဖြည်းဖြည်း သက်သာသွားတတ်ပါတယ်။ ခြောက်လနေမှ ပျောက်ရမယ် မဟုတ်ပါဘူး။

    မခံမရပ်နိုင်အောင် ဝေဒနာ ဆိုးနေရင်တော့ ဆရာဝန်ပြ ဆေးကုပေါ့။ ဒိုင်ရာဇီပင်တော့ လုံးဝ အားမပေးပါ။ ဘယ်ဆေးမဆို ဘေးထွက်ဆိုးကျိုး ရှိတာကို သတိပြုစေချင်ပါတယ်။

    မေးခွန်းကို ဖြေတာ ပြည့်စုံပါရဲ့လား။

    ReplyDelete
  3. ဆရာမ..
    အရေးတယူပြန်ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
    ဆရာမရေးတဲ့ တတိယပိုဒ် adjustment period တစ်ခု လိုပါတယ် ဆိုတာကြောင့် စိတ်ဖြေရာရသွားပါတယ်။
    (ငါမရူးသေးဘူးပေါ့)။ ဆရာမအကြံပေးတာတွေ အရင်လုပ်ကြည့်ပါမယ်။ ပြီးတော့ ဒိုင်ရာဇီပင်တော့ လုံးဝ အားမပေးပါ ရေးထားလို့..ငါသောက်နေတာ ဘယ်လို သိသွားလဲ လို့အတွေးဖြစ်သွားတယ်။ DZ က ၁ ပတ်မှာ၎ ရက်လောက်သောက်ဖြစ်နေတယ်။ မစွဲသေးဘူးလို့တော့ ထင်ပါတယ်။ မသောက်ဖြစ်အောင် ကြိုးစားပါ့မယ်။ ကိုယ့်ကိုယ်ကိုယ် သူများသနားတာ ခံချင်နေတာလား ဆိုတဲ့ အတွေးတွေလည်းရောက်တယ်
    ပြည့်စုံအောင်ဖြေပေးတာ ကျေးဇူးပါဆရာမ။ဆရာဝန်
    မပြသေးပဲ ထားပါဦးမယ်။မေးစရာ ထပ်ရှိလာရင်လည်း
    ဒီကတဆင့် မေးပါရစေလို့ တောင်းပန်ပါတယ်။

    ReplyDelete

တွေးမိတာလေး ရေးသွားပါ။ ကျေးဇူးတင်ပါတယ်။