Monday 25 August 2008

ဒိုင်ရာဇီပင် စွဲခြင်းရောဂါ (Dependence Syndrome: Diazepam)

စိတ်ငြိမ်ဆေး ဖြစ်တဲ့ ဒိုင်ရာဇီပင် သို့မဟုတ် ဗေလီယမ် (Diazepam a.k.a. Valium) အပါအ၀င် ဘင်ဇိုဒိုင်ရာဇီပင်း မိသားစု (Benzodiazepine family) ဟာ ဆေးစွဲခြင်းနဲ့ နာမည်ကျော်ပါတယ်။ “သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး” ဆိုတဲ့ အတိုင်းပါပဲ။ မြန်မာပြည်မှာလို ဆေးတွေကို ကြိုက်သလို ၀ယ်လို့ရတဲ့ နေရာမျိုးမှာ ပိုပြီး သတိနဲ့ အသိရှိသင့်တယ် ထင်လို့ ဒီစာကို ရေးတာပါ။

၁၉၆၀ နှစ်များက စတင်ပေါ်ပေါက်လာတဲ့ ဒိုင်ရာဇီပင် သို့မဟုတ် ဗေလီယမ်ဟာ ၁၉၇၉ ခုနှစ်လောက်မှာ အင်္ဂလန်မှာ သုံးစွဲမှု အထွတ်အထိပ်ကို ရောက်ပါတယ်။ ဒီဆေးအတွက် ရေးတဲ့ ဆေးစာပေါင်း ၃၁ သန်း ရှိခဲ့ပါသတဲ့။ အများစုက အသက်ကြီးတဲ့သူတွေပါ။ ရင်တုန်လို့၊ အိပ်မပျော်လို့၊ ရောဂါပေါင်းစုံနဲ့ နာကျင်ကိုက်ခဲနေလို့ စသဖြင့် အကြောင်းတွေနဲ့ စတာပေါ့။ သုံးကောင်းကောင်းနဲ့ သုံးလာလိုက်တာ နှစ်နှစ် အကြာ ၁၉၈၁ ကျမှ ဒီဆေးဟာ အရမ်း စွဲစေမှန်း သိလာကြပါတယ်။

သူက လုံးလုံးလျားလျား မကောင်းတဲ့ ဆေးတော့လည်း မဟုတ်ပါဘူး။ တက်တဲ့အခါ (seizures) နဲ့ မေ့ဆေးမပေးမီ (pre-medication) အတွက် အသုံးဝင်ပါတယ်။ စိတ်ငြိမ်ဆေးအဖြစ်လည်း ခဏ၊ စည်းကမ်းရှိရှိ သုံးမယ်ဆို သုံးလို့ ရပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက် မသုံးသင့်ပါဘူး။ အိပ်ဆေးအနေနဲ့ သုံးမယ်ဆိုရင်တော့ သိပ်သတိထားရပါလိမ့်မယ်။ လနဲ့ ချီသွားရင် စွဲသွားပြီမို့ ဖြတ်ရခက်တတ်ပါတယ်။ ဘာအတွက်ပဲသုံးသုံး လေးပတ်ထက် မပိုသင့်ပါဘူး။ ဖြစ်နိုင်ရင် ရက်ခြားပဲ သုံးသင့်ပါတယ်။

ဆေးစွဲခြင်းရောဂါ (Dependence syndrome) ရဲ့ လက္ခဏာတွေကတော့ (ယေဘူယျအားဖြင့် စွဲခြင်းအားလုံး တူပါတယ်)
  • ဆေးကို မသောက်ပဲ မနေနိုင်ခြင်း၊ ဆေးကို မရမက ရှာဖွေ သုံးစွဲခြင်း (Craving or compulsion)
  • လိုအပ်သော အာနိသင် ရရန် ဆေး ပမာဏ တိုးသောက်ရခြင်း၊ တစ်နည်းအားဖြင့် ဆေး မတိုးတော့ခြင်း (Tolerance)
  • ဆေး မသောက်ရလျှင် ကတုန်ကရင်နှင့် ဆေးသောက်မှ စိတ်ငြိမ် အိပ်ပျော်ခြင်း (Physiological withdrawal)
  • ဆေးသည်သာ ဘ၀ကို စိုးမိုးထားပြီး အခြားကိစ္စများကို ပို၍ပို၍ စိတ်မ၀င်စားတော့ခြင်း
  • ဆေးသုံးစွဲခြင်းသည် မကောင်းမှန်းသိလျက် မရပ်နိုင်ပဲ ဆက်လက် သုံးမြဲသုံးနေခြင်း
စွဲသွားပြီးမှ ဖြတ်ရတာ အင်မတန် ခက်ခဲပါတယ်။ မဖြတ်ပဲထားတော့လည်း ဆေးအာနိသင်က လျော့လျော့လာတော့ တိုးတိုးသောက်ရင်းနဲ့ နောက်ဆုံး ဆေးလုံးဝ မတိုးတဲ့ အဆင့် ရောက်တော့ ပြန်ကန်တဲ့ ဒါဏ် (rebound) ခံရတာပါပဲ။ ဆေးရဲ့ အာနိသင်တစ်ခုက အိပ်မက်မက်စေတဲ့ အိပ်စက်ခြင်းရဲ့ အစိတ်အပိုင်းကို ဖိနှိပ်ထားတာမို့ ဆေးအာနိသင် မပြနိုင်တော့တဲ့အခါ အိပ်မက်များ တစ်ခါတရံ အိပ်မက်ဆိုးများ မက်တတ်ပါတယ်။ ဆေးဖြတ်တဲ့အချိန်မှာလည်း ဒီပြဿနာ ရှိပါတယ်။ နေ့ညအချိန်တွေမှား (Disorientation) ကယောင်ကတန်းတွေမြင် (Visual Hallucination) နဲ့ တော်တော် ခံစားရတတ်ပါတယ်။ စောစော ဖြတ်ရင် ပြဿနာကြော တိုတာပေါ့။

ဆေးဖြတ်တဲ့အချိန်မှာ ဆေးရုံ တက်ကောင်း တက်ရပါမယ်။ ဆေးကိုလည်း မျှင်းဖြတ်ရပါတယ်။ ဒီလိုမှ မဟုတ်ရင် လူနာက မခံနိုင်တာနဲ့ ပြန်ခိုးသုံးတာတို့၊ ဆေးရုံက ဆင်းပြေးတာတို့ ဖြစ်တတ်လို့ပါ။ လူနာရဲ့ ခန္ဓာကိုယ်နဲ့ ခံစားရမှု ဝေဒနာပါ။ သူ မလိုက်နိုင်တာကို စာအုပ်ကြီးအတိုင်း ဇွတ်လုပ်လို့လည်း မရပါဘူး။ ဇွတ်လုပ်ရင် အောင်မြင်ဖို့ နည်းပါတယ်။ ဒီကာလ တစ်တောက်လျှောက်လုံး မိသားစုရဲ့ နားလည်မှုနဲ့ ဖေးမမှု အရေးကြီးပါတယ်။

ဒီလို ပြဿနာ ပေးနိုင်တဲ့ ဆေးကို ဖြစ်နိုင်ရင် မသုံးတာ အကောင်းဆုံးပါ။ ကိုယ့်သဘောနဲ့ ကိုယ်တော့ သာလို့တောင် မစသင့်သေးတယ်။ ပုံမှန် ခဏသုံးစဉ်မှာလည်း မတည့်တဲ့လူတွေမှာ Paradoxical effect လို့ ခေါ်တဲ့ ပြောင်းပြန်အာနိသင် ရတတ်ပါတယ်။ စိတ်ငြိမ်ရမယ့်အစား ပိုပြီး ဂနာမငြိမ် ဖြစ်တာပေါ့။ ခေါင်းမူးထိုင်းမှိုင်းတာလည်း ဖြစ်တတ်လို့ ကားတို့၊ စက်ပစ္စည်းတို့ မမောင်း၊ မသုံးသင့်ပါဘူး။

မရှင်းတာ၊ သိချင်တာ ရှိရင် မှတ်ချက် ထားခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

Reference:
Anderson, I. M., Reid, I. C. (ed.) (2006) Fundamentals of Clinical Psychopharmacology, Oxon: Informa Healthcare
World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO

11 comments:

  1. နုသွဲ့ ခင်ဗျား ... ကျန်းမာရေး ပညာပေး စာစုများ သာ စုစည်း ထားတဲ့ ပြည်သူ့ ကျန်းမာရေး ဘလော့ မှာလည်း လာရောက် ပါဝင် ရေးသား ပေးဖို့ ဖိတ်ခေါ် ပါတယ် ... ဒီမှာ ရေးတဲ့ အတိုင်း မိတ္တူ ပို့ ပေး ရင် လည်း ရပါတယ် ခင်ဗျာ ... ဖိတ်ထား ချင်ပါတယ် ... မေးလ် လေး မစ ပေးပါ ခင်ဗျား ... :)

    ReplyDelete
  2. ဖိတ်လိုက်ပါပြီ ... ပရိုဖိုင် က တွေ့ လို့ :P အဆင်ပြေသလို ဆက်လက် ဆောင် ရွက် ပေးပါ ခင်ဗျာ :)

    ReplyDelete
  3. ဖိတ်ထားတာ လက်ခံပြီးရင် Blogger Dash Board ကနေ တစ်ဆင့် PHinMM မှာ NewPost လုပ် ပြီး ပို့ လိုက်ရုံပါပဲ ... :P

    ReplyDelete
  4. ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်။ ပါဝင်ဆင်နွှဲထားပါတယ် :)

    ReplyDelete
  5. လာလည်ပြီး comment ပေးသွားတာကို အထူး ကျေးဇူး တင်ပါတယ်။ နောင်လဲ အချိန်ရရင် လာလည်ပါ ခင်ဗျာ။

    ReplyDelete
  6. တို.က မစွဲ.နေ.တိုင်း မသောက်ပေမဲ. စိတ်ဆင်းရဲရင် သောက်ဘို. ကြိုသိမ်းထားတာ ဘယ် အထည်.းထဲ.မလဲ.

    ReplyDelete
  7. ဟီရိသြတပ္ပ - စာလုံးပေါင်းမှားရင် ပြင်ပေးပါ။ ဟုတ်ကဲ့၊ မကြာခဏ လာဖတ်နိုင်အောင် ကြိုးစားပါ့မယ်။ ကျေးဇူး။

    မခင်ဦးမေ - ဒီလောက် ပျော်အောင်နေတတ်၊ တွေးတတ်၊ ရင်ဖွင့်စရာ အပေါင်းအသင်းပေါတာ ဒီဆေး လိုစရာအကြောင်း မမြင်ပါဘူး။ ဟာသ (Humour) ဟာ စစ်မှန်တဲ့ လောကဓံကို ခုခံနည်း (healthy psychological defence mechanism) တစ်မျိုးပါတဲ့။ ကိုယ်ပိုင် အရည်အချင်းတွေ ကောင်းနေတာပဲ။ သိမ်းထားတာတွေ လွှင့်ပစ်လိုက်ပါ။ သူများ ကောက်သုံးမှာစိုးလို့ အမှိုက်ပုံးမှာ ဒီတိုင်း မပစ်ပါနဲ့။ ဆေးဆိုင် (pharmacy/ chemist's) မှာ သေချာ သွားအပ်လိုက်နော်။ အရေးကြီးလို့ တိုင်ပင်ချင်ရင် လှမ်းအော်လိုက်။ မခင်ဦးမေအတွက်ဆို Free consultation ပေးမယ်။ ဒဂယ်ပြောဒါ :)

    ReplyDelete
  8. ဒေါက်တာရေ
    ကျွန်တော့်ဝေဒနာအရ အယားပြေအောင် Cetirizine hydrochloride (10mg) သောက်ဖြစ်ပါတယ်။ သူငယ်ချင်း ဆရာဝန်တစ်ယောက်က သောက်ခိုင်းတာပါ။ တစ်လုံးနဲ့တင် အယားပြေသွားလို့ ဆက်မသောက်တော့ပါဘူး။ ကျွန်တော် ဆေးတွေအကြောင်း မသိပါဘူး။ ဒီနိုင်ငံမှာတော့ အဲဒီဆေးက ကန့်သတ်ဆေးဝါးထဲပဲ ပါလို့လားမသိဘူး။ ၁၀လုံးပါတဲ့ တစ်ကဒ်ကို S$ 9.95 ပေးရပါတယ်။ အခုလို အကျိုးပြုစာပေများ ဆက်လက် ရေးသားနိုင်ပါစေခင်ဗျာ။

    မေတ္တာဖြင့်

    ReplyDelete
  9. ကျေးဇူ.း။ ခင်လိုက်ပြီနော်.

    ReplyDelete
  10. ကိုတောင်ငူရေ...Cetirizine က Histamine လို့ ခေါ်တဲ့ ယားစေတတ်တဲ့ ကိုယ်တွင်းဓာတုပစ္စည်းတစ်မျိုးကို တန်ပြန်တဲ့ ဆေးပါ။ သူက တစ်နေ့မှ တစ်လုံးပဲ သောက်ရပါတယ်။ ကြာရှည်သောက်ရန် မလိုတတ်ပါ။ စွဲစေတတ်တဲ့ ဆေးထဲလည်း မပါပါဘူး။ ဒီကဆေးဆိုင်တွေမှာ ဆေးဘက်ပညာရှင် (Pharmacist/ Chemist) ကို မေးပြီး over the counter (OTC) ၀ယ်လို့ ရပါတယ်။ ဆေးစာ မလိုပါ။ စလုံးမှာတော့ မသိပါ။ ကျမရေးလိုက်တာ မတရား ခြောက်သလိုတော့ ဖြစ်မသွားဘူးလို့ မျှော်လင့်ပါတယ်။ သတိလေးရှိတော့ မေးမြန်းဆန်းစစ်ပြီးမှ ၀ယ်ဖြစ်၊ စနစ်တကျ သုံးဖြစ်တာပေါ့နော။ ကျန်းမာရေး ဗဟုသုတရော၊ တခြားစာတွေရော ဆက်ရေးဖြစ်မှာပါ။ မြန်မာလိုရိုက်တာ မကျွမ်းကျင်လို့ တော်တော်တော့ ပင်ပန်း၊ ကြာရှည်ပါတယ်။ ဆန္ဒရှိလွန်းလို့သာ။ နောင်တော့ တိုးတက်လာကောင်းပါရဲ့။ စိတ်ရှည်ကြပါနော်။ အားပေးတာ ကျေးဇူးတင်ပါတယ်။

    မခင်ဦးမေရေ...ခင်ကြောင်းပြလိုက်တဲ့ ပို့စ် http://khinoomay77.blogspot.com/2008/08/koyinnyein.html ကို ဖတ်ပြီး ရီနေလို့ ဒီမှာ အကြောင်းပြန်တာတောင် နောက်ကျသွားတယ်။ ခွင့်လွှတ် :)

    ReplyDelete
  11. ဆရာမခင်ဗျာ
    ဒီ post ကို မြန်မာကျောင်းသားစုဖိုရမ်မှာ ပြန်လည်ဖော်ပြခွင့်ပြုပါ။ မူးယစ်ဆေးဝါးဖြတ်လိုသူတစ်ဦးက ပေးထားသောမေးခွန်းအတွက် အဖြေကိုလိုက်ရှာရင်းဒီ post လေးကိုတွေ့ လို့ ပါ။ အခြားမူးယစ်ဆေးဝါးဖြတ်လိုသူများအတွက် ထပ်မံရေးပေးစေချင်ပါသည်။ မြန်မာကျောင်းသားစုဖိုရမ်ကိုလဲလာလည်ဖို့ ဖိတ်ခေါ်ပါရစေ။
    လေးစားစွာဖြင့်
    မြန်မာကျောင်းသားစုဖိုရမ်
    http://www.mmso.org/forum/index.php/topic,1426.0.html

    ReplyDelete

တွေးမိတာလေး ရေးသွားပါ။ ကျေးဇူးတင်ပါတယ်။